****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Tuesday, April 12, 2011

သက်သတ်လွတ်စားခြင်း



       ၁၃၅၈-ခု တော်သလင်းလဆန်း  ၁-ရက်၊ သောကြာနေ့
          ထိုနေ့နံနက် ၉-နာရီအချိန် စာအံကျောင်း ဆင်းပြီး ဆွမ်းခံထွက်ခံ့ရာ ဒကာမကြီး ဒေါ်ခင်ရီအိမ်ပေါ်သို့ တက်လိုက်၏၊ အသင့်ချထား
သော ကုလာထိုင်တွင်ဝင်ရောက် ထိုင်လိုက်သည်၊ ဒကာမကြီးကဆွမ်း၊ ဆွမ်းဟင်းလောင်း သည်၊ ပြီးတော့...
         ''ဦးဇင်းဘုရား''
         ''ဘာလဲဒကာမကြီး''
         ''ဒီနေ့ ဆရာတော်မွေးနေ့ပေါ့နော်''
         ''ဟုတ်ပါတယ်''
        ''မွေးနေ့မှာ အသက်သတ်လွတ် ကျွေးမယ်လို့ ကြားပြီး ဒေါ်တင်အေး ငါးတွေ ၀ယ်သွားတာတွေ့လို့ မေးတော့၊ မကျွေးပါဘူးလို့ ပြော
သွားတယ်ဘုရား''
        '' ဟုတ်တယ်ဒကာမကြီး၊ ငါးဟင်းချက်မလို့တဲ့''
         ''တပည့်တော်က သက်သတ်လွတ် ကျွေးမယ်ကြား လို့ မေးတာပါဘုရား''
         ထိုစဉ် စာရေးသူက တကာမကြီးအား သက်သတ်လွတ်နှင့်စပ်၍ ရှင်းပြရတော့သည်။
         ''ဒကာမကြီး သက်သတ်လွတ်စားတယ်ဆိုတာ ခုမှပေါ်လာတာမဟုတ်ဘူး၊ သက်သတ်လွတ်စားဖို့ဖြစ် ပေါ်လာတဲ့ပြဿနာက အရှင်ဒေ၀ဒတ်က စခဲ့တာပဲ''
       “ ဘယ်လိုစခဲ့တာလဲ ဘုရား''
       ''ပြဿနာစခဲ့တာက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော် မူတဲ့အချိန်ပေါ့၊ ရှင်ဒေ၀ဒတ်က ဘုရားရှင်၏ တပည့်သံဃာတော်တွေ ကွဲပြားဖို့ အာဏာစက် ကွဲပြားဖို့ သူ့ရဲ့အသင်း ၀င်များဖြစ်တဲ့ ကောကာလိက၊ ကဋမောဒကတိဿ သမုဒ္ဒတ္တ တို့နဲ့ တိုင်ပင်သတဲ့၊ ကောကာလိကရဟန်းက ...
       ''အရှင်ဂေါတမဟာ တန်ခိုးအာနုဘော်ကြီးတယ်၊ ဘယ်နည်းနဲ့သံဃာကွဲပြားအောင်၊အာဏာစက်ပျက်ပြား အောင်ပြုမှာလဲ'' ဒီလိုမေးတော့ အရှင်ဒေ၀ဒတ်ကမြတ်စွာဘုရားထံသူလျှောက်မယ့်အကြံအစည်ကို ပြောပြသတဲ့ ဒကာကကြီး''
         ''ဘယ်လိုပြောပြပါသလဲဘုရား''
        '' မြတ်စွာဘုရားဟာ သန္တုဋ္ဌီသလ္လေခ အကျင့်လို့ ဆိုတဲ့ ခြိုးခြံသောအကျင့် ခေါင်းခေါင်းပါးပါး သုံးစွဲသော အကျင့်၏ ဂုဏ်ကျေးဇူးတွေ
ကိုဟောလေ့ရှိတယ်၊ယခုငါတောင်းမည့်အကြောင်းအရာတွေကသန္တုဋ္ဌီသလ္လေခဖြစ်ဖို့အကြောင်းများဖြစ်
တယ်''
         ၁။  ရဟန်းတွေအားလုံး အသက်ရှည်သမျှ တောကျောင်းမှာ နေဖို့ရန်၊   
         ၂။  ဆွမ်းခံစားသောအားဖြင့် ပိဏ္ဍပါတ်ဓူတင် အမြဲဆောင်ဖို့ရန်၊
         ၃။  သုသာန်စသည်မှကောက်ရတဲ့ သင်္ကန်းဖြင့် ပဲ့သကူဓူတင်အမြဲ ဆောင်ရန်၊
         ၄။  သစ်တစ်ပင် ၀ါးတစ်ပင်ရင်းမှာသာ နေဖို့ရန်၊
