****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Friday, April 29, 2011

ဂြိုဟ်ဆိုးတဲ့လား

  



     

         ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့မှ အရှေ့မြောက်ဘက်သို့ကြည့်လိုက်လျှင် မှိုင်းပျပျမြင်ရသောသြရမ
တောင်တန်းကြီး။
         ထိုတောင်တန်းကြီးပေါ်တွင် မင်းကိုင်းထေရဝါဒ ဗုဒ္ဓသာသနာ ပြုဌာနရှိသည်။
             ဤတောင်တန်းကြီးနှင့် ဤဌာနသို့ စာရေးသူ ၂-နှစ် သာသနာပြုတာဝန်ဖြင့် (၂၆.၁၂.၂ဝဝ၇) ရက်နေ့တွင် ရောက်ရှိခဲ့သည်။
စာရေးသူသည် ရွာကျောင်း စာသင်တိုက်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တို့တွင် ဝါဆိုခဲ့ရဖူးပါသည်။ 
ယခု ၁၃၇ဝ-ခု နှစ်မှာတော့ မြို့၊ခမီးတိုင်းရင်းသားတို့ နေထိုင်ရာ သြရမတောင်တန်းကြီး၏ တစ်နေရာ “မင်းကိုင်း သာသနာပြု ဌာန''တွင် ဝါဆိုရပေတော့မည်။
            ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကလည်း ယခုနှစ်မှ ဖွင့်လှစ်လိုက်ပါသည်။ ကျောင်းအတွက်လိုအပ် သည်များကို မြို့နယ်သာသနာရေးဦးစီး(ငြိမ်း) ဦးအောင်ကိုကိုက လှူဒါန်းမည်ဟု လျှောက်ထားခဲ့ပါသည်။ 
ထို့ကြောင့် စာရေးသူသည် 
ဦးအောင်ကိုကိုတို့ နေထိုင်ရာ ဘူးသီးတောင်မြို့သို့ သွားခဲ့ပါသည်။   ဦးအောင်ကိုကိုတို့အိမ် ရောက်တော့ မိသားစု ဗွီဒီယိုကြည့်နေသည်နှင့် ဆုံပါသည်။
အာဖရိကယဉ်ကျေးမှုကို နောက်ခံထား၍ ရိုက်ကူးထားသော ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်များ၏ ဟာသမြောက်သော အပြုအမူများကြောင့် ရယ်နေကြ သည်။ 
စာရေးသူကမူ ရယ်စရာအဖြစ် မမြင်မိ၊ ယုံကြည်ကိုးကွယ် စွဲလမ်းမှုကို သရုပ်ဖော်ပြနေသော ပြကွက်များ
အဖြစ် မြင်မိသည်။
                                                                       xxxxxxxxxxxxxxxxxxxxxx
                ဇာတ်ကားအမည်မှာ The God  Must  be Crazy ဖြစ်သည်။
              နှစ်ယောက်စီး လေယာဉ်ငယ်ပေါ်မှ ပစ်ချလိုက်သော ဖန်အကြည်ပုလင်းတစ်လုံး အာဖရိကလူမျိုးစ
ုနေထိုင်ရာ ရွာနီးစပ်သို့ ကျရောက်ခဲ့သည်။ ထိုပုလင်းကို ရွာထဲမှ လူတစ်ယောက် တွေ့သွားသည်။ ထိုသူမှာ
ပုလင်းကို မမြင်ဘူးသောကြောင့် ထူးဆန်းသော အရာဝတ္ထုအဖြစ် ထင်မှတ်နေသည်။ တုတ်ကလေးတစ်
ချောင်း ကောက်ပြီး ပုလင်းကို တုတ်ဖြင့်မဝံ့မရဲ့ ခေါက်ကြည့်သည်။ ပြီးမှ လက်ဖြင့် ကိုင်သည်။
           ပုလင်းကို အပြန်ပြန် အလှန်လှန်ကြည့်သည်။ ပုလင်းထိပ်ဝကို မှုတ်ကြည့်သည်။ထွက်ပေါ်လာသော
အသံကို သဘောကျသည်။ 
ရွာထဲရောက်တော့လည်း ရွာသူရွာသားများက ပုလင်းကို အထူး အဆန်းသဖွယ် ဝိုင်းကြည့်ကြသည်။
ပုလင်းထိပ်ဝကို ဆေးသုတ်၍ မြွေရေခွံ၏ ဖြူဖွေးနေသော အတွင်းသား၌ တံဆိပ်ရိုက်သည်။ လှပသော အဝိုင်းကလေးများဖြစ်သွား၍ သဘောကျသည်။ အလှကို အပြင်ဘက်ထား၍ မြွေရေခွံကို နဖူးစီးလုပ်သည်။ 
ပုလင်း၏ အသုံးဝင်ပုံကို သိလာသည်။  
           နောက်...လူတို့စားသည့် နူးညံ့သော သစ်ဥ သစ်ဖုများကို ပုလင်းဖြင့် ထုထောင်းပြီး အရည်ညှစ်သည်။ ပုလင်း၏ 
အသုံးဝင်ပုံကို လူတိုင်း သိရှိကြပြီ။ သစ်ဥသစ်ဖုထုရန်အတွက် ပုလင်းကို လက်မလည်အောင် ငှားနေရသည်။
             တစ်နေ့ ... တစ်ယောက်သော အမျိုးသမီးက သစ်ဥကို ပုလင်းဖြင့်ထောင်းပြီး ပုလင်းကို ဘေးတွင်ချ
ထားသည်။ အခြားအမျိုးသမီးတစ်ယောက်က ခွင့်မတောင်းဘဲ ပုလင်းကို ယူသွားသည်။ 
ဤသို့ဖြင့် ပုလင်းကို အကြောင်းပြု လုယူကြရင်း စကားများကြသည်။ပုလင်းဖြင့် ဦးခေါင်းကို ရိုက်လိုက်သော
ကြောင့် ခွင့်မတောင်းဘဲ ယူသွားသော အမျိုးသမီးခေါင်းကွဲပြီး မြေကြီးပေါ် လဲသွားသည်။
            ပုလင်းကို တွေ့ရှိခဲ့သူက ဤပြဿနာမှာ ပုလင်းကြောင့် ဖြစ်ရသည်ဟု ဆိုသည်။ ပုလင်းကို 
''ဂြိုဟ်ဆိုး'' အဖြစ် သတ်မှတ်ကာကြောက်လန့်သွားသည်။ ပုလင်းကို အလိုမရှိတော့။ ပုလင်းကို လွှင့်ပစ်မည်ဟု ကြံသည်။ပုလင်းကို ကောင်းကင်ကအလိုလိုကျလာသည်ဟုသူယုံကြည်သည်။ 
ထို့ကြောင့် ပုလင်းပြန်သွားရန်မှာလည်း ကောင်းကင်သို့ ဖြစ်သည်။
           သူ့ဘေးတွင် ကလေးငယ်များ ဆော့ကစားနေကြသည်။ သူသည် ပုလင်းကို အဝေးသို့ ပစ်လွှတ်ရ
မည့်အစား အပေါ်တည့်တည့် မြှောက်တင်လိုက်သည်။ ပုလင်း ပြန်ကျလာသည်။ ကလေးငယ် တစ်ယောက်၏ ဦးခေါင်းကို ထိမှန်ကာ ကလေးငယ် လဲကျသွားသည်။ ထိုကလေးမှာ သူ၏သားဖြစ်နေသည်။ 
ပုလင်းကို ''ဂြိုဟ်ဆိုး''အဖြစ် အသိအမှတ်ပြုထားမှုမှာ ပိုမို ခိုင်မြဲသွားသည်။
                ဤသို့ဖြင့် အခြားဒုက္ခ-သုခများရင်ဆိုင်ရသည်ကိုလည်း ပုလင်းကြောင့်ဟု ထင်မှတ်နေသည်။ 
နောက်ဆုံးပုလင်းကိုတောင်ပေါ်မှ ချောက်ထဲသို့ ပစ်ချပြီးမှ သူတို့ ပျော်ရွှင်နိုင်ကြသည်။
''ဂြိုဟ်ဆိုး''မရှိတော့ပြီဆိုသည့် သဘောပင်။


                                                                        xxxxxxxxxxxxxxxxxxxxxxxxxxxxxx


                ''ဂြိုဟ်ဆိုး'' ဆိုသည်မှာ ပုလင်းမဟုတ်ကြောင်းကို သူတို့မှာ သိနိုင်သည့် ဥာဏ်စွမ်းမရှိ။ ပုလင်းသည်
လူတို့၏ ကံကြမ္မာကို မည်သို့မျှ မဖန်တီးနိုင်ကြောင်းကိုလည်း သူတို့ မဝေခွဲ မဆုံးဖြတ်နိုင်။ 
သူတို့သိသည်မှာ ပုလင်းသည်''ဂြိုဟ်ဆိုး''။
             အမှန်စင်စစ် ''ဂြိုဟ်ဆိုး''ဟုသတ်မှတ်ရမည်ဆိုပါက ပုလင်းမဟုတ်ဘဲ လူတို့၏ လောဘ ဒေါသ မောဟ
ဟူသောအကုသိုလ်စိတ်များ ဖြစ်ပါသည်။
             ပုလင်းကို စတင်တွေ့မြင်စဉ်က အထူးအဆန်းအဖြစ် သာမန်မြင်ကြသည်။ ထို့နောက် အသုံးဝင်သော
အရာဝတ္ထု အနေဖြင့်မြင်လာသည်။အသုံးဝင်သောအရာကို လူတိုင်း လိုချင်လာကြသည်။ လိုချင်သောစိတ်ကို 
မထိန်းနိုင်သောကြောင့်လုယူသည့်အဆင့်သို့ ရောက်လာသည်။
            ဤသည်မှာ လောဘကို အရင်းခံ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လောဘသည် လိုချင်တပ်မက်မှုဖြစ်၏။ 
အလွန်အကျွံ လိုချင်တပ်မက်ပါက ဝိသမလောဘ အသွင်သို့ ကူးပြောင်းသွားသည်။ ထိုသို့ ဝိသမလောဘအသွင်သို့ 
ကူးပြောင်းသွားလျှင် တရားသည် မတရားသည်ကို ဂရုမပြုနိုင်တော့ဘဲ ပစ္စည်းဥစ္စာကို မရ-ရသောနည်းဖြင့်
ယူတတ်ကြသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာများကိုလည်း ရသည့်နည်းဖြင့် ယူလာတက်ကြည်သည်။
            ပုလင်းကို ယူလိုပါက အကျိုးသင့် အကြောင်း သင့် ပြောလျှင် ရနိုပါ၏။ ယခုမူ ထိုသို့မဟုတ် ဒေါသကို 
ရှေ့တန်းတင်ကာ ဖြေရှင်းသောကြောင့် မလိုလားအပ်သော အနာတရများ ဖြစ်လာရသည်။ ဒေါသဖြစ်လာပြီဆိုပါက
ပြဿနာတစ်ရပ်ကို မှားမှား ယွင်းယွင်း ဖြေရှင်းတတ်၏။
           ဤသို့ဖြစ်ရခြင်းမှာ မောဟကို အရင်းခံသောကြောင့်ဖြစ်သည်။ မောဟသည် အာရုံ၌ ဖြစ်ပေါ်လာသော အမှန်တရား
များကို ဖုံးလွှမ်း၍ အမှားဘက်သို့ ဦးတည်သွားစေ၏။ ထို့ကြောင့် ဆုံးဖြတ်ချက် မှားယွင်းသွားသည်။ အရက်သမား
သည် အရက်ကြောင့် ကောင်းသည်-ဆိုးသည်၊ မှားသည်-မှန်သည်ကို မခွဲခြားနိုင်သကဲ့သို့ ဖြစ်ပါသည်။
          ပုလင်းကို အဝေးသို့ လွှင့်ပစ်ပါက ရပါလျှက် ဦးခေါင်းအထက် ကောင်းကင်သို့ မြှောက်တင်၏။ ပြုလုပ်မှု နည်းစနစ်မကျ။
လုပ်သင့်-မလုပ်သင့် ခွဲခြား၍ မသိ။ ''မောဟ''ဦးစီးကာ ပြုလုပ်ခဲ့သောကြောင့် သူ၏''သား'' ဦးခေါင်း ထိမှန်းခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ ပုလင်း
ကြောင့်မဟုတ်၊ လူတို့၏ စိတ်ဓာတ်ကြောင့်သာ ဖြစ်ရသည်။ ''ဂြိုဟ်ဆိုး''ဟု ဆိုပါက  လူတို့၏ ဖောက်ပြန်သော
စိတ်ဓာတ်ကိုသာ ဆိုရမည် ဖြစ်သည်။ သို့ရာတွင် မှားယွင်းဖောက်ပြန်သော စိတ်ဓာတ်ကို မမြင်ဘဲ အရာဝတ္ထု 
တစ်ခုခု အပေါ်၌ လူတို့၏ ကံကြမ္မာကို ပုံအပ်လိုက် ကြတော့သည်။
                                                                    xxxxxxxxxxxxxxxxxxxxxxxxxx


                မြန်မာ့လူမှု ယဉ်ကျေးမှုနယ်ပယ်တွင် တန်ခူး၊ ကဆုန်၊ နယုန်စသည်ဖြင့် တစ်နှစ်ကို ၁၂-လဖြင့် ပိုင်းခြား 
သတ်မှတ်ထား၏။ တနင်္ဂနွေ၊ တနင်္လာစသည်ဖြင့်လည်း ၇-နေ့ သတ်မှတ်ကြသည်။ ထို့အတူ အနောက်တိုင်း၌လည်း 
ဇန်နဝါရီ၊ ဖေဖော်ဝါရီ စသည်ဖြင့် တစ်နှစ်ကို ၁၂-လ၊ Sunday ၊Mondayှစသည်ဖြင့် ၇-နေ့သတ်မှတ်ကြသည်။
             ဤသို့ဖြင့် နှစ်ထဲမှ လ၊ လထဲမှ ရက်၊  ၊ရက်ထဲမှ နေ့၊ နေ့ထဲမှ နာရီ စသည်ဖြင့် အချိန်ကာလများကို သတ်မှတ်
ထားကြ သည်။ ဤသည်မှာ များပြားသော အချိန်ကာလကို အခန်းကဏ္ဍအလိုက် စနစ်တကျပိုင်းခြားသတ်
မှတ်ခြင်းဖြင့်လူတို့သည်ဘဝခရီးကိုစနစ်တကျလျှောက်လှမ်းတတ်လာကြသည်။
                နေ့လတို့သည် နေထွက်မှနေဝင် အတူတူပင်ဖြစ်၏။ ရာသီဥတုကို လိုက်၍ နွေ၊ မိုး၊ ဆောင်းပြောင်းလဲမည်။
သဘာဝရာသီဥတု၏ ဖောက်ပြန်မှု ပြောင်းလဲမှုရှိမည်။
            ထို့ကြောင့် အချိန်ကာလသည် လူ့ဘဝအတွက် အကျိုးရှိရှိ အသုံးချတတ်ရန်အတွက် အထောက်
အကူ ဖြစ်ပါ၏။
           သို့ရာတွင် တနင်္ဂနွေစသော နေ့များကို အရပ်၈-မျက်နှာသို့သွင်းကာ ဂြိုဟ် ၈-ခွင်အဖြစ် အသိအမှတ်ပြုလိုက်ကြသည်။
နေ့မှာ တနင်္ဂနွေမှ စနေအထိ ၇-နေ့သာရှိသည်။ ထို့ကြောင့် အရပ် ၈-မျက်နာပြည့် ရန် ''ရာဟု''ဟူသော တစ်နေ့ကို ထည့်ပေးလိုက်ကြသည်။ 
နေ့ကလည်း ၇-နေ့ရှိပြန်၊ ''ရာဟု''ဟူသော နေ့ကလည်း တိုးလာသောကြောင့် အပိုအလိုမရှိအောင်
''ဗုဒ္ဓဟူးနေ့''ကို နှစ်ပိုင်းပိုင်း၍ မနက်ပိုင်းကို ''ဗုဒ္ဓဟူး'' ညနေပိုင်းကို ''ရာဟု''ဟု သတ်မှတ်လိုက်ကြပြန်သည်။
           အချိန်ကာလသည် (လောကဝေါဟာရအရ) ကုန်ဆုံးသော သဘောရှိ၏။ အချိန်ကာကုန်သည်နှင့်အမျှ အရေအတွက်တိုးလာသည်လည်းရှိ၏။ ဆုတ်ယုတ်သည်လည်း ရှိ၏။
ထိုသို့သဘောကို ''သတ်တမ်း''ဟု သတ်မှတ်ကာ သတ်တမ်းတိုး၊သတ်တမ်းဆုတ်ဟု သတ်မှတ်ကြသည်။     
                  ( မြတ်ဗုဒ္ဓပွင့်တော်မူစဉ်က အသုံးပြုခဲ့သော မဟာသက္ကရာဇ် နှင့် ခရစ်မတိုင်မီရေတွက်အသုံးပြုခဲ့သော
  BC နှစ် တို့သည် ယခုအခါ သာသနာဝင် သမိုင်း၊မှတ်တမ်း၊ရာဇ၀င်တို့ကိုမှတ်တမ်းတင်ရာတွင်သာအသုံးပြု 
ကြတော့သည်။)
                ထိုသို့သောသဘောကို နေ့ ၇-နေ့၊ (သို့မဟုတ်) ၈-နေ့ ရှိသော အရပ်ရှစ်မျက်နှာသို့ သတ်တမ်းများထည့်သွင်းကာ
ဂြိုဟ်သတ်အနေဖြင့် သတ်မှတ်လိုက်ပြန်သည်။ အရပ် ၈-မျက်နှာရှိ ဂြိုဟ်သတ်တို့၏သတ်တမ်းကို ပေါင်းကြည့်ပါက
၁ဝ၈-နှစ် ဖြစ်နေသည်။ ၁ဝ၈-သည် အရေအတွက်အားဖြင့် ၉-ဖြစ်နေပါသည်။ ထို ၉-ဂဏန်းမှာ လောကီဆရာတို့၏ 
Lucky Number ဖြစ်သည်။
             သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ ဂြိုဟ်တစ်ခု၏ သတ်တမ်းမှာ နှစ်သန်းပေါင်းများစွာရှိသည်။


                                                                   xxxxxxxxxxxxxxxxxxxxxxxxxxxx


                လောကသည် အကောင်းနှင့်အဆိုး ဒွန်တွဲနေ၏။ အကြောင်းနှင့်အကျိုး ဟန်ချက်ညီစွာ ပါဝင်နေ၏။ လောက၌ဖြစ်တတ်သော သဘောကို မြတ်ဗုဒ္ဓက လောကဓမ္မ ၈-ပါးအနေဖြင့် ဟောကြားခဲ့ပါ၏။


     လာဘ်ရခြင်း,အခြံအရံများခြင်း,ချီးမွမ်းခံရခြင်း,ချမ်းသာခြင်းဟူသော(ကောင်သော)လောကဓမ္မ၄ပါး၊
လာဘ်မရခြင်းအခြံအရံနည်းခြင်း ကဲ့ရဲ့ခံရခြင်း,ဆင်းရဲခြင်းဟူသော(မကောင်းသသော)လောကဓမ္မ၄ပါး
တို့ဖြစ်ပါသည်။
             ထိုလောကဓမ္မတို့ကို လူတိုင်းကြုံတွေ့နေရ၏။ထိုကြုံတွေ့ရသောလောကဓမ္မအပေါ်တုန်လှုပ်ြခင်းမ
ရှိဘဲ အမှန်မြင်တတ်ရန် မြတ်ဗုဒ္ဓက ဆုံးမခဲ့သည်။ 
ထိုလောကဓမ္မ တို့သည် အကျိုးအကြောင်း ဆက်နွယ်လျက်ရှိပါသည်။
            ထိုသို့ လောကဓမ္မ ၈-ပါးကို အကောင်း-အဆိုးသတ်မှတ်သည့်နည်းတူ ဂြိုဟ် ၈-လုံးကိုလည်း အကောင်း-အဆိုး 
သတ်မှတ် လိုက်ကြသည်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊သောကြာဟူသောဂြိုဟ်၎လုံးကိုကောင်းကျိုးပေး
တတ်သောသောမဂြိုဟ်...။
တနင်္ဂနွေ၊အင်္ဂါ၊စနေ၊ရာဟု ဟူသောဂြိုဟ်၎-လုံးကိုမကောင်းကျိုးပေးသော ပါပဂြိုဟ် အဖြစ်သတ်မှတ်ကြသည်။
       ထို့ပြင်လူတို့၏သတ်တမ်းများကိုလည်းဂြိုဟ်များ၏သတ်တမ်းထဲသို့ထည့်သွင်းကာဂြိုဟ်သက်ရောက်အ
နေဖြင့်ယူဆ၍လူတို့၏ကောင်းကျိုးဆိုးကျိုးကိုဂြိုဟ်သက်ရောက်ဟောသည့်အတိုင်း ဖြစ်တတ်ကြောင်း
(ပုံသေနည်းဖြင့်) သတ်မှတ်လိုက်ကြသည်။


                                                              xxxxxxxxxxxxxxxxxxxxxxxxxxxx
                မြတ်ဗုဒ္ဓက --
           ''ကလျာဏ ကာရီစ ကလျာဏံ၊ ပါပ ကာရီစ ပါပကံ''  'ကောင်းသောအပြုအမူသည် ကောင်းကျိုး ရ၏။ မကောင်းသော အပြုအမူသည် မကောင်းကျိုးရ၏ ” ဟုဟောကြားခဲ့သည်။
          ထိုစကား၌ ကာလ၊ ဒေသ၊ အချိန်ကာလကို ခွဲခြားတတ်သော ဥာဏ်ပါဝင်ရသည်ကိုလည်း သတိပြုရ
မည်။ ထို့ကြောင့်လူတစ်ဦး တစ်ယောက်၏ အကောင်း-အဆိုးသည် မိမိနှင့်သာ သက်ဆိုင်ကြောင်း သိရှိနိုင်
သည်။
         ထို့ပြင် မြတ်ဗုဒ္ဓက အဂုင်္တ္ထိုရ်ပါဠိတော် ပုဗ္ဗဏှသုတ်၌ -
          ''သုနက္ခတ္တံ သုမင်္ဂလံ...''စသည်ဖြင့်-
          'သုစရိုတ်ကျင့်သောသူ၏ နေ့သည် နက္ခတ်ကောင်းဖြစ်၏ ”ဟူ၍လည်းကောင်း၊
           သုစရိုတ်ကျင့်ရာနေ့၌ ထိုသူ၏ ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုမှန်သမျှသည် တိုးတက်ကြီးပွား ခြင်းအကြောင်းဖြစ်၏။ 
သုစရိုတ်ပြုသူ၏ ကံသုံးပါးတို့ကား တိုးတက်ကြီးပွားကြောင်း ကောင်းမှု၌ထားခြင်းမည်၏ ဟု အဓိပ္ပါယ်ရသည့်-
        ''ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ မဏီဓိတေ ပဒက္ခိဏေ''
သည်ဖြင့် ဟောကြားတော်မူခဲ့သည်။
        ထို့ကြောင့် လူတစ်ယောက်၏ ကောင်းမှု,ဆိုးမှု၊ ကောင်းကံ,ဆိုးကံသည် မိမိ၏ ပြုမူ ဆောင်ရွက်မှုပေါ်တွင် မူတည်နေပါသည်။ 
        ထို့ကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်သော ပါပ''ဂြိုဟ်ဆိုး'' ဆိုသည်မှာ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု
လည်း မဟုတ်။
ဇာတ်ကားထဲတွင် ပါဝင်သည့် ပုလင်းလည်း မဟုတ်ပါ။ မိမိတို့၌ ကိန်းအောင်းနေသော လောဘ၊ ဒေါသ၊ မောဟ
အကုသိုလ်တရားများ၊ ဒုစရိုက်တရားများနှင့် မကောင်းသော ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုများကြောင့် ဖြစ်
လာသော မကောင်းသော အလုပ်သည်သာလျှင် ''ဂြိုဟ်ဆိုး'' ဖြစ်ပါသည်။


                                                                                                                     အရှင်ဓမ္မိက(လောင်းလုံ)

ဓမ္မရတနာ ဓမ္မမဂ္ဂဇင်းတွင် ရေးခဲ့သောဆောင်းပါးဖြစ်ပါသည်။

0 comments em “ဂြိုဟ်ဆိုးတဲ့လား”

Post a Comment

 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger