ရခိုင်မိုးသည် ရွာပြီဆိုလျှင် မစဲနိုင်တော့။ တစ်နေ့လုံး တစ်ညလုံးရွာသည်။ ပူပြီဆိုပါကလည်း အလွန်
ပူသည်။ဆောင်းရာသီ အေးပြီဆိုပါကလည်း ညဘက်အိပ်ရ၍ မရအောင်အေးသည်။

ဘူးသီးတောင်ဒေသ၌ သဘာဝ ရာသီ ဥတု ညီမျှမှုမရှိ။ယခုလည်း မိုးဆက်တိုက် ရွာနေသည်မှာ
၁ဝ-ရက်ကျော်နေပြီ။
စာရေးသူနှင့်အတူ သာသနာပြု တာဝန်ထမ်းဆောင်နေသော ဦးဣန္ဒက(ပင်လည်ဘူး)ကို စာရေးသူက''ဦးဣန္ဒကရေ...ရခိုင်မိုးက တစ်လမှာ နှစ်ခါရွာတယ်။ တစ်ခါရွာရင် ဆယ့်ငါးရက်''ဟူ၍ပင်
ပြုံးဖွယ်ရာ ပြောမိသည်။
ပြုံးဖွယ်ရာ ပြောမိသည်။
မိုးရွာပါက တောင်ပေါ် ဒေသ၌ သွားစရာ မရှိ။ ကျောင်းအောက်နှင့် အပေါ် အဆင်းအတက်လုပ်
ရုံရှိသည်။ ကလေးငယ်ကျောင်းသား ကလေးများကို စာသင်ပြီးလျှင် စာရေးသူအတွက် ကျောင်းကလေးထဲ

စာရေးရန်သာ ရှိသည်။ လက်သမား တတ်သော ဦးဣန္ဒကကတော့ လွှနှင့်တူကို ကိုင်ကာ ကျောင်းအောက်
ထပ်၌ ခုံကလေးတွေ ရိုက်နေလေ့ရှိသည်။
စာရေးသူ ဘူးသီးတောင်မြို့က တောင်ပေါ်ပြန်ရောက်ပြီး ''ဂြိုဟ်ဆိုးတဲ့လား'' ဆောင်းပါးကို ရေးဖြစ်သည်။
ဆောင်းပါး ပြီးတော့ ဦးဣန္ဒကကို ဝါကျအထုံးအဖွဲ့ ချော-မချော၊ စကားလုံး ပြေပြစ်မှု ရှိ-မရှိ ဖတ်ခိုင်းရ
သည်။

''ဦးဓမ္မိက...အရှင်ဘုရားဆောင်းပါးမှာပါတဲ့ အချက်အလတ်တွေက ပြောစရာမရှိဘူး။ ဂြိုဟ်နက္ခတ်
တွေဟာ လူတွေရဲ့ ကံကြမ္မာကို မဖန်တီးနိုင်ဘူးဆိုပေမဲ့ အထိုက်အလျောက်တော့ သြဇာသက်ရောက်မှု
ရှိတယ်''

''ဘယ်လိုသြဇာသက်ရောက်မှုလဲ ဦးဣန္ဒက''
''ဂြိုဟ် နက္ခတ်တွေရဲ့ သြဇာသက်ရောက်မှုကို မပြောခင် လူသားတွေ ဂြိုဟ် နက္ခတ်တွေအပေါ်
စူးစမ်းလေ့လာကြ
တာကို အရင်ပြောမယ်။
စူးစမ်းလေ့လာကြ
တာကို အရင်ပြောမယ်။
''ရှေးရှေးက လူတွေဟာ ကြယ်တာရာ ဂြိုဟ်နက္ခတ်တွေအပေါ်အထူးစိတ်ဝင်စားခဲ့ကြတယ်။ဂြိုဟ်
နက္ခတ်တာရာများနဲ့ လူသား
နက္ခတ်တာရာများနဲ့ လူသား
တွေရဲ့ ကံကြမ္မာအကြားမှာ အဆက်အစပ် ဘယ်လိုရှိသလဲဆိုတာ စူးစမ်းရှာဖွေ ခဲ့ကြတယ်။ နောက်ပြီး
ကြယ်တာရာ ဂြိုဟ်တွေရဲ့ လှည့်ပက်သွားလာမှုတွေကို လေ့လာရင်းနဲ့ နက္ခတ္တဗေဒ ပညာဆိုတာက ပေါ်ခဲ့
တယ်။ နက္ခတ္တဗေဒပညာဆိုတာက ဂြိုဟ်တွေ၊ကြယ်တာရာတွေရဲ့ ဆင့်ကဲ ပြောင်းလဲ ဖြစ်ပေါ်မှု သွားလာမှု
တွေကို လေ့လာတဲ့ပညာပါ။ သိပ္ပံပညာ စစ်စစ်ပေါ့။
“နောက်ပြီး ဂြိုဟ်တွေ၊ နက္ခတ်တာရာတွေဟာ ကမ္ဘာမြေကြီး(ကမ္ဘာ့ဂြိုဟ်)နဲ့ဆက်နွယ်မှုကိုအခြေခံပြီး
ဂြိုဟ်တွေရဲ့ သွားလာမှုတွေ၊ ပြောင်းလဲမှုတွေကြောင့် လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပေါ်
ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ တွက်ချက်ပြီး စဉ်းစားကြည့်တာ။ ကမ္ဘာဆိုတာလဲ ဂြိုဟ်တစ်
ခုပဲလေ''

ဦးဣန္ဒကပြောမှ စာရေးသူတို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၌ သင်ခဲ့ရ
သည့် စကြာဝဠာUniversal အဖွဲ့အစည်းအကြောင်း၊ နေအဖွဲ့အစည်း Solar System အကြောင်း
သဘာဝအခြေခံ အကြောင်းများကိုသတိရမိသည်။

''ဒီစကြဝဠာထဲမှာပါတဲ့ လ၊နေတို့ဟာ လူသားတွေအပေါ်မှာ အထိုက် အလျောက်တော့ သြဇာ
သက်ရောက်မှုရှိတယ် ဦဓမ္မိက''
သက်ရောက်မှုရှိတယ် ဦဓမ္မိက''
''ဘယ်လို သက်ရောက်မှုတွေလဲ ဦးဣန္ဒက''
''လဆန်းပက္ခ လဆုပ်ပက္ခတွေမှာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်ကို အများကြီး ပြုပြင်ပြောင်းလဲ
စေတယ်။ ခန္ဓာကိုယ်က လျှပ်စစ်ဓာတ် ထုတ်လုပ်မှုမှာ အပြောင်းအလဲ ရျိစေတယ်။ သွေးထဲ
အက်ဆစ်ဓာတ် အပြောင်းအလဲတွေ အများကြီး ဖြစ်တာတွေ့ရတယ်တဲ့။ ဒီစမ်းသက်မှုတွေကို ဖစ်ဒလာကဏန်းကောင်
တွေနဲ့
ကြွက်တွေမှာ စမ်းသပ်ခဲ့တယ်။ အပင်ငယ်တွေပေါ်မှာလဲ စမ်းသပ်ခဲ့တယ်။ သူတို့အားလုံးကို ဥတုအပြောင်းအ
လဲတွေကြောင့် အကျိုသက်ရောက်မှု မရှိတဲ့ အခန်းတစ်ခန်းထဲမှာ ထည့်ပြီးတော့လေဖိအား အလင်းရောင်နဲ့
အပူချိန်တွေကို ထိန်းပေးတာ။ အကြိမ်ပေါင်း ရာနဲ့ချီးပြီး ပြုလုပ်ခဲ့တာတဲ့။

“ဒီသတ္တဝါတွေရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်ဟာ လဆန်းရက်မှာ ကျဆင်းသွားပြီး လပြည့်နေ့ကျရင်
၂ဝ-ရာခိုင်နှုန်း ပြန်တက်လာတာ တွေ့ရတယ်လို့ ဒေါက်တာ ကေသိရီဓမ္မနန္ဒရေးတဲ့ What Buddhists
Believe မှာ တပည့်တော် ဖတ်ဖူးတယ်။ဒီစာအုပ်ကို ဆရာဆန်းလွင်က 'ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တာ
က'ဆိုပြီး ဘာသာပြန်ထားတယ်။
“နောက်ပြီး စိတ်ဝေဒနာရှင်တွေဟာလပြည့်နေ့ကျရင် ပိုပြီးတော့ ရောဂါတိုးတယ်လို့ ကြားဖူးတယ်။
လကို အကြောင်းပြုပြီး ဖြစ်တဲ့ရောဂါကို Lunar လို့ ခေါ်တယ်ထင်တယ်။ အရှင်ဘုရားမှာ Dictionary ပါတယ် မဟုတ်လား''

စာရေးသူလည်း မိမိတွင် ပါလာသော သာလွန်အင်္ဂလိပ်-မြန်မာ အိတ်ဆောင်အဘိဓာန်ကို
လှန်ကြည့်ရ သည်။ 'အနက်အဓိပ္ပါယ်မသိ အဘိဓာန်လှန်ကြည့်'ဟူသောစကားကို သတိရမိသေး၏။

''တွေ့တယ် ဦးဣန္ဒက Lunar , adj လနှင့်ဆိုင်သော။ Lunatic (၁) အရူး၊ (၂) အန္တရာယ်ရှိသော
အရူးလို့ တွေ့ရတယ်။ဝါစင်္ဂအသစ် အနေနဲ့လဲ Lunatic,adj ရူးသွပ်သော၊ ကြောင်းသော၊ ရူးမိုက်သောလို့
တောင်တွေ့ရသေးတယ် ''

''ဟုတ်ပြီ လဟာလူတွေအပေါ်မှာသက်ရောက်မှုရှိတယ်။နောက်ပြီးဒီရေအတက်အကျဟာ
လရဲ့ဆွဲငင်အားကြောင့်ဖြစ်ရသလိုသစ်ပင်ပန်းပင်တွေပေါ်မှာ လဲလွှမ်းမိုးမှုရှိတယ်။ အရှင်ဘုရားသိပါတယ်။
လရောင် ကြောင့် ပွင့်တဲ့ ကုမုဒြာကြာပန်းဆိုတာ''

''ဦးဣန္ဒက... အရှင်ဘုရား ကုမုဒြာကြာအကြောင်းပြောမှ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ သာမညဖ
လသုတ်မှာ ပါတဲ့ ကောမုဒိယာပုဒ်အဖွင့်ကို သတိရတယ်။
ဒီအဖွင့်က ခဏခဏတက်ခဲ့ရတာရော၊နောက်ပြီး 'အဇာတသတ် ဘုရင်နှင့် သာသနာ့အမြင်'ဆိုပြီး သာသနာ့တက္ကသိုလ်မှာခေတ်လေ့လာနည်းနဲ့ရော
လေ့လာ့ခဲ့ရတာဆိုတော့ မှတ်မိနေတယ်။

မောမုဒိယာပုဒ်ကို ဖွင့်ဆိုတာက“ကောမုဒိယာတိ ကုမုဒဝတိယာ တဒါ ကိရ ကုမုဒါနိ သုပုပ္ဖိတာနိ
ဟောန္တိ၊တာနိ ဧတ္ထ သန္တီတိကောမုဒီ” ကုမုဒြာကြာဟာ တန်ဆောင်မုန်းလပြည့်နေ့မှာကောင်းကောင်းပွင့်
တယ်၊ အဲဒီ ကုမုဒြာကြာပွင့်တဲ့ ညကို ကောမုဒိ ကုမုဒြာကြာပွင့်တဲ့ညလို့ ခေါ်တာ'တွေ။

“ နောက်ပြီး အဲဒီ ကုမုဒြာကြာပွင့်တဲ့ တန်ဆောင်မုန်းလပြည့်ညမှာပဲ ထိန်ထိန် သာနေတဲ့
လပြည့်ဝန်းကြီးကို အဇာတသတ်မင်းကြီးကြည့်ပြီး စိတ်ကူးတွေ ပြောင်းလာ၊ ဆေးဆရာ ဇီဝကရဲ့ ဦဆောင်မှုနဲ့

ဘုရားရှင်ဆီရောက်၊ မြတ်ဗုဒ္ဓက အဇာတသတ်မင်းကြီးကို သာမညဖလသုတ်ဟောကြား၊ အဇာတသတ်မင်း
ကြီး အသိဥာဏ်တွေရပြီး သောကတွေပျောက်ခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ဓမ္မရဲ့ ဆေးတွေ၊ အဇာတသတ် မင်းကြီးရဲ့

ရင်ထဲ'ခ'ခဲ့ရတဲ့ ဆေးပေါင်းခတဲ့ညကို ဖြစ်စေခဲ့တာဟာ ဒီလပြည့်ညကို အကြောင်းပြုခဲ့တာပါပဲ။
ထိန်ထိန်သာနေတဲ့ လပြည့်ဝန်းကြီးဟာ အဇာတသတ်မင်းကြီးရဲ့ စိတ်ကူးတွေကိုသာပြောင်းလာစေနိုင်ပေမဲ့
တကယ့်အဇာတသတ် မင်းကြီးရဲ့ ရင်ထဲမှာ ခိုအောင်းနေတဲ့ အညစ်ကြေးတွေကိုတော့ မြတ်ဗုဒ္ဓရဲ့ ”ဓမ္မ“က
သာဖြေဖျောက်ပေးနိုင်ခဲ့တာပါ။မြတ်ဗုဒ္ဓနဲ့ ဆက်စပ်တဲ့နေ့ထူးနေ့မြတ်တွေဟာလဲလပြည့်နေမှာဖြစ်ခဲ့တာ
တွေများတယ်''

“ ကဲ ဦးဓမ္မိက... တပည့်တော်တို့ ဂြိုဟ်တွေဆီဆက်ရအောင်။ လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးကို မှီပြီး အသက်ရှင်နေထိုင်ကြတယ်။ ဒါဟာ လူသား တွေ သဘာဝပတ်ဝန်းကျင်ကို မှီပြီးနေရတယ်။
နောက်သီးပင်စားပင်တွေဟာလဲ နေရောင်ခြည်ကို အမှီပြုပြီး ရှင်သန်နေကြတယ်။
နေရောင်ခြည်မရတဲ့ သစ်ပင်သီးပင်တွေဟာ အချိုဓာတ်နဲပြီး ပိုးမွှားတွေရဲ့ အန္တရာယ်တွေ ကျရောက်ခံ
ရနိုင်တယ်။ အထွက်နှုန်းကျလာမယ်။ ဒါတွေဟာ ကမ္ဘာ့ဂြိုဟ်တွေ၊ နေတွေ၊ လတွေက လူသားနဲ့ သဘာဝ
အပေါ် သြဇာသက်ရောက်နေတာပဲ မဟုတ်လား''

''အရှင်ဘုရားပြောတာ တပည့်တော် လက်ခံပါတယ် ဦးဣန္ဒက၊ ဒါပေမဲ့ လူသားတွေအပေါ် သြဇာသက်ရောက်
တဲ့
အရာဝတ္ထုတွေဟာ လူတွေနဲ့ ထိတွေ့နေတဲ့ အရာတွေသာ ဖြစ်တယ်ဆိုတာတွေ့နိုင်
တယ်။ ဥပမာ သတင်းစာမှာ နာရေးကြော်ငြာတွေ့တယ်။ ကိုယ့်အသိုင်းအဝိုင်းထဲက မဟုတ်ရင် စိတ်ကို
လာရိုက်ခက်မှာ မဟုတ်ဘူး။ ကိုယ့်မိသားစု အသိုင်းအဝိုင်းထဲကဆိုရင်တော့ စိတ်ကို အနဲနဲ့ အများတော့ ရိုက်ခတ်နိုင်တယ်။ ဒါက ယေဘုယျပါ။ နောက်ပြီး အရောင်တွေအကြောင်း တပည့်တော်ပြောမယ်။

'' ဆေးရောင်တွေမှာ သဘာဝအရောင် Natural Colour
အခြေခံအရောင် Basic Colour အဓိကအရောင် MainColour
ပထမအရောင် First Colour တွေဖြစ်တဲ့ အဝါရောင်၊ အနီရောင်၊အပြာ
ရောင်တွေကို အပြန်ပြန်အလှန်လှန် ပေါင်းရင်အဝါနဲ့အနီပေါင်းရင် လိမ္မော်ရောင်၊ အနီနဲ့အပြာပေါင်းရင်
မရမ်းရောင်၊ အဝါနဲ့အပြာပေါင်းရင် အစိမ်းရောင်စတာတွေပြောင်းလဲလာလိမ့်မယ်။

“ ဒီဟာတွေကို တပည့်တော် တက္ကသိုလ်မရောက်ခင် ပဲခူးမြို့သာသနာ့လင်းရောင်ကြည် စာသင်တိုက်မှာနေတုန်းကကျောင်းမှာ ဆိုင်းဘုတ်ရေး ပန်းချီဆွဲတဲ့ ပန်းချီဆရာ ဦးသိန်းဇော်ဆီက သိရတာ။
အဲဒီဆေးရောင်တွေကို အပြန်ပြန်အလှန်လှန် ပေါင်းသွားတာ မှတ်မိသလောက်ဆိုရင် ၅-ဆင့်လောက်ရှိမယ်
ထင်တယ် ”

“တပည့်တော် ပြောချင်တာက ဆန့်ကျင်ဘက် အရောင်ကိုပြောချင်တာ။ အဝါနဲ့ မရမ်း၊
စိမ်းဝါနဲ့ မရမ်းနီ၊ အစိမ်းနဲ့လိမ္မော်နီ၊ အပြာနဲ့လိမ္မော်၊ မရမ်းပြာနဲ့လိမ္မော်စတဲ့ ဆန့်ကျင်ဘက်အရောင်တွေကို
ဆိုင်းဘုတ်ရေးမယ်ဆိုရင် အဝေးက မြင်နိုင်တယ်။

“အဲဒီ ဆန့်ကျင်ဘက် အရောင်ထဲမှာ ဥပမာ အနီနဲ့အစိမ်းဆိုပါစို့ ဒီအရောင်တွေကို အနီက
တစ်လှည့်အစိမ်းကတစ်လှည့် အလင်းတန်းတွေပြုလုပ်ထားပြီး အပြန်ပြန်အလှန်လှန် ကြည့်မယ်ဆိုရင်
ကြည့်ဖန်များရင် မျက်စိကျိန်းလာမယ်။ ကြာကြာစိုက်ကြည့်ရင် မျက်စိပြာလာလိမ့်မယ်။ နောက်တော့
အာရုံကြောတွေညစ်ညူးလာပြီး ခေါင်းတွေတောင် မူးနောက်နောက် ဖြစ်လာလိမ့်မယ်။ ဒါဟာလဲ
အရောင်တွေရဲ့ သြဇာသတ်ရောက်မှုလို့ ဆိုရမယ်။ ဒါပေမဲ့ အဒီအရောင်တွေကို မကြည့်ရင်ဘာမှ မဖြစ်ဘူး''

“ဟုတ်တယ်ဦးဓမ္မိက..သဂြိုင်္ဟ်ကျမ်းရဲ့အဖွင့်ဋီကာကျော်ကျမ်းမှာစက္ခုပသာဒနဲ့ ရူပါရုံထင်ဟပ်တဲ့
အခါမြင်သိစိတ်ဖြစ်ပေါ်စေနိုင်တဲ့အကြောင်းအရာ တွေထဲမှာမျက်စိနဲ့အဆင်းကိုမြင်ဖို့အတွက်အလင်းရောင်
ရှိရမယ်။မနသိကာရခေါ်တဲ့နှလုံးသွင်း(စူးစိုက်)မှုရှိရမယ်လို့သင်ခဲ့ရတာ မှတ်မိတယ်။ 'မျက်စိ အဆင်း၊
အလင်း၊ နှလုံးသွင်း မြင်ဖို့ အကြောင်းရင်း' ဆိုတဲ့ဆောင်ပုဒ်ကလေးတောင် မှတ်မိနေသေးတယ်''

''ဟုတ်တယ် ဦးဣန္ဒက...မျက်စိနဲ့အဆင်း(အရာဝတ္ထု)ကိုအလင်းရောင်နဲ့ကြည့်ပေမဲ့လဲမနသိ
ကာရဆိုတဲ့နှလုံးသွင်း(စူးစိုက်)မှုမရှိဘူး(မျက်စိကိုဝါးထားမယ်) ဆိုရင်မြင်မှာ မဟုတ်ဘူး။

နောက်ပြီး နှလုံးသွင်း စူးစိုက်မှုရှိပေမဲ့လဲ အလင်းရောင် မရှိဘူးဆိုရင်လဲ မြင်မှာမဟုတ်ဘူး။ ဒါကြောင့် အရောင်တွေဟာ
လူရဲ့ အာရုံကို သြဇာ သက်ရောက်မှု ရှိဖို့ဆိုရင် 'မျက်စိ၊ အဆင်း၊ အလင်း၊နှလုံးသွင်း၊

ရှိမှ ဖြစ်မယ်ဆိုတာ' သဘောရပါတယ်။
“နောက်ပြီး အရှင်ဘုရား သတိပြုမလားမသိဘူး ဆေးရုံတွေရဲ့ ပြတင်းပေါက်တွေမှာ
အပြာနုရောင် လိုက်ကာတွေသုံးစွဲတာ။ အပြာနုရောင်ဟာ လူနာတွေရဲ့ စိတ်ကို ငြိမ်သက်စေတယ်တဲ့။
နောက်ပြီး နွေရာသီရောက်ရင် အပူဒဏ်ခံနိုင်အောင်အလင်းရောင်ပြန်စေတဲ့ အဖြူရောင်အဝတ်တွေကို
ဝတ်ဖို့၊ အပူကို စုပ်ယူတဲ့အနက်ရောင် အဝတ်ကို မဝတ်ဖို့ရန် မြန်မာ့ အသံနဲ့ သတင်းစာတွေမှာ
အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်တွေမှာ ပါတာတွေဟာ သဘာဝအရောင်ရဲ့ သတ်ရောက်
မှုတွေ လူတွေအပေါ် ရှိတယ်ဆိုတဲ့ သဘောတွေပါ။

''နောက်ရှိသေးတယ် ဦဣန္ဒက... လူတွေရဲ့ထိစပ်နေတဲ့ အသံတွေ၊ ဂီတသံကိုကြည့်
ဝမ်းနည်းနေတဲ့သူကို ဝမ်းနည်းမှုကို အားပေးတဲ့ အလွမ်းသီချင်းသာ ဖွင့်ပြလိုက် အဆင်းကို ဘီးတပ်ပေး
လိုက်သလို ဖြစ်သွားပြီး ပိုလို့ ဝမ်းနည်းသွားအုံးမယ်။ဒီဂီတသီချင်းသံတွေကြောင့်လဲ စိတ်ဓာတ်ကို တက်ကြွစေနိုင်တယ်။ ဇာတိမာန်သီချင်းတွေ လိုပေါ့။

''ဇာတိမာန်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ”တို့ဗမာ“ သီချင်းဟာ နယ်ချဲ့တွေကို မြန်မာ့မြေပေါ်က
ထွက်ပြေးအောင်(ရဟန်းတော်တွေ ကမ္မဝါစာဖတ်လို့ အစိမ်းသရဲ ထွက်ပြေသလို) မာန်ပါပါနဲ့ ဆိုရလို့
ကမ္မဝါစာသီချင်းလို့တောင်
တင်စားခဲ့ကြောင်း တို့ဗမာအစည်းအရုံးသမိုင်း( ပထမတွဲ)မှာ ဖတ်ဖူးတယ်။ ဒါကြောင့် လူတွေရဲ့ စိတ်ကို
ဆွဲဆောင်တာသြဇာသက်ရောက်တာဟာကမ္ဘာဂြိုဟ်တွေ,လတွေတင် မကဘူး။ လူတွေနဲ့ ထိစပ်နေတဲ့
အာရုံငါးပါး ကာမဂုဏ်တရားတွေပါပါတယ်။

''ဒါပေမဲ့ ဒီသြဇာသက်ရောက်မှုတွေဟာ ကိလေသာ မရှိတော့တဲ့ မြတ်ဗုဒ္ဓနဲ့ တပည့်
သာဝကရဟန္တာတွေ ကိုတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူး။

“ မြတ်ဗုဒ္ဓက(ဓမ္မပဒမှာ)'ယေစိတ္တံသံယမေဿန္တိ၊မောက္ခန္တိမာရဗန္ဓနာ၊စိတ်ကိုစောင့်ရှောက်နိုင်
တဲ့သူတွေဟာမာရ်မင်းရဲ့အနှောင်အဖွဲ့ဆိုတဲ့ဝဋ်ဆင်းရဲ့မှလွတ်မြောက်ကြရတယ်'လို့ ဟောကြားခဲ့
သေးတာပဲ။ ဒါဟာ စိတ်စွမ်းအားကောင်ကောင်းရှိတဲ့ သူအပေါ် သဘာဝတရားက မလွှမ်းမိုးနိုင်ဘူး
ဆိုတဲ့သဘောပါ။

''နောက်ပြီး တပည့်တော် စဉ်းစားမိတာရှိသေးတယ် ဦးဣန္ဒက...လောကမှာ လူတစ်
ယောက်ဟာ လူ့လောကအတွက် အသုံးမဝင်ဘူး။ အံဝင်ခွင်ကျ မဖြစ်ဘူးပေါ့။
အဲဒီလူဟာ လူ့လောကကို ကမောက်ကမ ဖြစ်အောင် လုပ်မယ်ဆိုရင် အဲဒီလူကို
လူ့လောကလူတွေက 'လူဆိုးလူမိုက်' လို့ သတ်မှတ်ကြလိမ့်မယ်ထင်တယ်''

''ဟုတ်တယ် ဦးဓမ္မိက...လူ့လောကကို အကျိုးမပြုရုံတင်မကဘူး ကမောက်ကမဖြစ်အောင်
လုပ်တာဟာ လူဆိုးပေါ့''
လုပ်တာဟာ လူဆိုးပေါ့''
''ဒီလိုဆိုရင် ဂြိုဟ်တွေအပေါ် သိပ္ပံပညာရှင်တွေရဲ့ တွေရှိချက်နဲ့ လောကီဗေဒင်တွေရဲ့
ယူဆချက်ကို နိုင်းယှဉ်ကြည့်မယ်။
ယူဆချက်ကို နိုင်းယှဉ်ကြည့်မယ်။
''သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ဂြိုဟ်ကြီး ၉-လုံးမှာပါတဲ့ ကမ္ဘာ့ဂြိုဟ်ဟာ လူသားတွေ
အသက်ရှင်နေထိုင်နိုင်ဖို့ လူသားတွေအတွက်ကောင်းလို့ “ဂြိုဟ်ကောင်း”လို့ သတ်မှတ်ရင်ရမယ်ထင်တယ်။
ကျန်တဲ့ဂြိုဟ် ၈-လုံးထဲမှာဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်ကတော့ 'နေ'နဲ့နီးကပ်တော့ အလွန်ပူပြင်းနေလို့
လူသားတွေနေလို့ မရဘူး။ဒါကြောင့် လူသားတွေအတွက် မကောင်းတဲ့ဂြိုဟ် 'ဂြိုဟ်ဆိုး'ပေါ့။
အင်္ဂါဂြိုဟ်ကိုတော့ အခုသိပ္ပံပညာရှင်တွေ လေ့လာနေကြတယ်။
“နောက်ကြာသပတေးဂြိုဟ်,စနေဂြိုဟ်,ယူရေးနပ်ဂြိုဟ်စတဲ့ဂြိုဟ်၅လုံးကတော့'နေ'နဲ့အရမ်း
ဝေးတော့အအေးဓာတ်များလွန်းတယ်၊လူသားတွေအသက်ရှင်နေထိုင်လို့ မရဘူး။ နောက် နေအဖွဲ့အစည်း
Solar System မှာပါတဲ့ အရံဂြိုဟ်တွေ၊ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ၊ ဥက္ကာခဲတွေကိုလဲဂြိုဟ်ဆိုးလို့ သတ်မှတ်ရင်
ရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ၊ဥက္ကာခဲတွေဟာ
ကမ္ဘာပတ်လမ်းကြောင်းထဲရောက်လာရင် ကမ္ဘာကြီးကို ထိခိုက်ပြီး ဒုက္ခပေးမှာကြောက်ရသေးတယ်။
ဒါကြောင့် ဒီဂြိုဟ်တွေ၊ကမ္ဘာပတ်လမ်း ကြောင်းထဲကိုလာရင် ဘယ်လို ဖယ်ရှားမယ်ဆိုတာ
သိပ္ပံပညာရှင်တွေ လေ့လာနေကြောင်း (ကျော်ဦးရေးသားတဲ့ နေသူရိန်၏အရှိန်ဝါအောက်မှာ
စာအုပ်မှာ ဖတ်ဖူးတယ်) သိရတယ်။
လောကီဗေဒင်မှာယူဆထားတာက (နေနဲ့အနီးဆုံးဖြစ်တဲ့) ဗုဒ္ဓဟူးဂြိုဟ်နဲ့ သောကြာဂြိုဟ်တွေကို ကောင်းကျိုးပေး
တတ်တဲ့ သောမဂြိုဟ်တွေအဖြစ်
အသိအမှတ်ပြုထားတယ်။ကမ္ဘာဂြိုဟ်ကိုတော့ ဘာဂြိုဟ်ခေါ်လဲ မသိဘူး''

''ဒီသတ်မှတ်ချက်တွေဟာ သစ္စာနဲ့ပြောရင် သမ္မုတိသစ္စာတွေပါ ဦးဓမ္မိက''
“ အင်း... အရှင်ဘုရားပြောသလို သမ္မုတိသစ္စာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လောကီ ဗေဒင်ကျမ်းတွေမှာပါတဲ့(ဂြိုဟ်သက်ရောက်ဟောနည်းအတိုင်း)လူတွေရဲ့ကံကြမ္မာတွေဟာဂြိုဟ်သက်
ရောက်ဟောတဲ့အတိုင်းဖြစ်တယ်လို့ ယုံကြည့်ရင်တော့ ''ကုသိုလ် အကုသိုလ်ရဲ့ ကောင်းကျိုး ၊
ဆိုးကျိုးနှစ်မျိုးစလုံး (ကံ,ကံ၏အကျိုး) ကိုပယ်ရာရောက်တဲ့အတွက်ကြောင့် 'အဟေတုက ဒိဋ္ဌိ'ထဲ
ဝင်သွားနိုင်တယ်။ ဒီလိုဆိုရင်တော့ မဃဒေဝလင်္ကာသစ်မှာပါတဲ့အတိုင်း-

သစ္စာမသိ၊ ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်၊
လူတွင်မန္ဓတ်၊ နတ်မှာသိကြား၊
မိုးဖျား ဗြဟ္မာ၊ ဖြစ်တုံပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွဲပါယ်ရွာ၊ ရောက်မြဲသာတည်း-ပေါ့”
စာရေးသူ ဦဣန္ဒကနှင့်စကားပြောရင်း ကျောင်းတွင်းမှ အပြင်သို့ ကြည့်လိုက်မိသည်
သဘာဝမိုးကတော့လောကလူသားတွေအတွက် သဲသဲမဲမဲ ရွာနေဆဲပင် ရှိသေးသည်။

အရှင်ဓမ္မိက(လောင်းလုံ)
ဓမ္မရတနာဓမ္မ္မမဂ္ဂဇင်း တွင်ဖေါ်ပြခဲ့ပြီး။
ဂြိုဟ်ဆိုးတဲ့လား ဆောင်းပါးကိုလည်း ဆက်လက်ဖေါ်ပြပါအုံးမည်။