         ၅။  အမဲ သားငါး မစားဖို့ရန်၊
             အဲဒီငါးချက် ပညတ်ပါလို့ လျှောက်မယ်၊ ထိုလျှောက်ထားချက်တွေ ဧကန်ရမှာလည်းမဟုတ်ဘူး မရလျှင်-
        ''အရှင်ဂေါတမဟာ ဒီအချက်တွေ မကျင့်ဘူး ငါတို့က ငါးပါးသောအကျင့်ကို ကျင့်တယ်ဆိုပြီး လူတွေကို ပြောပြ မယ်၊ လူတွေဟာ ခေါင်းပါးခြိုးခြံစွာ ကျင့်တာကိုမှ ကြည်ညိုကြတယ်၊ ဒါကြောင့် ငါတို့ကို အကြည်ညိုများရင် နောက်လိုက်သံဃာတွေရပြီးသံဃာတွေကို ခွဲထုတ်ယူနိုင်လိမ့်မယ်''လို့
       အရှင်ဒေ၀ဒတ်က ပြောတယ်၊ ရှင်ဒေ၀ဒတရဲ့အကြံကို အားလုံးသဘောတူကြတဲ့ အတွက် ကြောင့် မြတ်စွာဘုရားထံ သွားပြီး လျှောက်ထားတော့ မြတ်စွာဘုရားရှင်က ခွင့်မပြုဘူး''
        ''ဘာကြောင့် ခွင့်မပြုတာလဲဘုရား''
       “  ဘာကြောင့်ခွင့်မပြုတာလဲဆိုလျှင် ရဟန်းတော်တွေဟာ ၀ိနည်းတော်နဲ့အညီနေထိုင်စားသောက်ပြီး တရားထူးရအောင် ကျင့်ခြင်း
ဟာပဓာနဆိုတဲ့သဘောထားနဲ့တောကျောင်းမှာနေလိုသူနေပါစေ။ရွာကျောင်းမှာ နေလိုသူနေပါစေ၊အလိုရှိ
သလို စားနိုင်သောက်နိုင်ကြောင်း မိန့်ကြားတယ်၊ သက်သတ်လွတ်စားခွင့် လျှောက်ထားချက်ကိုလည်း
သူတစ်ပါးကိုမှီပြီး အသက် မွေးနေရတဲ့ ရဟန်းတော်တွေအဖို့အခက်ခဲဖြစ်မည်ကိုမြင်ဟန်တူပါတယ်၊
ဒကာဒကာမတွေလည်းရဟန်းတော်တွေအတွက် အထူးတလည်စီမံလှုဒါန်းနေရမှာ ဖြစ်တဲ့အတွက် ပင်ပန်း
ကြမယ်၊သို့အတွက်ကြောင့်ရှင်ဒေ၀ဒတ်ရဲ့ လျှောက်ထားချက်ကို ပယ်ချခဲ့တာပေါ့''
          ''ရဟန်းတော်တွေကိုလည်း 'ဒိဋ္ဌ၊ သုတ၊ ပရိသင်္ကီတ- မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားသံသယဖြစ်ခြင်း' ဆိုတဲ့ အစွန်းသုံးပါး မလွတ်တဲ့အသား၊ 
        နောက်လူသား၊ ခွေးသား၊ မြင်းသား၊ ဆင်သား။ သစ်သား၊ ကျားသား၊ ခြင်္သေ့သား၊ ၀ံသား၊ အောင်းသား။  မြွေသား စတဲ့ အသားတွေ ရဟန်း တော်တွေအတွက် မစားအပ်တဲ့ အကပ္ပိယအသား ကြီးဆယ်မျိုး လို့ ခေါ်တယ်၊ အဲဒီအသားကြီးတွေကို အရိုး၊ အရေ၊ အသွေးတောင် မအပ်ဘူးတဲ့''
        လယ်တီဆရာတော်ဘုရား ရေးသားတဲ့ ၀ိနယ သံခိပ်ကျမ်းမှာ လင်္ကာဆောင်ပုဒ်လေးနဲ့-
         '' လူ ခွေး မြင်း ဆင်၊ သစ် ကျား ခြင်၊ ၀ံလျှင် အောင်း မြွေမျိုး၊ ရိုး ရေ သား သွေး၊ အမွေး တို့ပါ၊ မသုံးရာ၊ ဆယ်ဖြာအသားမျိုး''
        ဆိုပြီးတော့ ပြထားတယ်၊ ရဟန်းတော်တွေ အတွက် အဲဒီအသားကြီး ဆယ်မျိုးကို မစားသုံးသင့်ဘူး၊ အဲဒီအသားကြီးဆယ်မျိုးနဲ့မှတစ်ပါး အစွန်သုံးပါးမှလွတ်တဲ့အသားကိုစားနိုင်တယ်ဆိုပြီးသက်သတ်လွတ်
စားခြင်းကို ပယ်ခဲ့တယ်''
         '' ဒီလိုဆို သက်သတ်လွတ် မစားရဘူးပေါ့ဘုရား''
         ''သက်သတ်လွတ် မစားရဘူးလို့ ဦးဇင်း မပြောလိုပါဘူး၊ သက်သတ်လွတ် စားတယ်ဆိုတာ စားပုံစားနည်း တော့ ရှိရမယ်''
        ''ဘယ်လို စားနည်းလဲဘုရား''
       ''သက်သတ်လွတ် စားခြင်းဖြင့်လူအထင်ကြီးပြီးမိမိအလိုဆန္ဒပြည့်ဝလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မထား
ဘဲသတ္တ၀ါတို့ပေါ် မေတ္တာ
နဲ့ယှဉ်ပြီးတော့ စားခြင်းဟာသင့်လျော်တယ်လို့ထင်တယ်၊ ကျန်မာရေးအတွက် စားခြင်းဟာလည်းသင့်လျှော်
တယ်လို့ထင်တယ်။ဒီလိုမဟုတ်ဘဲဘယ်ပဂိုလ်က ညွှန်ကြားလိုက်လို့ သက်သတ်လွတ်စားပါ၊ စားရင် ကြီးပွား တိုးတက်လာလိမ့်မယ် ဆိုပြီးကြီးပွားချမ်းသာလာလိုတဲ့ဆန္ဒ၊သက်သတ်လွတ်စားလျှင် သူတစ်ပါး အထင် ကြီးလိမ့်မယ် စတဲ့ မေတ္တာတရားနဲ့ယှဉ်ပြီး စားခြင်းမဟုတ်တဲ့စားခြင်းမျိုးနဲ့စားမယ်ဆိုရင်တော့မသင့်လျော်ဘူး၊
အဓိပ္ပာယ်မရှိဘူးပေါ့ ဒကာမကြီး''
        ''မှန်ပါ့ဘုရား''
        'ရွှေကျင် သာသနာပိုင်ဆရာတော်ဘုရားကြီးရဲ့ သက်သတ်လွတ်ပြဿနာ သြ၀ါဒကထာကိုပြောပြမယ်။ အဲဒီဥသြ၀ါဒက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က မန္တလေး မြို့က လှခင်အင်ဆန်း၊ ဒေါ်လှခင် မေးလျှောက်လို့ ဆရာတော်ကြီး ရဲ့သက်သတ်လွတ် နဲ့စပ်တဲ့ သြ၀ါဒကထာပါပဲ''
        ''ဆရာတော်ဘုရားကြီးက ဘယ်လိုမိန့်ကြားထားသလဲဘုရား''
        ''ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကိုတော့ ဦးဇင်းအကုန်မမှတ်မိဘူး၊ မှတ်မိသလောက်တော့ပြောပြမယ် ဒကာမကြီး''
        ''မှန်ပါ့ဘုရား''
        ''သက်သတ်လွတ်စားခြင်းကို မြတ်စွာဘုရားက အားပေးချီးမွမ်းခြင်းလည်း ပြုတော်မူခြင်းမရှိ၊ အပြစ်ပြော ခြင်းလည်း မရှိ၊ဒေ၀ဒတ်
က ရဟန်းတော်များ သက်သတ်လွတ် စားကြရေးကို မြတ်စွာဘုရားအား ပညတ်တော်မူရန် လျှောက်ထားတာ
ကိုပင် မြတ်စွာဘုရားက ပယ်တော်မူဖူး တယ်တဲ့''
        ''သက်သတ်လွတ်စားခြင်းဖြင့် မိမိခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင်ကျင့်လျှင် ဓမ္မစကြာတရားတော်မှာ မြတ်စွာဘုရားဟောတော်မူတဲ့ အတ္တကိလမထာနုယောဂ (မိမိကိုယ်ကိုညှဉ်းဆဲပင်ပန်းအောင်ကျင့်တဲ့အယုတ်
တရား တစ်ဖက်စွန်း ရောက်သောတရား) ဟူ၍ပင် ဟောတော်မူပါတယ် ဒကာမကြီး''
        ''မှန်ပါ့အရှင်ဘုရား''
       '' မြတ်စွာဘုရားကိုယ်တော်တိုင် ဘုရားအဖြစ်သို့မရောက်မီ ဘုရားလောင်း ဖြစ်စဉ်က ခြောက်နှစ်ပတ်လုံး အစားကို ခြိုးခြံ၊ ဆင်းရဲပင်
ပန်းခံကာ ကျင့်ခဲ့ခြင်းသည် ဘုရားဖြစ်ကြောင်းမဟုတ်၊ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ပေဘူးဆိုပြီး ဘုရားဖြစ်
တော့ အရှင်သာရိပုတ္တရာကို ဟောတော်မူပါသတဲ့''
      “  မြတ်စွာဘုရား၏ အလိုတော်မှာ အာဟာရကို စား သောက်သုံးဆောင်ခြင်းဟာ ခန္ဓာကိုယ်ခန့်ကျန်းမျှတပြီး ကျန်းမာအားရှိကာ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်နိုင်စေရန်အတွက်
သာ ညွှန်ကြားပါသတဲ့၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရေးအတွက် သက်သတ် လွတ်သည်ဖြစ်စေ၊ မလွတ်
သည်ဖြစ်စေ မိမိတို့နဲ့ သင့်မြတ်တဲ့ ထမင်းဟင်း အစာဟာရကို သုံးဆောင် စားသောက် ကြရမယ်တဲ့။
       “မိမိစားသောက်တဲ့ အဟာရပေါ်မှာ ကောင်းလိုက်တာ၊အရသာရှိလိုက်တာဆိုပြီး တပ်မက်တဲ့တဏှာလောဘကိုမဖြစ်စေဘဲ တောလမ်းခရီးကိုသွားတဲ့ဇနီးမောင်နှံနှစ်ယောက်တို့ဟာ
လမ်းခရီးမှာရိက္ခာပြတ်တော့မလွဲမရှောင်သာသေသွားတဲ့ မိမိတို့ရဲ့ရင်သွေးငယ်ရဲ့အသားကိုစားကြရသတဲ့။ 
သူတို့ စားတဲ့အသားဟာ သူတို့ရဲ့အလွန်ချစ်တဲ့ရင်သွေးငယ်ရဲ့ အသားဖြစ်တဲ့ အတွက် အရသာခံ ပြီး မြိန်မြိန်
ရှက်ရှက် နှစ်သက် ခုံမင်ပြီးတော့ မစားနိုင်ကြဘဲ ခန္ဓာကိုယ်မျှတခရီးပေါက်ရောက်အောင် နှလုံးသွင်းပြီး
စားကြသလို ရှင်ရော၊လူပါသူတော်
ကောင်း တွေလည်း မိမိတို့ စားသောက်တဲ့ အာဟာရပေါ်မှာ နှစ်သက်ခုံးမင်ခြင်းမရှိစေဘဲ အနာရောဂါကင်း
၍ သူတော်ကောင်းတရား အားထုတ်နိုင်အောင်ဆိုပြီး သြဇာရှိတဲ့အာဟာရတို့ကို သင့်လျော်သလို နှိုင်းချိန်မျှ
တ၍ စားကြရမယ်ဆိုပြီး မြတ်စွာဘုရား ဟောတော်မူခြင်း ဖြစ်ပါတယ်တဲ့။
       “ အသက်သတ်လွတ်စားရမယ်လို့လည်း မဟောဘူး၊ မစားရဘူးလို့လည်း မတားမြစ်ဘူး၊ အချို့ သက်သတ်လွတ် စားနေကြတာဟာ အယူအဆမတတ်၊ မှားသောအယူ အမြင်ဖြင့် မိစ္ဆာဒိဋ္ဌိပင် ဖြစ်နေကြပြီး ''ဖောင်စီးရင်း ရေငတ်'' ဆိုတာမျိုးး၊ သူတော်ကောင်းတရား အားထုတ်ရင်း လမ်းလွဲသို့ ရောက်နေကြတာ သတိပြုသင့်တယ်လို့ ဆုံးမသြ၀ါဒ ပေးထားပါတယ်''

             “ မှန်ပါ့ဘုရား    သာဓု..သာဓု..သာဓု..ပါဘုရား”


                                                                                                         အရှင်ဓမ္မိက(လောင်းလုံ)
   ဓမ္မဗျူဟာ မဂ္ဂဇင်း။၁၉၉၈-ခုနှစ်၊ ဒီဇင်ဘာလတွင် ဖေါ်ပြပြီး။

0 comments em “သက်သတ်လွတ်စားခြင်း”

Post a Comment

 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger