****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****
Monday, June 20, 2011
အမေ ၀မ်းမြောက်ပါလေတော့...
        နတ်တော်လဆန်း ၁၄-ရက် ည။
    ပြည့်လုလု လပြည့်ဝန်းမှာ ထိန်ထိန်သာလျက်..။ ကမ္ဘာအေးစေတီ စိန်ဖူးတော်နှင့်အညီ ရောက်ရှိနေပြီ။ ဆောင်းည၏ အေးမြမှုကလည်း စတင်ဝင်ရောက်နေ၏။ 
     သာသနာ့တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ပြင်ဆင်မှုများကို အမေက ကြည့်ချင်သည် ဆိုသောကြောင့် ဘွဲ့နှင်းအဆောက်အဦအရှေ့သို့ ရောက်လာခဲ့သည်။ အဖေကတော့ ကချင်ဆောင်ရှေ့ သရက်ပင်အောက် အုတ်ခုံကလေးပေါ်ထိုင်ကာ ကျန်ခဲ့သည်။ 
      ဘွဲ့နှင်းသဘင် အဆောက်အဦရှေ့ခရေပင်ကြီးကို တဖျပ်ဖျပ်လင်းနေသော မီးလုံးကလေးများကလွှမ်းခြုံ
ထားသည်။ ခရေပင်ကို ပိုးစုန်းကြူးများ ၀ိုင်းအုံကျနေသကဲ့သို့ ရှိသည်။ မြက်ခင်းပြင်နှင့် တစ်ထွာခန့်မြင့်သော
လခြမ်းသဏ္ဌာန် အုတ်ဘောင်က ခရေပင်ကို ဗဟိုပြု၍ ၀န်းရံထား၏။ အုတ်ဘောင်ပေါ်တွင် နှစ်ပေခန့် ခြား၍ စီတန်းအလှဆင်ထားသော ကျောက်ခက်ပန်းနှင့် ရွက်လှပန်းအိုးများ...၊ရွက်လှပန်းရွက်များမှာမီးရောင်
ကြောင့်ရောင်ပြန်နေသည်။
       ဘွဲ့နှင်းသဘင် အဆောက်အဦမျက်နှာ နဖူးစည်းတွင် အလျား၁၂-ပေ၊ အနံ ၃-ပေခန့်ရှိ နီညိုရောင် ကတ္တီပါပေါ် အဖြူရောင် စာလုံးများ စီခြယ်ထားသောဘွဲ့နှင်းသဘင် ဆိုင်းဘုတ်မှာလည်း မီးရောင်ကြောင့် ပိုမိုတောက်ပနေသည်။ 
        အမေသည် ဦးခေါင်းကို ညင်သာစွာ ဘယ်ညာယမ်း၍ ဘွဲ့နှင်းသဘင်ဆိုင်းဘုတ်စာသားများကို ကြည့်
နေသည်မှာ မျက်တောင်ခတ်ရမည်ကိုပင် မေ့နေသည်ထင်၏။
       အမေ့ကိုကြည့်မိသည်။ ရန်ကုန်မြို့နှင့်လိုက်ဖက်အောင် သပ်သပ်ရပ်ရပ်ဝတ်စားထားသော်လည်း နှစ်
ပေါင်းများစွာ ခေါက်ရိုးကျိုးနေသော တောသူရုပ်ကိုကား ဖျောက်၍ မရ။ ညိုရင့်နေသောအမေ့အသားအရေ
က နေပူကို အန်တု၊ မိသားစုဘ၀ကို ပြုစုခဲ့ရသော လယ်တောထဲက ဒဏ်ရာဒဏ်ချက်များမအဖြစ် ပြသနေ
သည်။ အရိုးပေါ်အရေတင် ပိန်သွယ်သောခန္ဓာကိုယ်က လောကဓံ၏ ရိုက်ချက်ကို အားတင်းခဲ့ကြောင်း ဖော်ပြနေ၏။ အမေ့ခေါင်းပေါ်က ဆံဖြူများမှာ စုတ်ချက်မညီသော ပန်းချီလက်ရာကဲ့သို့ ကွက်တိ ကွက်ကျား။ လိမ်းခြယ်ထားသော သနပ်များက မျက်နှာရှိဇရာပြယုဂ် အရေးအကြောင်းများကို ဖုံးလွှမ်းနိုင်ခြင်းမရှိခဲ့။
       မိမိကိုရင်ဘ၀ စာသင်တိုက်သို့ထွက်ခဲ့စဉ်က အမေ့ရုပ်ရည်နှင့် ယခုမြင်တွေ့နေရသော အမေ့ရုပ်ရည်
သည် လုံးဝခြားနားနေခဲ့ပြီ။ အချိန်ကာလတစ်ခု အတွင်း ဘ၀၏ဒဏ်ရာဒဏ်ချက်များကို ကုစားနိုင်ခဲ့သော်
လည်း အချိန်၏ ဖိစီးတိုက်စားမှုကြောင့် အမေ့ရုပ်မှာ အိုသွားကာ အဘွားနှင့်တူလာ၏။ သို့ရာတွင် အမေ့အပြုံးမှာ နုပျိုနေသည်။
       သာသနာ့တက္ကသိုလ် စတုတ္ထနှစ်ကို မြန်မာစာ ဘာသာ၊ ဗုဒ္ဓဒေသနာပြန့်ပွားဘာသာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ကြောင်းစာရေးလိုက်စဉ်ကအမေအလွန်ဝမ်းသာသည်ဟုဆိုသည်။ နောက်တောင်တန်းသာသ
နာပြုအနေဖြင့် ဘူးသီးတောင်ဒေသသို့ ၂-နှစ် သွားရမည်ဆိုသော အကြောင်းကို အရောက်တွင်မူအမေ
သည်စာကိုရပ်ကာ ငြိမ်သက်နေပြီး ''ဦးဇင်းရဲ့ကျန်းမာရေးနဲ့ဆိုရင် ဖြစ်ပါ့မလား''ဟု စိုးရိမ်နေကြောင်းညီမငယ်
ထံမှ သိရသည်။
       တောင်တန်းမသွားခင် ရွာကို ခေတ္တပြန်စဉ်ကလည်း အမေ့နှုတ်ဖျားက ''ကျန်းမာရေးကို ဂရုစိုက်ရန်'' အထပ်ထပ်မှာနေသောကြောင့် ညီမငယ်က ''အမေဦးဇင်းက ကလေးမဟုတ်တော့ဘူး'' ဟုပြောရသည်အထိဖြစ်သည်။ 
       ''၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး၊ ၀မ်းဆိုတာ အခါးဓါတ်ရှိမှ''ဟုဆိုကာအမေကိုယ်တိုင်ပြုလုပ်ထား
သော ရှမ်းဆေးခါးမှုန့်များကို ပုလင်းတစ်လုံးဖြင့် အပြည့်ထည့်ပေးလိုက်သေးသည်။''ဦးဇင်း ၊ ဘွဲ့ယူတဲ့နှစ်
ကျရင် ရန်ကုန်မြို့မှာ ရှိတဲ့ ဘုရားတွေစုံအောင်လိုက်ဖူးမယ်။ဘွဲ့ယူတဲ့အခါ သည်အင်္ကျီကိုဝတ်ရမှာ''ဟုဆိုကာ
ပရုတ်နံ့သင်းနေသော ငုဝါအရောင် နုအင်္ကျီလက်ရှည် အခေါက်ကလေးကို ခင်မင်သောအိမ်နီးနားချင်းများ
ထုတ်ပြရသည်မှာလည်း မမောနိုင်။
      နေအိမ်နှင့် ၊လယ်တော၊ လယ်တောနှင့်နေအိမ်ကိုသာ မမောတမ်းသွားနေခဲ့သော အမေ..။
    အခုတော့ ရန်ကုန်မြို့ကြီးကိုရောက်နေရပြီ။မင်းကွန်းတိပိဋကဓရဆရာတော်ကြီးဦးစီးတည်ထောင်ခဲ့သော
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးတည်ရှိရာကမ္ဘာအေးကုန်းမြေသို့ရောက်ဖူးခဲ့ရပြီ။မနက်ဖြန်ဆိုပါ
ကဘွဲ့နှင်းသဘင် ခန်းမကြီးထဲ ငုဝါအရောင်နု အင်္ကျီလက်ရှည်နှင့် ပ၀ါဖြူကို ပခုံးနှစ်ဖက်ပေါ်တင်ကာဘွဲ့လက်
မှတ်ခံယူနေသော သားဦးပဉ္ဇင်းကို ပီတိအပြုံးနှင့် ကြည့်နေမည်ကိုလည်း မြင်ယောင်မိသေးသည်။  
     ''ဦးဇင်းတေဇ၊ ဦးဇင်းအဖွားသာ အခုအချိန်မှာရှိရင် ဘယ်လောက်များဝမ်းသာနေမလဲ..နော်''
     လွန်ခဲ့သော ၈-နှစ်ခန့်က ဆုံးသွားသောအဘွားကို သတိရကြောင်း ပြောလာသောစကားနှင့်အတူ အမေ၏အပြုံးများရုတ်တရက်ပျောက်ကွယ်သွား၏။အမေ့မျက်နှာသည်လည်းပြိုတော့မည့်မိုးနှယ်...။အမေ
သည်မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။မျက်ဝန်းပတ်လည်ရစ်ဝိုင်းလာသည့်မျက်ရည်များကို 
မျက်တောင်ဖြင့် သိမ်းဆည်းနေသည် ထင်၏။    
    ''ဦးဇင်း...ကိုရင်ဘ၀တုန်းကလူထွက်မယ်ကြံတုန်း တပည့်တော်ပြောခဲ့တဲ့စကားတွေက မှတ်မိသေးလား'' အမေ၏မျက်ဝန်းအစုံမှာ ရီဝေနေသည်နှင့်အတူစိတ်အစဉ်မှာလည်းအတိတ်တစ်ခုဆီသို့သွားနေသည့်နှယ်...။
                                xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
       မြတ်ဗုဒ္ဓဒေသနာတော်၌ သက်ဝင်ယုံကြည့်မှုကို အခြေခံ၍ရှင်ရဟန်းပြုလာသူကိုသဒ္ဓါပဗ္ဗဇ္ဇိတ။ဘေးအန္တ
ရာယ်ကြုံ၍ အန္တရာယ်မှ ခေတ္တလွတ်မြောက်ဖို့ ရှင်ရဟန်းပြုလာသူကို ဘယာပဗ္ဗဇ္ဇိတ။ 
      ဤနှစ်မျိုးလုံးတွင် မိမိမပါဝင်ဟု ဖြေရမည်။ အဘွား ကျန်းမာရေးချို့ယွင်းလာ၍ ၁၂-နှစ်အရွယ်သူ့မြေး
ကလေးကို ရှင်ပြုချင်ပါသည်ဟု ဆိုသောကြောင့်အခြေအနေအရရှင်သာမဏေဘ၀သို့ရောက်လာခဲ့ရသည်။ 
ထို့ကြောင့် မိမိ ရှင်သာမဏေ ဖြစ်လာသည်မှာ အခြေအနေအရပဗ္ဗဇ္ဇိတဟုဆိုလျှင်မှန်မည်လားမပြောတတ်။ 
       ပဉ္စမတန်း စာမေးပွဲအပြီး ကျောင်းပိတ်ရက်အတွင်း ဘုန်းတော်ကြီးကျောင်း၌ ကျောင်းသားအဖြစ်
ရောက်နေချိန်၊ မှတ်မှတ်ရရ သင်္ကြန်အကျနေ့...။
       ထိုနေ့တွင် မိမိ ရှင်သာမဏေအဖြစ်သို့ ရောက်ခဲ့သည်။ 
       မိမိကို ရှင်ပြုရာတွင် မဏ္ဍပ်ထိုးခြင်းလည်းမရှိခဲ့။ရှင်လောင်းအ၀တ်အစားနှင့်မောင်ရှင်လောင်းလှည့်ခြင်း
လည်းမရှိခဲ့။ ဗြောတီးပြီး ဘိသိက်မြှောက်ခြင်းဆိုက ပို၍ပင် ဝေးသေးသည်။ နတ်ပြသော အစဉ်အလာသည်
လည်း မိမိတို့ရွာတွင် မရှိ။ ရှိသည်က ကိုရင်ဝတ်မည့်သူမှန်းသိအောင် ဘုန်းကြီးဆောင်း ၀ါးတစ်လုံး ထီးတစ်
လက်ကို ပခုံးပေါ်တင်၍ မနက်ပိုင်း အဖေ့ဘက်က အဘိုးအဘွားများနှင့် ကျောင်းတွင်းရှိ ဥပုသ်သည် အဘိုး
အဘွားများကို လိုက်ကန်တော့ရသည်။ 
       မိမိရှင်ပြုရာတွင်လည်း အခြံအရံအနေဖြင့်ပရိက္ခရာ ၈-ပါး၊ ကန်တော့ပွဲ ၁-ပွဲ၊ ပန်းနှင့် သပြေခက်များ ထိုးထားသော ပန်းအိုးကလေးတစ်လုံး။ အဖေ အမေဆွေမျိုးများ ၊ ဥပုသ်သည်များသည် သာလျှင် ရှိခဲ့သည်။ ညနေဘက် ဆရာတော်ကိုယ်တိုင် ခေါင်းရိတ်ပေးအပြီ။ သင်္ကန်းတောင်းဆိုကာ သင်္ကန်းဝတ်၊ သရဏဂုံနှင့် ၁၀-ပါးသီလခံယူ၊ ဥပဇ္ဈာယ်ယူအပြီးတွင်မူ  ရှင်ပြုခြင်း အခမ်းအနားပြီးတော့သည်။ 
                                  xxxxxxxxxxxxxxxxxxxxxxxxxxx
       နောက်တစ်နေ့...။
       ရွာရှိ ဘုန်းတော်ကြီးကျောင်း ၂-ကျောင်းမှ ဆရာတော် ၂-ပါးအပါအ၀င်သံဃာတော်၅ပါး၊မိမိအပါအ၀င်
ရှင်သာမဏေ ၅-ပါးတို့ကို အိမ်သို့ပင့်ကာ နေ့ဆွမ်းဆက်ကပ်သည်။ ကျောင်းရှိဥပုသ်သည်များလည်း အပါအ
ဝင်ဖြစ်သည်။ 
       ထိုနေ့က အလှူ၌ ဆရာတော်ဟောကြားသည့်တရားကိုမူ မိမိနှင့် တိုက်ဆိုင်နေ၍ အနည်းငယ် မှတ်မိနေသေးသည်။ 
       ''ရှင်လောင်းတွေလှည့်၊ မဏ္ဍပ်ကြီးတွေထိုး၊ ဗြောတွေတီး၊ ဆိုင်း ၀ိုင်းကြီးတွေပါမှ တို့ဒကာ၊ ဒကာမတွေက ရှင်ပြုတယ်လို့ ထင်နေကြတယ်။ အဲဒါတွေဟာ မြတ်ဗုဒ္ဓအလိုကျ ရှင်ပြုတဲ့အထဲ မပါဘူး။ 
      ''ခေါင်းရိတ်၊ သင်္ကန်းဝတ်၊ သရဏဂုံ ၃-ပါးကိုပီပီပြင်ပြင်စိတ်ပါ လက်ပါ ဆိုတတ်ရင် ဒီ ၃-ချက်ပြည့်စုံရုံနဲ့
တင် ရှင်ဖြစ်တယ်။ ကိုရင်ဆိုတော့ ၁၀-ပါးသီလတော့ ယူရတာပဲပေါ့။
      ''အခုခေတ် ထမ်းစင်တွေ မြင်းတွေနဲ့ ရှင်လောင်းလှည့်နေကြတာမျိုး၊ စာပေထဲမှာတော့ ၃-ဌာနလောက်
ပဲ တွေ့ရတယ်။ ဗိမ္ဗိသာရမင်းကြီးရဲ့မိဖုရား ခေမာ ဘိက္ခုနီပြုတာရယ်၊ ရာဇဂြိုဟ်မြို့က ၀ိသာခါသူဋ္ဌေးရဲ့က
တော် ဓမ္မဒိန္ဒာဘိက္ခုနီပြုတာရယ်၊ နောက်ပြီး သိရီဓမ္မာသောကမင်းကြီးရဲ့ညီတော် အိမ်ရှေ့စံမင်း တိဿ ရှင်ပြုတာရယ်လောက်ပဲ။ 
     ''အဲ..ဗိမ္ဗိသာရမင်းကြီးက ရှင်ဘုရင်ဆိုတော့ ဘယ်ကိစ္စမျိုးမဆို ကြီးကြီးကျယ်ကျယ်လုပ်မှာပဲ။ ၀ိသာခါက
လဲ သူဋ္ဌေးကြီးကိုး၊ အခမ်းအနားတွေနဲ့ လုပ်မှာပေါ့။  နောက် နှစ်ပေါင်း နှစ်ရာကျော်လောက်အကြာ သိရီဓမ္မာ
သောကဆိုတာကလဲ ရှင်ဘုရင်ကြီး ရှင်ဒကာ၊ ရှင်လောင်းကလဲ ညီတော်အိမ့်ရှေ့စံဆိုတော့ အကြီးအကျယ်
လုပ်မှာပဲ။ အဲဒါကိုတော့ နားလည်ရမယ်။ 
      ''ပဏ္ဍိတသာမဏေ၊ မဟာဒုတ်အလောင်း၊ ၀န၀ါသီတိဿ စတဲ့ပုဂ္ဂိုလ်တွေကတော့ရိုးရိုးကလေးကျောင်း
သွားပြီး သင်္ကန်းဝတ်ကြတာပဲ။ သားတော်ရာဟုလာ ရှင်ပြုတာပဲကြည့် ရိုးရိုးကလေး လုပ်သွားတာ။
      ''အခုလဲ မောင်ရွှေ+မပို့တို့ရဲ့သား ထွန်းမောင်ကိုရှင်ပြုတာလဲ ဘာမှ ထူးထူးထွေထွေမပါ။ ဒါလဲ ကိုရင်
ဖြစ်တာပဲ။ တရားနာနေကြတဲ့ ဒကာ၊ ဒကာမတွေ အဓိကနဲ့ သာမည ခွဲတတ်ပါစေ။ ငါတို့ လုပ်တဲ့အလုပ်ဟာ ရှင်ပြုတာလား...၊အလှူပေးတာလား...၊ဆိုတာခွဲခြားပြီးတော့ နားလည်ထားရမယ်။
       ''နောက်ပြီး မိဘတွေသားကို ရှငပြုချင်တာနဲ့ ကျီးခြောက်လှန့်နိုင်ရင် ရပြီဆိုပြီး သဘောမထားကြနဲ့။ ငယ်လွန်းရင် အပြစ်ဖြစ်မယ်။ အမှိုက်ကစပြာသာဒ်မီးလောင်ဆိုတာမျိုးလို သေးငယ်တဲ့အရာပဲဖြစ်ပါစေ တန်းဖိုးထားတတ်ရင် တန်းဖိုးထားသလောက် အကျိုးကြီးတာ၊ ဒါကို သတိထားစေချင်တယ်'' 
      ထိုအလှူနေ့က ကျန်းမာရေးမကောင်း ဖြစ်ချင်နေသောအဘွားက သူကိုယ်တိုင်ရေစက်ခွက်ကိုင် မည်
ဆိုသောကြောင့် အိမ်အလယ်ခေါင်ကိုမှီပြီး တုန်တုန်ယင်ယင်ဖြင့် ရေစက်ချနိုင်ခဲ့သည်။ ရေစက်ခွက်ကိုင်
ခွင့်ရသောကြောင့် အဘွား၊ ကျေနပ်သွားဟန်ရှိသည်။ အဘွားမျက်နှာ ကြည်လင်လာ၏။
      မိမိ ကိုရင်ဝတ်ပြီး တစ်လကျော် အကြာအဘွားကျန်းမာရေး ပြန်ကောင်းလာသည်။ အဖေ အမေတို့၏ ပြုစုမှု၊ ဆရာဝန်၏ ဆေးစစ်ချက်မှန်ကန်မှုကြောင့် ဖြစ်မည်။ အဘွားပြုခဲ့သော ကုသိုလ်လည်းပါမည်။ သို့ရာ
တွင် အဘွားက သူပြန်လည်၍ ကျန်းမာလာသည်မှာ သူမြေးကိုရင် (မိမိ)ကြောင့်ဟု စိတ်စွဲနေသည်။ 
      သူအသက်ကိုကယ်သည်မှာလည်း ကိုရင်ဖြစ်သည်။ ထို့ကြောင့် သူ့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းမှန်သမျှ  သူ့မြေးကိုရင်နှင့် သာ ထိုက်တန်သည်ဟု အမြဲပြောနေတတ်သည်။ 
      မိမိကလည်း ''ဟုတ်ကဲ့'' ဟုဆိုကာ လိုက်လျောညီထွေ ခေါင်းညိတ်ပြရ၏။ အဖေ အမေ တို့ကမူ မြေးနှင့်
အဘွား အတိုင်ဖောက်ညီနေသည်ကို ပြုံးကြည့်နေကြသည်။
                         xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
          ကိုရင်ဝတ်ခဲ့သည်မှာ ၂-၀ါရခဲ့ပြီ။ စာသင်ကျောင်းတွင် အတူနေခဲ့ရသော သူငယ်ချင်းများစက်ဘီး
ကိုယ်စီဖြင့် ၂-မိုင်ဝေးသော အောက်ရေဖြူအလယ်တန်းကျောင်းသို့ကျောင်းတက်သည်ကို မြင်ရပြန်တော့ ဂေါ့အင်းဘုရားပွဲမှ အဘွားမဲပေါက်၍ ပေးထားသော မိမိစက်ဘီးကလေးကို သတိရမိသည်။ 
ရောက်ကန်တော့ကြသည့် မြင်ကွင်းကို မြင်ရလေတိုင်း ကျောင်းသားဘ၀ကို တမ်းတမိ၏။ ဆရာကြီး တို့လို ကျောင်းဆရာလည်း ဖြစ်ချင်မိသည်။ 
သွားကြသည်။ မိမိအဖော်ဆို၍ ကျောင်းသား ၅-ယောက်၊ ခွေး ၂-ကောင်၊ ကြောင်တစ်သင်းသာလျှင်ကျန်ရှိခဲ့
သည်။ 
         ကျောင်းမုခ်ဝရှိ အာရုံခံတန်ဆောင်း၊ ဆယ်စောင်တွဲ စာအုပ်၊ အမေလူကြုံ ဖြင့်ဝယ်ပေးတတ်သည့် မင်္ဂလာမောင်မယ်စာအုပ်တို့သည်  မိမိ၏ အဖော်များဖြစ်ခဲ့သည်။ နေ့ လယ် ၁-နာရီကျက်စာအနေဖြင့် သုတသန္နိစ္စယကျမ်းဟုခေါ်သည့် လောကီကျမ်းကိုလည်း သင်ကြားရသေးသည်။
      စာသင်ရသည်ကို နှစ်သက်သော်လည်း ဆရာတော်၏ ခပ်ကြမ်းကြမ်းပြောဆိုသော စကားများကိုမူ မိမိ မနှစ်သက်။ တစ်ခါတစ်ရံ ငေါက်ငမ်းပြောတတ်သောစကားကို  မိမိ မခံနိုင်ဖြစ်ရသည်။ ထိုအထဲ ဆွမ်းခံထွက်
ရာတွင် မြေသပိတ် ကျကွဲလိုက်သေးသည်။ ပြီးမှ သံသပိတ် ကိုင်ခွင့်ရသည်။ ကြမ်းကြမ်းပြောဆိုခြင်းသည် မိမိအတွက် ရိုက်သည်ထက်ပင် နာသည်။ တံခါးထောင့်သည် မိမိ၏ ခိုကိုးရာဖြစ်ခဲ့သည်။ တံခါးထောင့်တွင် ငိုယိုခြင်းမှတစ်ပါး အခြားမရှိ။ ဆရာတော်နှင့် အဖေ၊ အမေ အဘွားတို့ သိမည်မဟုတ်။  
     တစ်ခါတစ်ခါ သင်ခဲ့ရသော လောကနီတိပဏ္ဍိတကဏ္ဍမှ အပိုဒ်၃၉-ကိုအပြစ်မြင်မိ၏။ 
     ''အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှါ မပုတ်ခတ်၊ တင့်တယ်စိမ့်သောငှါ ပုတ်ခတ်၏။ ဆရာသည် တပည့်တို့အား အပါယ်ဆင်းရဲတို့သို့ကျစေခြင်းငှါ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်း
ကြောင့် ပုတ်ခတ်၏'' ဟူသောစကားကြောင့် ဆရာတော် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလေရော့သလား ဟု ထင်မြင်မိသည်။
       လောကနီတိ အဆိုကို ဘ၀င်မကျ။ အပါယ်ဆင်းရဲသို့ မကျစေချင်ဟုသာ ဆိုသည်။ ယခုမူ တပည့်စိတ်
ဆင်းရဲနေရသည်။ လောကနီတိထဲမှာ ပါတာက ရေအိုးတစ်လုံးကွဲလျှင် နောက်တစ်လုံးလုပ်၍ ရသည်။
      စာတစ်ပုဒ်ရအောင် ခက်ခက်ခဲခဲ ကျက်မှတ်ရခြင်းထက် အလုပ်တစ်ခုလုပ်၍ မှားယွင်းသွားမည်ကို ကြောက်၏။ ထို့ထက်ဆူငေါက်ခံရမည်ကို ပိုမိုကြောက်သည်။ ကြောက်၍မလုပ်ပါက ပိုမို အဆူခံရမည်ကို ကြောက်ရပြန်၏။ ထို့ကြောင့် ကြောက်ကြောက်ဖြင့် အလုပ်ကို လုပ်ရသည်။ ထိုကြောင့် အမှားအယွင်းဖြစ်၏။ အမှားအယွင်းဖြစ်သောကြောင့် ဆူခံရသည်။ မိမိ အတွက် အကြောက်သံသရာလည်နေတော့၏။
     ရွာထဲ၌ အလှူရှိ၍ ကျောင်းမှပန်ကန်များကို လာငှားပါက စာရင်း သေသေချာချာ မှတ်ထားရသည်။ ပြန်လာပို့ပါကလည်း သေသေချာချာ စစ်ဆေးရ၏။ သို့ရာတွင် မိမိစိတ်ထဲက ''သေမှသေချာပါရဲ့လား'' ဟုသံသယစိတ်ဝင်မိကာ အကြိမ်ကြိမ်အခါခါ ပြန်စစ်ရသည်မှာလည်း အမောပင်။ 
    ကိုရင်ဘ၀က လူဝတ်လဲမည်ဆိုပြန်ကလဲ ကျန်းကျန်းမာမာဖြစ်နေသော အဘွားကို မြင်ယောင်မိသည်။ 
    မနက်တိုင်း အိမ်ရှေ့စင်္ကြာပန်းပင်မှ ပန်းမျာကိုခူး၊ ခြင်းကလေးထဲ ထည့်ကာ ရေစိုအ၀တ်ပိုင်းကလေးဖြင့် အုပ်ထားတတ်ပြီး၊ နေစောင်းပါက အုန်းကျော၌ ကိုယ်တိုင်ပန်းသီ ညနေဘက်ရောက်ပြီဆိုပါက သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်း ကုန်းကုန်း ကုန်းကုန်းဖြင့် လက်တစ်ဖက်က တောင်ဝှေးကို အဖော်ပြု လက်တစ်ဖက်
က ပန်းကိုကိုင်ကာ ကျောင်းသို့ ပန်းလာလှူလေ့ရှိသော အဘွားသည် လူဝတ်လဲရန်အတွက် ငဲ့စရာဖြစ်နေ၏။
      အမေ့အား ကိုရင်လူထွက်ရန် ပြောမည်ဟု အားတင်းသော်လည်း အမေ့ကို မြင်ရသည်နှင့် အားများပြေ
လျော့ကာ နှုတ်ဖျားကလည်းဆွံ့အသွားပြန်၏။ ချီတုံ ချတုံ စဉ်းစားနေမိသည်မှာလည်း အကြိမ်ကြိမ်။
      စာအံကျောင်းတွင် စဉ်းစားနေမိ၍ စာပြန်ချိန် စာမရသောကြောင့် စာရသည်အထိ ကျက်မှတ်ရကာ သူများနောက်ဆုံးမှ စာပြန်ရသည်မှာလည်း အကြိမ်ကြိမ်။
      ထိုအခါမျိုးတွင် ဆရာတော်က-
     ''ဒီလို စာကျက်ပုံမျိုး နဲ့ စာသင်တိုက်မှာဘယ်လိုမှ နေလို့မရ၊ အမြဲတမ်း ဒဏ်ထမ်းနေရလိမ့်မယ်၊ စာကျက်တယ်ဆိုတာ စိတ်ဝင်တစ်စားကျက်မှ ရတာမျိုးကွ'' ဟုပြော၏။ 
     ဤသို့လျှင် ကိုရင် ၃-၀ါရခဲ့သည်။ ကိုရင် ၃-၀ါကိုလည်း အဖေ၊ အမေ အဘွားတို့အတွက်ရပြီ။ဆယ်စောင်
တွဲကုန်၍ လည်း သင်္ဂြိုဟ် စေတသိက်ပိုင်းသို့ ရောက်ပြီ။ ဒီလောက်ဆိုလျှင် ရပြီ။ လူဝတ်လဲတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ 
                       xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
        ''ကိုရင်..ကိုရင်..တေဇ၊ ကိုရင်..တေဇ'' 
        အမေ့ခေါ်သံကို ကျက်သရေခန်းထဲက မိမိကြားနေရသည်။ကျက်သရေခန်းဆိုသည်မှာ ကျောင်းရှိဆန်
အိုး၊ ထန်းလျက်အိုး၊ မန်ကျည်းသီးအိုးနှင့် ငါးခြောက်များကို ထားသောအခန်းဖြစ်သည်။ အမေ့ခေါ်သံကြောင့်
ကျက်သရေခန်းထဲက မိမိ ထွက်လာခဲ့သည်။ အမေသည် ဘုရားကို ရှိခိုးဦးချနေသည်။ အမေ၏အနားတွင် ရပ်လိုက်သည်။ အမေသည် ထိုင်ရာက မိမိအား မော့ကြည့်ကာ
        ''ကိုရင် ကျက်သရေခန်းထဲ ဘာလုပ်နေတာလဲ'' ဟုမေးသည်။ 
        ''ငှက်ပျော်သီးမည့်ပြီးလား ဆိုတာ ဆရာတော်ကြည်ခိုင်းလိုက်လို့'' မိမိက အဖြေပေးလိုက်သည်။   
        ''ကိုရင် မနက်က ကျောင်းသားကို ခဏလာအုံးလို့ တပည့်တော်ကို ခေါ်ခိုင်းတာ ကိစရှိလို့လား''  
         အမေမေးသော မေးခွန်းကို မည်သို့ဖြေရမှန်းမသိ။ ကျောင်းပေါ်တွင်လည်း အမေနှင့် မိမိသာလျှင်ရှိ
သည်။ အခုဆိုရင် ဆရာတော်နှင့် ကျောင်းသားများ ငှက်ပျောတောထဲ ငှက်ပျော်ပင်ငယ်များကို ခွဲထုတ်နေ
လောက်ပြီ။ စကားကို အရဲစွန့်၍ ပြောချလိုက်သည်။
       ''ကိုရင် ...လူထွက်တော့မလို့' 
        ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ကြားလိုက်ရသောကြောင့် အမေအံ့သြဟန်ရှိသည်။ အမေ့မျက်နှာ
သည်လည်း တင်းသွား၏။
     '' ကိုရင် ..ဘာ..ဘာပြောလိုက်တယ်'' 
      အမေ၏ အသံမှာ မြင့်တက်သွား၏။မိမိလည်း ခပ်ပြတ်ပြတ် ပြောလိုက်မိသည်။ 
     ''ကိုရင် လူထွက်တော့မလို့''
      အမေသည် တစ်ခုခုစဉ်းစားနေသကဲ့သို့ ခေတ္တငြိမ်သက်နေသည်။ မိမိလည်း ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။ 
       ''ဘာကြောင့် လူထွက်ချင်ရတာလဲ ကိုရင်ရယ်''
      အမေ၏စကားသံမှာ ညင်ညင်သာသာရှိလာသည်။ 
     ''မြောက်ကျောင်းက စာသင်တိုက်မှာနေတဲ့ ဦးဥာဏ စာမေးပွဲအပြီး ပြန်လာရင် ဆရာတော်က ကိုရင့်ကို စာသင်တိုက်ပို့မယ်ပြောတယ်'' 
     ''တေဇ၊ ဒီမှာဆက်နေရင် ကြီးလာတဲ့အခါ  သူများတွေလိုစာမေးပွဲမအောင်ထားရင်မျက်နှာငယ်ရလိမ့်တဲ့။
တပည့်တော်နဲ့ ကိုရင့်အဖေကို မနေ့တစ်နေ့က ခေါ်ပြောတယ်။ ကိုရင်က စာအံကျောင်းမှာဆိုတော့ ကိုရင်
မသိရသေးဘူး။ ကိုရင့် အဖေကိုတောင် ကိုရင်အိမ်ဝင်လာမှ ပြောတော့မယ်လို့ ပြောထားသေးတယ်။ အခု
ကိုရင်က လူထွက်မယ်ဆိုတော့...”
        အမေသည် စကားကို ဆက်မပြောပဲ ငြိမ်နေသည်။ အမေ့ဦးခေါင်းသည်လည်း အောက်သို့ငုံ့လျက် မျက်လုံးအစုံမှာ ကြမ်းပြင်ကို စိုက်ကြည့်နေသည်။ အမေ့မျက်နှာသည်လည်း ကျောင်းပေါ်ရောက်စ ဘုရား
ဦးချစဉ်က မျက်နှာမျိုး မဟုတ်တော့။ ကြည်ကြည်လင်လင် မရှိသည်ကို တွေ့ရသည်။ အမေသည် မိမိကို ပြန်
ကြည့်ကာ
        ''ကိုရင် ..စဉ်းစား..ကိုရင်။ ကိုရင်သာ  လူထွက်မယ်ဆိုရင် ကိုရင့်အဖွားနဲ့တကွ တပည့်တော်မတို့ အား
လုံးစိတ်ဆင်းရဲရတော့မှာပဲ။ ကိုရင့်အပေါ်ရည်စူးမျှော်မှန်းထားသမျှ သဲထဲရေသွန်ဖြစ်တော့မှာပဲ''
       အမေဆို့နင့်စွာ စကားကို ရပ်လိုက်သည်။ ဆက်မပြောတော့။ ရုတ်တရက် မိမိရှေ့က လှည့်၍ ကျောင်း
ပေါ်မှ ဆင်းသွားခဲ့သည်။ အမေနောက်ပြန်၍ပင် လှည့်မကြည့်ပါ။ အမေထွက်သွားသည်ကို မိမိတံခါးပေါက်ကို
မှီ၍ အမေ့ကျောပြင် ပျောက်ကွယ်သည်အထိ ငေးမောကာ ကြည့်နေမိသည်။
    အမေ့ထံမှ မမျှော်လင့်သော စကား။ မည်မျှအထိ အဓိပ္ပါယ်သက်ရောက်သွားသည်ကို မိမိ သိနေပါသည်။ မိမိအကြံအစည်များ၊ပြောစကားများသည် သံပုံထဲသို့ရေသွန်းလောင်းသကဲ့သို့ဖြစ်သွားရပြီ။အမေ၏ပြောစ
ကားများကို ဆက်မစဉ်းစားချင်တော့။ဆရာတော်နှင့်ကျောင်းသားများငှက်ပျောပင်စိုက်ရာကျောင်းအနောက်
ဘက်ဆီသို့မိမိထွက်လာခဲ့သည်။ ခြေလှမ်းများသည် သွက်သွက်လက်လက် တက်တက်ကြွကြွ မဟုတ်။ နှေးကွေးလေးလံနေသည်ကိုတော့ သတိပြုမိသည်။ ဆရာတော်ကြည့်ခိုင်းသော မမှည့်သေးကြောင်းကို
လည်း လျှောက်ထားရဦးမည်။ မိမိ ကြာနေသောကြောင့် ဆရာတော်ဆူမည်လား ဟု စိုးရိမ်လိုက်မိ၏။ 
                        xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
      ''ဦးဇင်း...အေးလာပြီ။ အဆောင်ပြန်မှထင်တယ်'' 
      အမေ့စကားသံကြားရမှ မီးရောက်အောက်ရပ်လျက် အတိတ်သို့လွင့်မျောနေသော စိတ်အစဉ်ကိုစုလိုက်
မိသည်။ ခြေလှမ်းများကလည်း အဆောင်သို့ ဦးတည်မိသည်။ 
     ထိုအချိန်က မည်သို့သော ရည်ရွယ်ချက်ဖြင့် အမေ့ပြောခဲ့ပြောခဲ့။ အမေ့စကားလုံးများသည် မိမိ၏ ရင်
တွင်းသို့ အပူးစီးကြောင်းအဖြစ် ပြောင်းလဲစီးဝင်သွားခဲ့သည်ကိုတော့ အမေသိမည် မဟုတ်ပါ။
    ယခုတော့လည်း စာသင်တိုက်နှင့် သာသနာ့တက္ကသိုလ်ကသင်ကြားပေးလိုက်သည့်ဗုဒ္ဓစာပေတွေကြောင့်
သာသနာ့ဘောင်မှာ ပျော်မွေ့တတ်ပါပြီ။ 
     ''အမေ ၀မ်းမြောက်ပါလေတော့'' 
      မိမိစိတ်ထဲမှ ပြောနေမိသည်နှင့်အတူ ကောင်းကင်ကို မော့ကြည့်မိသည်။ လမင်းကြီးကတော့ မြူကင်း
စင်လျက် ထိန်ထိန်သာနေမြဲပင်။
      [ဤ၀တ္ထုဖြင့် မိဘ၊ ငယ်ဆရာ၊ ရဟန်းဒါယကာတို့အား ဂုဏ်ပြုပါသည်။]
                                                                       အရှင်ဓမ္မိက(လောင်းလုံ)
ဓမ္မရတနာဓမ္မမဂ္ဂဇင်းတွင်ဖေါ်ပြပြီးဖြစ်ပါသည်။
1 comments:
  • June 20, 2011 at 7:17 PM
    mstint Disse:
    အရှင်ဘုရားရဲ့ 'အမေဝမ်းမြောက်ပါလေတော့' ပို့စ်လေးကို မိခင်ဖြစ်သူ ဖတ်မိရင် ကြည်နူးမှာ အမှန်ပဲဘုရား။ စိတ်ရှည်စွာရေးထားတဲ့ ဘဝအကြောင်းလေး ဖတ်သွားပါတယ် ဘုရား။
    မေတ္တာဖြင့်
    အန်တီတင့်
    delete
Post a Comment
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger