****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Sunday, June 12, 2011

သြရမတောင်တန်းပေါ် စီးဆင်းခဲ့သောနေ့ရက်များ (၈)


 


          ထိုနေ့ နံနက်စောစော အိပ်ယာက နိုးနေခဲ့သည်။ စောစောဟုဆိုရသော်လည်း မနက် (၅း၀၀) နာရီ 
ထိုးပြီးနေပြီ။ ဒုံးသိမ်၏ပတ်ဝန်းကျင်တစ်ခုလုံးကို နှင်းထုများက ၀ါးမြိုထား၏။ 
        ‘‘ဒီနေ့ လွတ်လပ်ရေးနေ့ပဲ၊  မြန်မာ့အသံကဘွဲ့တံဆိပ်တွေ ကြော်ငြာတာ နားထောင်ရအုံးမယ်’’
     သူ့မှာပါလာသည့် လေဒီယိုလေးကို ထုတ်ရသည်။ ဝေးလံခေါင်သီသောဒေသသို့ရောက်နေသော သူ့အတွက် ရေဒီယိုလေးသည်သာလျှင် အစစအရာရာ သတင်းအချက်အလက် ဗဟုသုတများကို သယ်ဆောင်ပေးနေသော ကိရိယာလေး ဖြစ်နေသည်။ မြန်မာ့အသံသည်ပင်လျှင် တော်တော်မျှနှင့် ဖမ်း၍မမိ၊ တောတောင်ထဲနေသူတို့အဖို့ ရေဒီယိုလေးသည် အဖိုးမဖြတ်နိုင်သော ဗဟုသုတဘဏ်တိုက်တစ်ခုဖြစ်၏။ ၇း၀၀နာရီထိုးခါနီးမှလိုင်းမိသည်။ လိုင်းရှုပ်ထွေးနေသော ရေဒီယိုလေးကို စားပွဲပေါ်တင်ကာ ၀ိုင်းနားထောင်ကြ သည်။

          ဂး၀၀နာရီထိုးပြီးသည်နှင့် ကင်းတောင်ရွာဈေးဘက်သို့ ဦးဣန္ဒက၊ ဦးဥက္ကံသတို့နှင့် အတူလမ်း
လျှောက်ထွက်ခဲ့ကြသည်။ ကင်းတောင်ရွာကို နောက်ခံထားသော တောင်တန်းကြီးက မြူတို့အုံ့ဆိုင်းလျက် ရှိနေသေးသည်။
ကုလားလေးတစ်ယောက် အသက်တစ်နှစ်ကျော်ကျော်လောက်သာ ရှိအုံးမည်။ ခန္ဓာကိုယ်တွင် အ၀တ်ဗလာ ချမ်းအေးမှုဒဏ်ကိုအံတုနေရှာသည်။ ဘာမှမဖြစ်သလိုပင်။ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားသည် ဟုထင်မိသည်။ ကင်းတောင်ရွာသို့ သွားသောလမ်းက တာရိုးတစ်ခုကဲ့သို့ ဖြစ်နေသည်။ လမ်းဘေးဝဲယာ ကုလားအိမ်များ၊ အမိုးကို ကောက်ရိုးများဖြင့် မိုးထားသည်။ ခေါင်မိုးထိပ်ပေါ်တွင် ရေအိုးတစ်လုံး တင်ထားသေးသည်။ နေအိမ်ပတ်ပတ်လည် အလုံပိတ်ထားပြီး အ၀င်ပေါက်တစ်ခုသာလျှင် တွေ့ရသည်။ နေအိမ်၏ နံရံများကိုလည်း မြေကြီးများဖြင့် မွန်းမံထားသည်။ ခြံစည်းရိုးတိုင်း ခြံဝင်းတိုင်းတွင် ပဲစင် ဗူးစင်နှင့် သီးပင်စားပင်များ စိုက်ပျိုးထားသည်ကိုလည်း တွေ့ရသည်။ ခြံစည်းရိုးကို တော်တော်မြင့်မြင့်ကာထားသည်ကို တွေ့ရသော်လည်း တစ်ချို့အိမ်များမှာ ခြံစည်းရိုး နိမ့်နိမ့်လေး ကာထားသည်။
ကင်းတောင်ရွာရှိ ဈေးဆိုင်းလေးတွေက လမ်းဘေးဝဲယာတစ်ဖက်တစ်ချက်တွင် ဆောက်လုပ်ထားသည်။ တစ်ဆိုင်နှင့်တစ်ဆိုင် တွဲစပ်ကာ ဆောက်လုပ်ထားသောကြောင့် တန်းလျားသဖွယ် ဖြစ်နေသည်။ ဆိုင်လေးတွေအရှေ့တွင် ငရုပ်သီးရောင်းသူ၊ ပိန်းဥရောင်းသူ၊ မုန်လာဥရောင်းသူ၊ ကန်စွန်းရွက်ရောင်းသူ ဈေးဝယ်သူတို့ဖြင့် ပြည့်နှက်စည်ကားနေသည်။ ဈေးတစ်ဈေးလုံး ကုလားတွေချည်းသာ တွေ့ရသည်။ 

                                        ကင်းတောင်ဈေး

 ဘယ်ဘက်လမ်းကွေ့ထဲက ဆရာမတစ်ယောက် ထွက်လာသည်။ သူတို့ရှေ့သို့ ရောက်လာသည်။
          ‘‘ဆရာမခင်အေးမူ ဘာတွေလာဝယ်တာလဲ’’
         ‘‘ဇာရယ်လို့မဟုတ်ပါ  ဇာတွေဟိပါလည်းဆိုတာ လာကြည့်တာပါ’’
          ဦးဣန္ဒက ၏ အမေးကို ဆရာမကဖြေသည်။
         ‘‘ဒီဦးပဇင်း အသိုစ်လား’’
          ဦးပဇင်းဟူသော စကားကိုတော့ သူနားလည်သည်။ အသိုစ်ဆိုသော စကားကတော့ ဘာကိုဆို
လိုသည်မသိ။
       ‘‘ဟုတ်တယ်ဆရာမ၊ အသစ်အသစ် ရောက်တာမကြာသေးဘူး’’
      ဦးဣန္ဒက ပြောလိုက်မှ အသိုစ် ဟူသည် အသစ်ကိုခေါ်ကြောင်း သူ သိလိုက်ရသည်။ ရခိုင်စကားတွင် ‘‘အစ်’’ အသံကို ‘‘အိုက်’’ အသံထွက်သည်။ ‘‘အေ’’ ကိုလည်း ‘‘အီ’’ အသံထွက်သည်ကို သတိပြုမိသည်။ စစ်တွေကို စိုက်တွေ၊ ရေ ကို ရီ၊ ရကောက်ကို R-အသံဖြင့် ထွက်သည်။ “သွားသည်” ကို “လားသည်”ဟု သုံးသည်။ စာပေ၌ရှိသော “အရှေ့သို့လားသော်” “အနောက်သို့လားသော်” စသည့် အသုံးအနှုံးတွင်ပါဝင်သော ‘‘လား’’ သည်ရခိုင်ဒေသအသုံးအနှုံး အနေဖြင့် အသုံးပြုနေဆဲ ဖြစ်သည်။
      ‘‘ဇာလာဝယ်ပါလဲ’’
      ‘‘ကွမ်းရွက်လာဝယ်တာ’’
      ‘‘ကွမ်းရွက်က ဈီးတတ်ပါရေ တစ်ဗီယာ သုံးရာပြောပါရေ’’
    ဆရာမပြောသော စကားထဲတွင် ကွမ်းရွက်ဈေးတက်သည်ကိုတော့ သူနားလည်သည်။ တစ်ဗီယာ ဟူသော အသုံးအနှုံးကိုတော့ သူနားမလည်။ နောက်ဈေးထဲတွင် အော်ပြောနေသည်ကိုလည်း ‘‘တစ်သိုက်” “ တစ်ဗွာ’’ ဟူသော ဝေါဟာရများကိုလည်း ကြားရသည်။ နောက်တော့မှ ဦးဣန္ဒက ကို မေးရတော့မည်။
          ဈေး၏အရှေ့တွင် ချောင်းတစ်ခုတွေ့ရသည်။ စိုင်းတင်ချောင်း ဟု ဆိုသည်။ သူတို့၏ မင်းကိုင်း သာသနာပြုဌာနကို ထိုစိုင်းတင်ချောင်းမှ စက်လှေစီးကာ သွားရသည်ဟု ဆိုသည်။ 

                                            စိုင်းတင်ချောင်း နှင့် ကင်းတောင်ဆိပ်

          ကွမ်းကြိုက်သော ဦးဣန္ဒက က ကင်းတောင်ဈေးထဲတွင် ကွမ်းရွက်ဝယ်သည်။ တစ်ဗီယာ ဟု ဆိုသည်။ ကွမ်းရွက်ကို ချိန်တွယ်သည်ကို မမြင်ရ၊ ရေတွက်၍သာပေးသည်ကိုသာ မြင်ရသည်။ တစ်ဗီယာဆိုသောကွမ်းရွက်သည် တော်တော်များသည်ကို တွေ့ရသည်။
    ‘‘တစ်ဗီယာဆိုတာ ကွမ်းရွက် အရွက်ရှစ်ဆယ်ပါတယ်၊ တစ်သိုက်ဆိုတာက ခြောက်ဆယ်သား၊ ဆယ့်ငါးကျပ်သားကိုတစ်ဗွာ၊ လေးဗွာတစ်သိုက်၊ သိုက်ခွဲဆိုရင်သုံးဆယ်ကျပ်သား၊ တစ်မောင်းဆိုရင် အသိုက်လေးဆယ်’’
          ဦးဣန္ဒက ပြောစကားကြောင့် သိရှိလိုက်ရသည်။ ဒေသတစ်ခုသို့ရောက်ပြီဆိုလျှင်ရောက်ရာ
ဒေသ၏ အသုံးအနှုံးဝေါဟာရများသည် မသိမဖြစ် သိထားရန်လိုအပ်၏။ ထိုဝေါဟာရများကို သူ လေ့လာရအုံးမည်။ 

                               xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
         
စိုင်းတင်

          ၁၄၊ ၁၊ ၂၀၀၈၊ တနင်္လာနေ့

လွယ်အိပ်ထဲက နာရီထုတ်ကြည့်တော့ ၁၀း၀၀ နာရီရှိနေပြီ။ စက်လှေက မလာသေး။ ကင်းတောင်စာသင်ကျောင်းအတွင်း စက်လှေစောင့်ရင်း သူတို့ထိုင်နေကြသည်။
သူတို့ဆိုသည်မှာ မင်းကိုင်း ဦးဣန္ဒက၊ ကျွဲရိုင်းဦးဥက္ကံသ၊၀ါးနက်ရုံဦးအဂ္ဂဉာဏ၊ ဒုံးသိမ် ဦးသုမင်္ဂလနှင့် သူဖြစ်သည်။ ကျောင်းသားကျော်ဆန်းဝင်းတစ်ယောက်လည်းပါသေး၏။ ထိုင်နေသည်မှာလည်း နာရီဝက်ကျော်နေပြီ။ ဗုဒ္ဓဟူး (ဈေးနေ့) ဆိုလျှင် စက်လှေက စိုင်းတင်ဈေးအမီ စောစောထွက်သည်ဟု ဆိုသည်။ သည်နေ့မှာ တနင်္ဂနွေဖြစ်နေ၏။ ဈေးနေ့ မဟုတ်။ ထို့ကြောင့် စက်လှေနောက်ကျသည်ဟု ထင်သည်။ စက်လှေက ဖုံညိုလိပ်မှ ထွက်လာမည်ဟုဆိုသည်။ ဖုံညိုလိပ်နှင့် ကင်းတောင်က တစ်မိုင်ခွဲသာသာရှိသည်။ နေ့ဆွမ်းလဲမဘုဉ်းရသေး။ ဆွမ်းများကိုတော့ အိတ်ဖြင့်ထည့်လာခဲ့သည်။ စားစရာဆို၍ထူးထူးထွေထွေ မဟုတ် ငါးခြောက်ကြော်တစ်ခွက်နှင့် ငါးပိချက်တစ်ခွက်သာပါသည်။ ဆွမ်းကို စက်လှေထဲတွင် အဆင်ပြေသလို ဘုဉ်းပေးရန် ထည့်လာခဲ့ခြင်းဖြစ်သည်။ အခု စက်လှေက မလာသေး။ ဆွမ်းကို အရင်ဘုဉ်းပေးထားလျှင် ကောင်းမည်ဟု ထင်သောကြောင့် စာသင်ကျောင်းတွင် ဆွမ်းဘုဉ်းပေးရန် သူ ဦးဣန္ဒက တို့ကို ပြောလိုက်သည်။
သူပြောသည့်အတိုင်းပင် သူတို့ စာသင်ကျောင်းထဲအတွင်း ဘုဉ်းပေးလိုက်ကြသည်။ ကင်းတောင်ကျောင်းအုပ် ဆရာသိန်းထွန်းဝင်းနှင့် ဆရာမများက သူတို့ချက်ထားသော ဟင်းများကို လာရောက် ဆက်ကပ်သည်။ ပဲသီးကြော်နှင့် ငါးဟင်းတစ်ခွက်ပါသည်။ အခုမှ သူတို့ ဆွမ်းဝိုင်းလေး စိုစိုပြေပြေ ဖြစ်သွားသည်။ 

                       ကင်းတောင်စာသင်ကျောင်းထဲ ဆွမ်းပြင်နေသော ဦးဣန္ဒက

သူတို့ ဆွမ်းဘုဉ်းပေးအပြီး ခဏအကြာ ၁၀း၄၅ အချိန်ခန့်တွင် စက်လှေသံကြားရသည်။ သူတို့ ကင်းတောင်ဆိပ်ကမ်းသို့ ထွက်လိုက်ကြသည်။ သူတို့ စက်လှေပေါ်အရောက်
‘‘ဦးဇင်း.. ဦးဇင်း ဒီဟာလေးတွေ ယူသွားအုံး’’
စက်လှေထွက်မည့်ဆဲဆဲ ဒေါ်နှင်းကြည် ရောက်လာသည်။ လက်ထဲတွင် ငှက်ပျော်သီးက တစ်ဖီး၊ ရေသန့်ဗူးများကို ရင်ခွင်ပိုက်ကာ စက်လှေနားအထိ ဆင်းလာခဲ့သည်။ ဒေါ်နှင်းကြည် မှာ ကင်းတောင်ကျောင်းအုပ်ဆရာ သိန်းထွန်းဝင်း၏ အမေဖြစ်သည်။ ဒုအရာခံဗိုလ်စန်းမြင့်၏ ဇနီးဖြစ်သည်။ ခ.မ.ရ - ၅၅၁ တွင် နေသည်။ ဒေါ်နှင်းကြည်ထံမှ ငှက်ပျောသီးနှင့် ရေသန့်ဗူးယူပြီး ခဏအကြာ စက်လှေ ကင်းတောင်ဆိပ်ကမ်းမှ ထွက်ခွာသွားသည်။ 
သူတို့လည်း စက်လှေခေါင်မိုးပေါ်တွင် လိုက်ပါလာခဲ့ကြသည်။စက်လှေက အပြည့်တင်ထားသည်။

                                                                စက်လှေအမိုးပေါ်ဝယ်

ကင်းတောင်ဆိပ်ကမ်းမှ အရှေ့ဘက်ကမ်းသို့ စက်လှေက ဆိုက်ကပ်ပြန်သည်။ ဆိုက်ကပ်သောရွာမှာ ရေချမ်းပြင်ရွာ ဟုဆိုသည်။ ထိုရွာသည် ဘာသာခြားရွာတစ်ရွာ ဖြစ်သည်။ ရွာ၏ရှေ့တွင် ရှေးဟောင်းဘုရားတစ်ဆူ ရှိသည်ဟုဆိုသည်။ ယခင်က ထိုရေချမ်းပြင်ရွာသည် ရခိုင်တိုင်းရင်းသားများ နေထိုင်သော ရွာဟုဆိုသည်။ ရခိုင်/ကုလား အဓိကရုဏ်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့ ထွက်ပြေးခဲ့ရသည်။ သူ ရောက်ဖူးသော စစ်တွေရှိ ရေချမ်းပြင်ရွာနှင့် အခု ရေချမ်းပြင်ရွာသည် မည်သို့ ဆက်စပ်နေသည်တော့မသိ။
စက်လှေသည် ကုလားစက်လှေဟု ဆိုရလောက်အောင် စက်လှေပေါ်တွင် ကုလားတွေချည်း ဖြစ်နေသည်။ ရခိုင်သားဟူ၍ လက်ချိုးရေတွက်၍ရသည်။ စိုင်းတင်ချောင်းအထက်ဘက်သို့ ၀ါးခုတ်သွားကြသည်ဟု ဆို၏။ အထုတ်အပိုးတွေရော အိုးခွက်တွေကအစ ပါသည်။  နာရီဝက်ခန့်အကြာ ရွာတစ်ရွာသို့ စက်လှေကပ်ပြန်သည်။ တက်သူတက် ဆင်းသူဆင်းကြသည်။ မင်းလှကိုင်းရွာဟု ဆိုသည်။ သူနှင့် သင်္ဘောပေါ်တွင် မ.ရ.က ဥက္ကဋ္ဌနှင့် တွေ့စဉ်က မ.ရ.က ဥက္ကဋ္ဌပြောသော မင်းလှကိုင်းရွာ ဆိုသည်မှာ ဒီရွာဖြစ်မည်။
စက်လှေသည် စိုင်းတင်ချောင်းအတိုင်း မြွေလိမ်မြွေကောက် သွားနေသည်။ မြစ်ကမ်းတစ်ဖက်စီ၌ တောင်တန်းတို့ကကာရံပေးထားသည်။ စိုင်းတင်ချောင်းထဲ ဘ၀၀မ်းစာအတွက် ရှာဖွေနေကြသော ငါးဖမ်းလှေလေးများကိုလည်း တွေ့ရသည်။

                              
                                          ငါးဖမ်းလှေလေးတွေ
                
မြို့မချောင်းရွာအလွန် ဦးအဂ္ဂဉာဏ တစ်ပါး  မဲ့မဲ့ရွဲ့ရွဲ့ဖြင့် သူ့ထံရောက်လာသည်။
‘‘ကိုယ်ကုဋီသွားချင်တယ်ကွာ၊ စက်လှေကို ကမ်းကပ်ပေးခိုင်းစမ်းပါ’’ ဟုလာပြောသည်။
စက်လှေမောင်းသူကို ဦးဣန္ဒက က တဆင့်ကမ်းကပ်ပေးရန် ပြောခိုင်းရသည်။ မြို့မချောင်းရွာအလွန် နောက်တစ်ရွာ ရောက်သည်။ ပြင်ချောင်းရွာဟုဆိုသည်။ စိုင်းဒင်ဓမ္မရောင်ခြည်ကျောင်း ဟု ရေးသားထားသော ဘုန်းကြီးကျောင်းတစ်ကျောင်းကို တွေ့ရသည်။ ပြင်ချောင်းရွာကို လွန်လာပြီးစိုင်းတင်ဈေးရွာကို ရောက်တော့ နေ့ ၁၂း၅၀ နာရီ ရှိနေပြီ။
စိုင်းတင်ဈေးရွာသည် အိမ်ခြေ (၂၀) နှစ်ဆယ်ခန့်လောက်ရှိမည်။ သရက်ပင်များအောက် ခိုဝင်ကာ ရှိနေသော ရုံးတန်းငယ်များသည် ဈေးဟု ဆို၏။ ဗုဒ္ဓဟူး (ဈေးနေ့) တိုင်း တောင်ပေါ်သားများနှင့် မြေပြန့်သားတို့ ကုန်ပစ္စည်းချင်းဖလှယ်ရာ ဌာနတစ်ခုလည်း ဖြစ်သည်။ 


                                        ပြင်ချောင်း(ဈေးရွာ) ဗုဒ္ဓဟူးဈေး
                   
စက်လှေပေါ်က ကုလားများ သုံးချိုးနှစ်ချိုးခန့် ဆင်းသွားသည်။ ဈေးရွာကနေ သူ သာသနာပြု တာဝန်ကျသည့် မင်းကိုင်းသာသနာပြုဌာနကို သွားလို့ရသည်ဟုလည်း သိရသည်။ စိုင်းတင်ရေတံခွန်တွင် အုပ်စုဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် ချိန်းထားသောကြောင့် စိုင်းတင်ရေတံခွန်ကနေ သာသနာပြုဌာနသို့ သွားမည်ဟုသိရသည်။ ဈေးရွာမှ စက်လှေထွက်မည် အလုပ် စက်လှေက စက်နှိုးမရတော့။ “ဖွတ်ချက် ဖွတ်ချက်” အသံပေးကာ စက်က ရပ်ရပ်သွားသည်။

                              ဈေးရွာတွင် စက်လှေက စက်ပျက်နေသေးသည်

တောင်ခြေအရင်းတွင် တောင်ယာသခွားစိုက်ခင်းလေးတွေကို တွေ့မြင်နေရသည်။ဘူးသီးတောင်မြို့
ဆိပ်ကမ်းကနေအရှေ့ဘက်သို့ကြည့်ခဲ့စဉ်က တွေ့မြင်ရသောခမ်းနားထည်ဝါသော စိုင်းတင်တောင်
တန်းကြီး၊ မယူမြစ်ကမ်းလွင်ပြင်တစ်ခြမ်းကို အနားကွပ်ပေးထားသော စိုင်းတင်တောင်တန်းကြီး အခုသူတို့ ရောက်ရှိနေကြသည်။
မယူမြစ်ညာပိုင်း အရှေ့ဘက်ရှိ စိုင်းတင်တောင်တန်းကြီးသည် ဘင်္ဂလားဒေ့ရှ်ရှိ နယ်ထဲသို့ တောင်နွယ်တစ်ခုဆင်းသည်။ ရခိုင်နယ်တွင် မိုင် ၄၀ မျှ ရှည်သည်။ အမြင့်ဆုံးတောင်မှာ ၂၄၉၄ ပေ မြင့်သည်ဟုဆိုသညိ။

                                          တောင်ယာတဲနှင့် စိုက်ခင်း 

မြေပုံထဲတွင် စိုင်းတင်ချောင်းဟု တွေ့ရသည်။ စိုင်းးဒင်တောင်ကြားမှ စီးဆင်းကာ ဘူးသီးတောင်မြို့ တောင်ဘက်အနီး ကုလားပန်ဇင်းချောင်းနှင့် ပေါင်းဆုံသည်။ မယူမြစ်လက်တက်တစ်ခုဖြစ်သည်။ မိုင် ၄၀ မျှ ရှည်သည်။ ရခိုင်တိုင်းရင်းသားတို့က ‘‘စိုင်းဒင်’’ ဟု အသံထွက်သည်ကို ကြားရသည်။ စာရေးသောအခါ ‘‘စိုင်းတင်’’ ဖတ်သောအခါ ‘‘စိုင်းဒင်’’ ရေးတော့အမှန် ဖတ်တော့အသံ ဆိုသည်မှာ ဤသဘောသည်ပင်လျှင် အသံ၏ သဘာဝတစ်ခု ဖြစ်နေ၏။
စိုင်းတင်ဟူသော အမည်သည် ‘‘စစ်တန်းတင်’’ ဟူသောအမည်မှ ဆင်းသက်လာသည်ဟု ဆို၏။ ‘‘စစ်တန်းတင်’’ ‘‘စစ်’’ ၏ အဓိပ္ပါယ်မှာ ‘‘စစ်ချောင်း’’ ဖြစ်သည်။ ‘‘တန်း’’ အဓိပ္ပါယ်မှာ ‘‘တန်’’ မှ ရွေ့လျားလာသော ရှေးဟောင်းပေါရာဏစကား၏ အဓိပ္ပါယ်ဖြစ်သည်။ ‘‘ရေ’’ ဟု အဓိပ္ပါယ်ရသည်။ ‘‘တင်’’ မှာ ‘‘တင်နေသည်’’ဟု အဓိပ္ပါယ်ရ၏။ ‘‘စစ်တန်းတင်’’ ၏ အဓိပ္ပါယ်အပြည့်အစုံမှာ ‘‘စိုင်းတင်တောင်တန်းပေါ်၌ တင်နေသော စစ်ချောင်းရေ’’  ဖြစ်သည်။
စိုင်းတင်တောင်တန်းကြီး၏ အရှေ့ဘက်တွင် သြရမတောင်တန်းကြီး ရှိသည်။ စိုင်းတင်ချောင်းသည် စစ်ချောင်းနှင့် ရီချောင်း ပေါင်းဆုံရာမှ ဖြစ်လာသော ချောင်းဖြစ်သည်။ အနောက်ဘက်က စစ်ချောင်း၊ စိုင်းတင်တောင်တန်းမှ စီးဆင်းသည်။ အရှေ့ဘက်က ရီချောင်း၊ သြရမတောင်တန်းမှ စီးဆင်းသည်။ စိုင်းတင်ချောင်းသည် အဆင့်ငါးဆင့်ခွဲ၍ နှစ်မိုင်ခန့် အရှိန်ယူ ပြေးလာပြီးနောက် ဧရာမရေလုံးကြီးကို ပေ-၇၀ အမြင့်မှ ဒလဟော သွန်ချလိုက်ရာ မြစ်ဆုံမှ နှစ်မိုင်ခန့်အကွာ လှပသော စိုင်းတင်ရေတံခွန် ဖြစ်လာခဲ့သည်ဟု ဆိုသည်။
စက်လှေ စက်နိုးပြီ။ နာရီကြည့်တော့ ၁း၃၀ နာရီပင် ရှိနေပြီ။ မိနစ် ၄၀-ခန့် ဈေးရွာတွင် အချိန်ကုန်ခဲ့ရသည်။
ရေတံခွန်မှ ရေစီးသံကြားနေရပြီ။ တဝေါဝေါဖြင့် ဆူညံသံတွေ ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ဟိန်းနေသည်။ ချောင်းကွေ့တစ်ခုကိုဝင်ပြီး ပြန်ထွက်လာတော့ တသွင်သွင်စီးနေသော စိုင်းတင်ရေတံခွန်ကို အဝေးမှပင် တွေ့မြင်ရသည်။
ဤရေတံခွန်သည် နှစ်ပေါင်းမည်မျှကြာကြာ စီးဆင်းနေခဲ့ပြီမသိ။ 
   
                                           စိုင်းတင်ရေတံခွန်

စိုင်းတင်ရေတံခွန်သည် ရခိုင်ကမ်းမြောင်တွင် အကြီးဆုံးရေတံခွန်ဖြစ်သည်။ စိုင်းတင်ချောင်းတွင် ရှိသည်။ ပေ ၇၀ ခန့်မြင့်ပြီး ပေ ၇၀၀ ခန့် ကျယ်သည်။ ရေဖမ်းနယ်မှာ စတုရန်းမိုင် ၄၅၀ မျှ ရှိသည်။ ရေအား လျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် အင်္ဂလိပ်ခေတ်ကပင် ကြိုးပမ်းခဲ့ကြသည်ဟုဆိုသည်။ မယူမြစ်ဝမှ မိုင် ၅၀၊ ဘူးသီးတောင်မြို့အရှေ့ဘက် ၈ မိုင်ဝေးသည်။

ရခိုင်မြေသည် လွန်ခဲ့သော နှစ်သန်း၁၅-သန်းခန့်က ဒုတိယအကြိမ် မြေလွှာလှုပ်ရှားမှုကြောင့် အာသံကမ်းမကြီးနှင့်ဆက်၍ ပင်လယ်ပေါ်သို့ တက်လာပြီး မွေးဖွားခဲ့သည်ဟု ဘူမိဘေဒပညာရှင်တို့က ဆိုကြောင်း မှတ်သားဖူးသည်။ စိုင်းတင်ရေတံခွန်သည်လည်း အပါအ၀င်ဖြစ်ပေလိမ့်မည်။
စိုင်းတင်သည် ရှေးယခင်က မြို့တစ်မြို့ဟု ဆိုသည်။ အနောက်ဘက်အန္တရာယ်ကို ကာကွယ်နိုင်ရင် တည်ထားခဲ့သောမြို့ ဟုဆိုသည်။ စိုင်းတင်မြို့အဖြစ်  တည်ထားခဲ့သောနေရာသည် မည်သည့်နေရာများ  ဖြစ်လေသနည်းဟု စိတ်ထဲတွေးကြံဆမိသည်။ တွေ့မြင်နေရသော ပထ၀ီ အနေအထားအရ တရေးရေးမျှပင်မပေါ်။ 

                                           စိုင်းတင်ရေတံခွန်မှ ခရီးသွားတို့နားခိုရာဇရပ်လေး

နယ်ချဲ့လူမျိုးခြားတို့ အန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရန်  ကာယစွမ်းရည်၊ ဉာဏစွမ်းရည် ပညာဉာဏ်နှင့် ပြည့်စုံပြီး သစ္စာရှိသော ၀န်ထမ်းကောင်းများကိုသာ စိုင်းတင်မြို့တွင် ခန့်ထားခဲ့သည်။ စိုင်းတင်မြို့စားအဖြစ် မင်းညီမင်းသားများ စစ်ရေးကျွမ်းကျင်ပြီး အမြော်အမြင်ကြီးသော သစ္စာခံပညာရှိ အမတ်များကိုသာ ခန့်ထားခဲ့သည်။ စိုင်းတင်စားသည် ဘုရင်ညီလာခံသို့ပင် တက်ခွင့်ရသည်ဟု မှတ်သားဖူး၏။
သူ၏စိတ်အာရုံထဲ ၀င်လာသော စာဆိုနှစ်ဦးမှာ စိုင်းတင်မြို့စား စာဆိုဥက္ကာပျံနှင့် စိုင်တင်စားရွှေသဲ တို့ဖြစ်သည်။
စိုင်းတင်မြို့စား စာဆိုဥက္ကာပျံသည် ဟံသာဝတီနန်းရင်ပြင်၌် ရတုစာပေများ လက်စွမ်းပြ ခဲ့သည်။ မြို့စား၏ ဂန္ထ၀င်ရတုလင်္ကာများထဲတွင် စိုင်းတင်၏ သဘာဝပတ်ဝန်းကျင် နိမိတ်ပုံများစွာတို့ နားခိုခဲ့ကြသည်။ စာဆိုဥက္ကာပျံ၏ တော်သလင်းလဖွဲ့တစ်ခုတွင် -
‘‘မိုးကြွင်းရွာပါခီမူ
တောင်မြင့်ခေါင်ခေါင်
ခဖောင်ဖောင်သည်
ယာတောင်လုပ်သူရို့
ကြည်ချေမူ ပျော်ဖွယ်တိ၊
ကျီးငှက်နှင်သည်
ယာခင်းတောင်တိုင်ဟိခ၊
စိတ်သတိလွမ်းဖွယ်ပင်
ကောက်သီးဝင်းဝင်း
တော်သလင်းလဲ
          လွမ်းတင်ဖို့သာမြင်ခ
          ကိုင်းတစ်ခွင်လယ်လုပ်သား
          အသီးကောက်ပင်
          မွမ်းဖျင်သားမယားနန့်”
          စိုင်းတင်သည် မြို့စားစာဆို ဥက္ကာပျံ၏ စိတ်နှလုံးကို ယူငင်ဖမ်းစားရာ နေရာဒေသ တစ်ခု ဖြစ်ခဲ့လိမ့်မည်။ သူ အခုမြင်နေရသော စိုင်းတင်ရေတံခွန်သည် စာဆိုဥက္ကာပျံ၏ နှလုံးသားထဲက ပုံရိပ်တစ်ခု ဖြစ်ခဲ့မည်ဟု ထင်မိသည်။
စိုင်းတင်စားရွှေသဲ နှင့် ဇနီးမိပန်းရံ စာဆိုဇနီးမောင်နှံနှင့် စိုင်းတင်သည် ကဗျာဆန်နေသည်။
‘‘တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၍
သတ္တ၀ါအပေါင်း ၊ ဆူးကြောင်းပျက်ရ၊
အဓမ္မမှု ၊ သူပြုသူဝန် သူ့ကံခေတ္တ
ရေပွက်မျှကို ၊ နိစ္စထင်ရှား ၊ တောသားလူဆိုး၊
အားကျိုးမာန်တက်၊ လက်နက်စွဲကိုင်၊
ထိုမြိုင်ထိုတောင်၊ ကုန်အောင်လှည့်ပတ်
သားငါးသတ်သို့...”
ဘုရင်မဒ္ဒရာဇ်ထံ လျှောက်တင်ခဲ့ဖူးသော ရွှေသဲတို့၏ဖခင်ကြီး ကိုယ်ရံကြီးရဲအောင် လျှောက်ထုံးက တပိုင်းတစ နှုတ်မှရွရွ ပေါ်လာသည်။
အမတ်ကိုယ်ရံကြီးရဲအောင်တွင် သားနှစ်ယောက် ရှိခဲ့သည်။ သားကြီးက ကောင်းကျော်ထင်စား မြကျော်ဦး၊ သားငယ်က စိုင်းတင်စားရွှေသဲ တို့ ဖြစ်သည်။ ဘုရင်မဒ္ဒရာဇ်မင်းသည် မြကျော်ဦး အား သမီး မြဘုန်းကြွယ်နှင့် ပေးစားခဲ့သည်။ ကောင်းကျော်ထင် မြို့စား ပေးခဲ့သည်။ မြကျော်ဦး ၏ နှလုံးရည်ဥာဏ်ပညာကြောင့် ယခင်က သိမ်းပိုက်ခံထားရသော စစ်တကောင်းနယ် သက်နယ်ဖျားကို ပြန်ရခဲ့သည်။
ညီတော်ရွေသဲကို ဘုရင်က သားအမှတ်မွေးစားခဲ့သည်။ ရွေသဲကိုလည်း အင်းဝမှ လာရောက်ခိုလှုံနေသည့် အမတ်နန္ဒကျော်ထင်၏သမီး မိပန်းရံနှင့် ထိမ်းမြားပေးကာ စိုင်းတင်မြို့ကို စားစေခဲ့သည်။
စိုင်းတင်စားရွှေသဲ၏ အဘယရာဇာမင်းထံ ဘ၀ကိုရင်း၍ လျှောက်တင်ခဲ့သော ဂန္ထ၀င်လျှောက်တင်ချက်သည် ဂန္ထ၀င်ပန်းခင်းထဲက တော်ဝင်ပန်းတစ်ပွင့်ပမာ။
“မလိမ္မာငြား၊ သူမိုက်သားကို၊ မှား၍ပြည်ရှင်၊ သူကောင်းတင်လျက်၊ တိုင်းခွင်ခရိုင်၊ အပိုင်ကံကျွေး၊ မင်းခွင့်ပေး၍၊ မူးရေးမတ်ရာ၊ အပ်နှင်းပါမူ၊ ပဇာအကျိုးရှိ၊ နွမ်းရိသတ္တ၀ါ၊ မြို့ရွာတုန်လှုပ်၊ မင်းကျိုးယုတ်၏။ စက်ဆုတ်စဖွယ်၊ မျက်ရည်တန္တု၊ ပြည်မှုရှုပ်ထွေး၊ တိုင်းဝေးတစ်ပါး၊ စကားမတည်၊ အရှည်မကောင်း၊ ဗူးတောင်ပမာ၊ မိစ္ဆာငှက်ဆိုး၊ လင်ကောင်ပိုးသို့၊ အမှုယုတ်သွမ်း၊ သူကန်းအကြံ၊ လောဘလျှံသည်၊ မင်းထံနီးစပ်၊ မသုံးအပ်။”
ထိုလျှောက်တင်ချက်သည် စိုင်းတင်စားရွှေသဲအတွက် အငြှိုးမုန်တိုင်းထဲက ပန်းတစ်ပွင့် ဖြစ်ခဲ့ရသည်။ မြောက်ဦးနေညိုချိန်တွင် ပွင့်လာခဲ့ရသော ပန်းတစ်ပွင့်မို့ ကြာရှည်လန်းဆန်းခွင့်မရခဲ့။ ဆစ်ချိုးခံ မြေခခဲ့ရသည်။
စာဆိုနှစ်ဦးသည် ဤစိုင်းတင်ရေတံခွန်ကြီးကိုကြည့်ပြီး ရတုကဗျာတွေ ဖူးပွင့်ခဲ့ကြလိမ့်မည်ဟု သူတွေးမိသည်။ စိုင်းတင်၏ ညှို့အားသည် သူ့ကိုလည်း ညှို့ယူ ဖမ်းစားနေသည်။

                                                                                                                    အရှင်ဓမ္မိက(လောင်းလုံ)

0 comments em “သြရမတောင်တန်းပေါ် စီးဆင်းခဲ့သောနေ့ရက်များ (၈)”

Post a Comment

 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger