****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****
Saturday, June 18, 2011
သြရမတောင်တန်းပေါ် စီးဆင်းခဲ့သော နေ့ရက်များ (၉)
ခါလာဦး
စိုင်းတင်ရေတံခွန်ကနေ လျှောက်လှမ်းလာခဲ့သည်မှာ နာရီဝက်ခန့်ရှိပြီ။ ဦးဥက္ကံသ တို့က ရှေ့က သုတ်သုတ်ဖြင့် သွားနှင့်ပြီ။ သူနှင့် ဥက္ကဋ္ဌ ဦးခင်မောင်လွင်တို့က နောက်မှာကျန်ခဲ့သည်။ ဥက္ကဋ္ဌ က သူ့ကို စောင့်၍ ကျန်ခဲ့သည်။
စစ်ချောင်းနှင့် ရီချောင်းပေါင်းဆုံရာနေရာ သို့သူတို့ရောက်လာသည်။အေးမြသောတောတောင်အရိပ် အောက်ရှိကျယ်ပြန့်သောကျောက်ဖြာကြီးပေါ်တွင်ခဏအနားယူသည်။
                                        စစ်ချောင်းတွင် ခဏအနားယူ    
စစ်ချောင်းနှင့်ရီချောင်းသည်တသွင်သွင်စီးနေသည်။ချောင်းဆုံနေရာတွင်ရေ၀ဲတစ်ခုအနီးဝါးဖောင်
လုပ်သားများကလည်း စိုင်းတင်ရေတံခွန်ဆီသို့ ဦးတည်ကာဝါးဖောင်များဖြင့်မျှောနေကြသည်။
ဘူးသီးတောင်မြို့တွင်ရော ဒုံးသိမ်တစ်ဝိုက်မှာပါ ကုလားတွေအများစု တွေ့ရသကဲ့သို့ အခု ၀ါးဖောင်အလုပ်သားများမှာလည်း ကုလားတွေချည်း ဖြစ်နေသည်။ 
                         ဘယ်ဘက်ကစစ်ချောင်း ညာဘက်ကရီချောင်းတို့ပေါင်းဆုံရာ မြစ်ဆုံ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တောနှင့် စပ်ဆက်နေသော နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖြစ်သည်။
ရှေးရခိုင်မင်းများလက်ထက် အဆက်ဆက်က စစ်တကောင်းအပါအ၀င် ဘင်္ဂါ (၁၂) မြို့ အုပ်ချုပ်ခဲ့ကြသောကြောင့် ထိုဒေသကို အနောက်ရခိုင်ပြည်ဟုပင် မှတ်ခေါ်အုပ်ချုပ်ခဲ့ဖူးသည်။ ဘင်္ဂလား ပြည်နယ်အတွင်းရှိ အာသံ မဏိပူရ၊ စစ်တကောင်း၊ ပန်းဝါ၊ ကံသာ တို့ကို ဘုရင့်သားတော် ညီတော်တို့ကို မြို့စားအဖြစ် ထား၍ အုပ်ချုပ်စေခဲ့သည်။ ထိုသို့အုပ်ချုပ်ခဲ့သည်မှာဘင်္ဂလားအတွင်းပိုင်းမောက်သူဇာမြို့အထိ အုပ်ချုပ်ခဲ့ဖူးကြောင်း မှတ်သားဖူး၏။
သက္ကရာဇ် - ၁၁၄၆-ခုနှစ်၊ ရခိုင်ပြည်နယ်၊ ထီးနန်းသုဉ်း၍ ပျက်စီးချိန် ဖလောင်းချိတ်၊ ပန်းဝါ စသော ဒေသများသို့ ထွက်ပြေး တိန်းရှောင်ခဲ့ရသော ရခိုင်လူမျိုးများသည် အင်္ဂလိပ်တို့ မြန်မာပြည် ရခိုင်ဒေသကို သိမ်းပိုက်သောကာလ တဖြည်းဖြည်း တစစ ပြည်လည်ဝင်ရောက်လာခဲ့ပြီး ဘူးသီးတောင် မောင်တော နယ်မြေတွင် ကျေးရွာများကို ထူထောင်၍ နေထိုင်လာခဲ့ကြသည်။  ဒုတိယကမ္ဘာစစ်အတွင်း တိုင်းပြည် မငြိမ်မသက်ဖြစ်ပြီး ၁၉၄၂-ခုနှစ်တွင် ကုလား - ရခိုင် လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်လာခဲ့သည်။ ဘူးသီးတောင် မောင်တောနယ် တစ်ခုလုံး ဆူပူမငြိမ်သက်ခြင်းကြောင့် နယ်သူ နယ်သား မြို့သူမြို့သားများ အချို့ရခိုင်ပြည်နယ်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့ရသည်။မောင်တောနယ်ရှိလူဦးရေငါးထောင်ကျော်မှာလည်း 
နတ်မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်းခဲ့ရာမှ အင်္ဂလိပ်အစိုးရခေါ်ဆောင်သောကြောင့်
အိန္ဒိယနိုင်ငံ ဒိုင်နာစပူ ဒုက္ခသည်စခန်းသို့ ပါသွားကြရသည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံး၍ ၁၉၄၅-ခုနှစ်၊ ဒိုင်နာစပူ ဒုက္ခသည်စခန်းမှ ပြန်လည်ဝင်ရောက်လာသော အချိန်ကလာတွင် အစိုးရကရလည်း ဒုက္ခသည်များကို ပြည်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေး တို့ကို မပြုလုပ်နိုင်သေးချိန် ပြည်တွင်းဆူပူ သောင်းကြမ်းမှုများ နယ်မြေဒေသ မလုံခြုံမှုများကြောင့် မောင်တော နယ်မြေတွင် ပြန်လည်နေထိုင်သူ နည်းပါးသွားပြီး စစ်တွေ၊ မြောက်ဦး မင်းပြား ကျောက်တော် မြို့များ အများအပြား ၀င်ရောက် နေထိုင်ခဲ့ကြသည်။ သည်ကြားထဲ “ဗူးလေးရာ ဖရုံဆင့်”ဆိုသကဲ့သို့ မူဂျာဟိန်း သူပုန်များကလည်း ထကြွသောင်းကြမ်းလာခဲ့ပြန်ရာ ဘူးသီးတောင် မောင်တော နယ်မြေတွင် နေထိုင်သူ အချို့မှာလည်း နောင်ရေးအတွက် စိတ်မအေးဖြစ်ရကာ ပြည်တွင်းသို့ ၀င်ရောက်နေထိုင် လာကြပြန်သည်။
ရခိုင်တိုင်းရင်းသားတို့ ရွှေ့ပြောင်းရာတွင် လစ်လပ်နေသောနေရာများကို ဘာသာခြား(မွတ်ဆလင်) တို့က ၀င်ရောက်နေရာကာ လုပ်ကိုင်စားသောက်နေထိုင်ကြပြန်သောကြောင့်ယခုအချိန်သည်လူတစ်ရာတွင် ၉၅-ယောက်ခန့်က ဘာသာခြားလူမျိုးများ ဖြစ်နေကြသည်။
ဘူးသီးတောင် မောင်တော ဒေသ၏ အနာဂတ်ကာလအတွက်ရော ပြည်ထောင်စုမြန်မာနိုင်ငံ အတွက်ပါ အလွန် စိုးရိမ်စရာကောင်းသော အဓိကပြဿနာတစ်ရပ် အနေဖြင့် တည်ရှိနေပေအုံးမည်။ အဓိက ဘူးသီးတောင် မောင်တောနယ်မြေကို တားဆီးနိုင်ပါမှ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အမျိုးဘာသာ သာသနာ အစဉ်တည်တံ့ခိုင်မြဲနိုင်မည်ဟု သူတွေးမြင်မိသည်။ 
                                         စိုင်းတင်ချောင်းထဲက ၀ါးဖောင်များ
စစ်ချောင်း နှင့် ရီချောင်းအဆုံကို ၀ါးဖောင်ဖြင့်ကူးကြရသည်။ မြစ်ဆုံဖြစ်၍ ရေစီးကသန်သည်။ မြစ်ဆုံမှ ဆက်၍ တစ်တောဝင်တစ်တောထွက် တစ်ကုန်းတက် တစ်တောင်ကျော်၍ သွားရသည်မှာ ၂း၀၀ နာရီပင် ကျော်နေပြီ။ ကျောက်ဖြာတစ်ခုကို ဖြတ်ရသည်။
ထိုကျောက်ဖြာကို“ခါလာဦးကျောက်ဖြာ”ဟုခေါ်သည်ဆို၏။ ကျောက်ဖြာရေစီးကြောင်းကနေကုလားတွေက ၀ါးတွေမျှောချနေသည်။
                                              ခါလာဦးကျောက်ဖြာ
“ခါလာဦး” ဆိုသည်မှာ ခမီးစကား “ခုံလာဥ”မှ ဆင်းသက်လာသောစကားဟု ဆိုသည်။ “ခုံလာဥ” ၏ အဓိပ္ပါယ်မှာ အစွန်းထွက်နေသော ကျောက်ဆောင်ကိုခေါ်ကြောင်း သိရသည်။ ထိုကျောက်ဆောင်ကို “ခုံလာဥ”ဟု ခေါ်ရာမှ နောက်ကာလကြာသောအခါ “ခါလာဦး”ဟု အမည် တွင်လာခဲ့သည်ဆို၏်။ ထို“ခါလာဦး”ကျောက်ဖြာ အနီး သရက်တောအုပ်တစ်ခုကို တွေ့ရသည်။
“ဆရာတော်၊ ဒီနေရာက ခါလာဦးရွာဟောင်းနေရာ၊ တပည့်တော်တို့ အခု သွားရမှာက ဒီကနေ တဆင့် ပြောင်းသွားပြီး ခါလာဦးရွာကို အသစ်တည်ထားတဲ့ ခါလာဦးရွာသစ် ကိုသွားရမှာ”
အုပ်စုဥက္ကဋ္ဌ က သူ့ကိုရှင်းပြသည်။
သူတို့ နောက်ထပ် တောင်တစ်တောင်ကို ဆက်တက်ပြီး တောင်ယာဟောင်းတစ်ခုကို ဖြတ်ရသည်။
“ဆရာတော် ဟို.. မြင်နေရတဲ့ သံဖြူမိုးထားတာဟာ သာသနာပြုကျောင်းပေါ့”
တောင်ယာဟောင်း တောင်ကုန်းကနေ အုပ်စုဥက္ကဋ္ဌ ဦးခင်မောင်လွင် ညွှန်ပြရာသို့ သူ ကြည့်လိုက်သည်။ တောင်တန်းပြာကို  နောက်ခံထားကာ တောင်ခြေကို အမှီပြုနေသော သာသနာပြု ကျောင်းလေး၏ ဖြူလွှလွှသွတ်မိုးနှင့် ကျောင်းနဘေးတွင် မီးခိုးများက တလူလူတက်နေသည်ကို တွေ့ရသည်။
ကျောင်းလေးကိုမြင်ရမှ သူ့ခြေလှမ်းများက ပိုမိုလေးလံလာသည်။ များစွာမလေးသော ကျောပိုးအိပ်ကလည်း ခရီးဝေးနှင့်အတူ ပိုလေးနေသည်။ မြတ်ဗုဒ္ဓက ရဟန်းတော်များကို ငှက်ကလေးနှင့် ပမာပြုကာ ဟောခဲ့သော်လည်း ယခုသူ့မှာ ဆင်ကြီးကဲ့သို့ ဖြစ်နေသည်။ နဖူးမှ စီးဆင်းလာသော ချွေးစီးကြောင်းက မျက်လုံးထဲသို့ ၀င်လာသည်။ မျက်မှန်ကိုချွတ်ကာ သင်းပိုင်စလေးဖြင့် သုတ်လိုက်ရသည်။ ခန္ဓာကိုယ်ဟာလည်း ချွေးများက ရွှဲနစ်လျက်..
“ဥက္ကဋ္ဌ ကျောင်းကို ရောက်တော့မှာပဲ ခဏနားအုံးမယ်”
နေကထိုင်အစား အနီးရှိ သစ်ရွက်ခြောက်များကို စုစည်းကာ သူ ထိုင်လိုက်သည်။ ကျောပိုးအိပ်ထဲက ရေကျက်အေးဗူးလေးကို ထုတ်ကာ မော့သောက်လိုက်သည်။ ရေသောက်မှ ချွေးများက ပိုထွက်လာသည်။ အမောပြေသည်နှင့် သူတို့ ခရီးဆက်ကြသည်။ နာရီဝက်ခန့် လျှောက်လာမိသောအခါ သံဖြူမိုးထားသည် ဆိုသော သွပ်မိုးကျောင်းလေးသည် ကိုင်းတောထူထူ ၀န်းရံထားသည်ကို အနီးကပ် တွေ့လိုက်ရသည်။ 
                                       ခါလာဦးရွာက သာသနာပြုကျောင်းလေး
          “ဘယ်လိုလဲဆရာတော်.. ဒီမှာ ရေနွေးတစ်အိုး ကျက်တော့မယ်။ ဒါ အစပဲ ရှိသေးတာနော်”
          ဦးအဂ္ဂဥာဏ က သူ့ကို ပြောသည်။ သူလည်း ခါလာဦးကျောင်းလေးအောက် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ 
                                         xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မီးဖိုဘေးက ဆွေးနွေးပွဲ
          ၁၃၆၉-ခုနှစ်၊ ပြာသိုလ်လဆန်း(၁၁)ရက်၊ (18.1.2008) သောကြာနေ့၊
          ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ လ ရောင်သည်ပင် နှင်းမှုံများကို မဖောက်ထွက်နိုင်ရှာ။ သို့ရာတွင် တစ်တောလုံးကို ဖြူဖွေးသော အရောင်က ဖြန့်ကျက်ပေးထားသည်။   
        အအေးဓာတ်ကသိသိသာသာ လွန်ကဲလာသည်။ ကျောင်းဆောင်အပေါ် သီးသန့်ပြုလုပ်ထားသော မီးဖိုကို ၀ိုင်း၍သူတို့ မီးလှုံကြရသည်။ 
                                                                ကျောင်းပေါ်က မီးဖို
             သာသနာပြု ကျောင်းလေးဘေးမှ မျောက်အူသံ ချေဟောက်သံတို့ကို ကြားနေရသည်။ နှင်းမှုံများက ထရံကြားမှ အတွင်းသို့ ၀င်လာသည်။
          “ဦးဓမ္မိက အခု သာသနာပြုကျောင်းက အိမ်ခြေ ခြောက်အိမ်သာရှိတဲ့ ခါလာဦးရွာမှာ ရှိတာဆိုတော့ ဘ.ကကျောင်း ဖွင့်ဖို့ ဖြစ်မယ်မထင်ဘူး။ အခြားဘာသာဝင် (ခရစ်ယာန်) တွေကလည်း စည်းရုံးရေး ၀င်နေတာဆိုတော့ တပည့်တော်တို့ အတွက် လက်လှမ်းမှီအောင် သြရမအုပ်စုရဲ့ အလယ်လည်းဖြစ်၊ အိမ်ခြေနှစ်ဆယ်ကျော်လည်း ရှိတဲ့ သလူပြားရွာကို ရွှေ့ပြီး ဘ.က.ကျောင်း ဖွင့်မှဖြစ်မယ် ထင်တယ်။ အဲဒီမှာ ရ.ယ.က ရုံးလည်းရှိတယ် ”
          ဦးဣန္ဒက က အကောင်ထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြောရင်း လက်ကလည်း ၀ါခြမ်းစကို မီးထဲထည့်နေသည်။
          “ဟုတ်တယ် သလူပြားရွာဆိုရင် အကောင်းဆုံးပဲ။ ဒီရွာကို အခြားဘာသာဝင်တွေကလည်း မျက်စိကျနေတယ်။ ဘ.က.ကျောင်းအတွက် ဘာမှမပူနဲ့၊ တပည့်တော်တို့ ၀ိုင်းလုပ်ပေးမယ်”
သည်။
          မြို၊ ခမီး တောင်ပေါ်တိုင်းရင်းသားများသည် အခြား (ရခိုင်) တိုင်းရင်းသား၊ ဘာသာခြားများနှင့် ကူးလူးဆက်ဆံမှု ရှိသော်လည်း တောင်ပေါ်ဒေသ၌ ယဉ်ကျေးမှုတစ်ခုဖြင့် အသီးအခြား နေထိုင်ကြသည်။ ထို့ကြောင့် အသီးအခြား လူမျိုးနွယ်တစ်စုကဲ့သို့ ဖြစ်နေသည်။ လွတ်လပ်စွာ နေထိုင်တတ်ကြသကဲ့သို့ လူတစ်
ဖက်သားအပေါ် အားနာတတ်ကြသည်။
          တောင်ယာစပါး ၀မ်းစာပြည့်စုံလိုခြင်းနှင့် သားသမီးများကို ပညာတတ်စေလိုခြင်းသည် မြို၊ ခမီး တိုင်းရင်းသားတို့၏ ဘ၀ရည်မှန်းချက် ဖြစ်သည်။ ထိုအချက်ကို သိသော အခြားဘာသာဝင်များကတိုင်းရင်း
သားတို့၏ နှလုံးသား ဗုဒ္ဓထံပါးသို့ မချဉ်းကပ်နိုင်အောင် ပစ္စည်းဝတ္ထုကို အကြောင်းခံ ကျောင်းဆရာငှားပေး ပညာရေးဖြင့် မွန်းမံလိုက်ကြသည်။
          ဦးဣန္ဒက မင်းကိုင်းသာသနာပြုဌာနသို့ ရောက်စ (၂၀၀၆-ခုနှစ်၊ ဒီဇင်ဘာလ) အခြားဘာသာဝင်များ
က သြရမအုပ်စုအတွင်း ပညာရေးဖြင့် ၀င်ရောက်စည်းရုံးသည်။ ထိုသို့စည်းရုံးခြင်း ခံရမှုကြောင့် တူးမောင်း
လေးရွာသည် အခြားဘာသာဝင် အဖြစ်သို့ ရောက်သွားသည်။ ဦးဣန္ဒက နှင့် သာသနာပြု သာသနာ့တက္က
သိုလ်ဆင်း ရဟန်းတော်များ တားဆီးချိန်မရလိုက်။ လက်မတင်ကလေး လွဲသွားသည်။ နောက်ပြီးအုပ်စုအ
လယ်ဖြစ်သည့် သလူပြားရွာကို အခြားဘာသာဝင်များက ပိုမျက်စိကျလာသည်။
          “တပည့်တော်တို့ တူးမောင်းလေးရွာလည်းရောက်ရော ရွာသားတွေက ရေနွေးတောင် မကပ်တော့
ဘူး။ ရေနွေးလေးဘာလေး လာပေးပါဆိုတော့ လဘက်ခြောက်မပါတဲ့ ရေနွေးဖြူတွေကို လာချပေးတယ်။ လဘက်ခြောက်မပါဘူးလားဆိုတော့ “မရှိဘူး” တဲ့။ အဲဒီလို ဖြစ်သွားတာ အရှင်ဘုရားရေ”
          ဦးအဂ္ဂဉာဏ က အတွေ့အကြုံကို ပြောပြသည်။
          မြောက်လေတစ်ချက် စွေ့ကနဲ တိုက်ခတ်လာသည်။ ကြောထဲ စိမ့်ကနဲ ဖြစ်သွားသည်။ ထရံကြား က
တိုးဝင်လာသောလေကြောင့် မီးဖိုထဲက မီးသည်ပင် တောင်ဘက်သို့ ဝေ့ကနဲ ရမ်းသွားသည်။
          ရခိုင်ပြည်နယ်၏ အအေးဆုံးလသည် ဇန်န၀ါရီလ ဖြစ်သည်ဟု ဆို၏။ ဇန္န၀ါရီလတွင် အရှေ့မြောက်
လေ တိုက်ခတ်သည်။ တခါတရံ မြောက်မှတိုက်ခတ်လာသော လေသည် ဟိမ၀န္တာတောင်တန်း ရေခဲပြင်ကို ဖြတ်၍ တိုက်ခတ်လာသောကြောင့် ပိုအေးသည်ဟု ဆိုသည်။
          “တပည့်တော်လည်း ပညာရေးကျောင်းတစ်ကျောင်းလောက်တော့ တည်ထောင်မှဖြစ်မယ် ဆိုပြီး ဘ.က.ကျောင်း တည်ထောင်ဖို့အတွက် အုပ်စုဥက္ကဋ္ဌနဲ့ ဘူးသီးတောင် မြို့နယ် သာသနာရေး ဦးစီးရဲ့ထောက်
ခံချက်ကိုယူပြီး သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနကို လျှောက်ထားလိုက်တယ်။ နောက်ပြီး သာသနာ့
တက္ကသိုလ် (ရန်ကုန်)က စတုတ္ထနှစ်အပြီး တောင်တန်းကြွရမည့် သာသနာပြု ရဟန်းတော်တစ်ပါး စေလွှတ်
ပေးပါပေါ့”
          “ဒီတော့ ဦးလောင်းလုံကြီး ရောက်လာတာပေါ့၊ ဒါ နှယ်နှယ်ရရမဟုတ်ဘူးနော်၊ ဦးလောင်းလုံ ဒါ
မင်းကိုင်းကြီးရဲ့ ပင့်ဆောင်ချက်အရ အရှင်ဘုရား ကြွလာရတာ”
          ဦးဣန္ဒက ၏ ပြောစကားကို ဦးအဂ္ဂဉာဏ က ၀င်၍ အရွှန်းဖောက်သည်။
          ဘ.က.ကျောင်း ဖွင့်ခွင့်ပြုထားသည့်စာက ၂၀၀၇-ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့ ရက်စွဲဖြင့် ရောက်လာ
သည်။ စာအမှတ် ၂၀၀/၁၇- ဘ/က (လင) သထပ ၂၂/၀၇ စာသည် သူ့အား ကြိုဆိုနေပါတော့သည်။
          မီးဖိုကမီးသည် အရှိန်ကုန်လာ၏။ ကျွဲရိုင်း ဦးဥက္ကံသ က ညနေက ချောက်ကမ်းနားတ၀ိုက် လိုက်ရှာ
ထားသော ထင်းခြောက်တုံးများထဲက တစ်တုံးကိုယူကာ ၀ါးခြမ်းများနှင့်အတူ ရော၍ မီးပုံထဲသို့ထည့်လိုက်
သည်။ မီးပွားလေးတွေက ပြာနှင့်အတူ လွင့်တက်သွား၏။
          “သြရမအုပ်စုထဲမှာ အစိုးရမူလတန်းကျောင်းဆိုတာ မရှိဘူး။ မိဘတွေက သားသမီးတွေကို ပညာ
တတ်စေချင်တော့ ကိုယ့်လူမျိုးထဲက ၉-တန်း၊ ၁၀-တန်း အောင်မြင်ထားသူတွေကို လိုက်ရှာပြီး စပါးတောင်း
ဆရာ အဖြစ် ငှါးကာ ပညာရေးကိုထူထောင်ပေးကြရတယ်။ စပါးတောင်းဆရာဆိုတာက ငွေအစား စပါးနဲ့
သတ်မှတ်ပြီးပေးတဲ့ ကျောင်းဆရာကို ခေါ်တာ”
          ၂၅-ရက်နေ့ ညနေက သူနှင့် ဦးဣန္ဒက ခါလာဦးရွာတွင် စာသင်နေသော ဆရာမနှင့် ကျောင်းသား ကျောင်းသူများကို ဗလာစာအုပ် နှစ်အုပ်စီနှင့် ခဲတန်တစ်ချောင်းစီ လှူသည်။ ဆရာမအတွက် ပညာဒါနအ
ဖြစ် သူက ၀တ္ထုငွေ ငါးထောင်ကျပ်ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ခါလာဦးရွာတွင် စာသင်ပေးနေသောဆရာမ၏ အမည်မှာ မမာဝင်း ဟုခေါ်သည်။ ၉-တန်းအောင်ထားပြီး ဘူးသီးတောင်မြို့နယ် စံညှင်းဝေရွာကနေလာသင်
သည်ဟုဆိုသည်။ ဆရာမသည် ခမီးတိုင်းရင်းသူ ဖြစ်သည်။ ခါလာဦးရွာသည်လည်း ခမီးတိုင်းရင်းသားများ ဖြစ်ကြသည်။ 
                                    ခါလာဦးစာသင်ကျောင်းလေးနှင့် သူတို့၏ ဒါန
          “တောင်တန်းဒေသမှာက အခြားဘာသာဝင်တွေက လူမှုရေး၊  စီးပွားရေးနဲ့ သာသနာလိုက်ပြု
နေကြတာဆိုတော့ ဆရာတော်ကြီ်းဦးဥတ္တမသာရ တို့ခေတ်တုန်းကလို နှုတ်နဲ့ အကြိုးအကြောင်းဟောပြောပြ
ရုံနဲ့ မရတော့ဘူး။ တိုင်းရင်းသားတွေရဲ့ စိတ်နှလုံးထဲမှာ ဘာသာရေးဆိုတာ သူတို့ရဲ့စီးပွားရေးလုပ်ငန်း သူ
တို့ရဲ့သားသမီးတွေကို ဘ၀တိုးတက်အောင် ပြုလုပ်ပေးနိုင်တဲ့ ဘာသာရေးမျိုးကိုမှ လက်ခံယုံကြည်ကိုးကွယ်
လိုကြတာ။
          “သာသနာပြုရောက်လာတဲ့ ဘာသာရေးခေါင်းဆောင်ဟာ အနိမ့်ဆုံး ကျန်းမာရေးကိစ္စကို တာဝန်ယူ
ပေးကြရလိမ့်မယ်လို့ မျှော်လင့်ထားတာ အရှင်ဘုရားရေ..။ မနေ့ကပဲကြည့် ခါလာဦး ဥက္ကဋ္ဌသားလေး ခြေထောက်ဝါးချွန်ထိုးမိတာ ကျောင်းရောက်လာတာပဲ မဟုတ်လား။ အရှင်ဘုရားက အရက်ပြန်နဲ့ ဆေးတွေ
ထည့်ပေး၊ အနာပေါ်ပလာစတာလေးတွေ ကပ်ပေးလိုက်ရတာပဲ မဟုတ်လား”
          ဦးဣန္ဒက က စကားကိုခဏရပ်သည်။
          မနေ့က ခါလာဦးဥက္ကဋ္ဌနှင့် သူ့သားလေးကျောင်းရောက်လာသည်။ ခြေထောက်ကို ၀ါးချွန်ထိုးမိသည် ဆို၏။ အနာကိုဆေးထည့်ပေးရန် လာပြောသည်။ အနာကြည့်တော့ သိပ်ကြီးကြီးတော့ မဟုတ်။ ကလေးငယ်နှင့် နှိုင်းဆပါက ကြီးနေသည်။အနာကိုအရက်ပြန်နှင့်ဆေးပြီးဆေးထည့်ပေးလိုက်သည်။ပြီးတော့
ပလာစတာကပ်ပေးလိုက်ရသည်။
          “အရှင်ဘုရားရေ.. မနေ့ညကပဲကြည့်၊ တပည့်တော်ရဲ့ မှုံဝါးဝါး MP-4 လေးကို ကျောင်းသားတွေ အလုအယက်နဲ့ တိုးဝှေ့ပြီး ကြည့်နေကြတာ အရှင်ဘုရားအမြင်ပဲ၊ အခုခေတ် သာသနာပြုရာမှာ ကလည်း
ခေတ်ပေါ်ပစ္စည်းကလည်းပဲ တထောင့်တစ်နေရာကနေ အသုံးဝင်နေတာနော်၊ ဘ.က.ကျောင်း သလူပြား
ရွာမှာ ဆောက်မယ်ဆိုရင် တပည့်တော်လည်း ၀ိုင်းကူညီမယ်”
                                    မှုံဝါးဝါး mp4 လေးကို အထူးအဆန်းစိတ်ဝင်တစား
         ကျွဲရိုင်း ဦးဥက္ကံသ ကလည်း အားတက်သရော ၀င်ပြောသည်။
          “ဦးဣန္ဒက အရှင်ဘုရားမှာ ၀တ္ထုငွေ ဘယ်လောက်ရှိသေးလဲ၊ တပည့်တော်မှာတော့ နှစ်သိန်းလောက်တော့ ရှိသေးတယ်”
သူက သူ့မှာရှိသော ငွေနှင့် ဦးဣန္ဒက မှာရှိသော ငွေနှင့် နှစ်ရပ်ပေါင်းပါက ဘ.က.ကျောင်းအတွက် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်သောကြောင့် ဦးဣန္ဒက ကို သူမေးမိသည်။
“အများကြီးတော့မရှိဘူး။ တစ်သိန်းခွဲ နှစ်သိန်းလောက်တော့ ရှိမယ်ထင်တယ်”
ဦးဣန္ဒက က သူ့မှာရှိသော ငွေကို ပြောပြသည်။
“ဒီလောက်ဆိုရင် အဆင်ပြေမယ်ထင်တယ် ဦးဣန္ဒက၊အခုကျောင်းမှာရှိတဲ့သွပ်ဟောင်းတွေကလည်း ပြန်ပြီး သုံးလို့ရတယ်။ လိုရင်လည်း နည်းနည်းပေါ့”
“အခု ကျောင်းဆောက်တာ အုပ်စုထဲမှာလည်း ငွေကောက်လို့ မဖြစ်ဘူး။ ဒီနှစ်တောင်ယာတွေက ကြွက်ကစတင် ဖျက်ဆီးတာဆိုတော့ လုပ်အားပေးလောက်တော့ တောင်းလို့ရမယ်”
သူ့စကားရဲ့ အဆုံး ၀ါးနက်ရုံဦးအဂ္ဂဥာဏ က သူ၏ထင်မြင်ချက်ကို ၀င်ပြောသည်။ ဦးအဂ္ဂဉာဏ ပြောသကဲ့သို့ဘ.က.ကျောင်းဆောက်မည့်ကုန်ကျစရိတ်များကိုအုပ်စုထဲကောက်ခံ၍မဖြစ်၊အဘယ်ကြောင့်ဆို
သော်ငွေကောက်ခံခြင်းကိုအကြောင်းပြုပြီးပစ္စည်းပေး၍စည်းရုံးနေသောအခြားဘာသာဝင်များဘက်သို့
ပါသွားနိုင်သည်။  ဤသို့ဆိုလျှင် သူတို့လုပ်ဆောင်သော လုပ်ဆောင်ချက်သည် ဦးတည်ချက်သို့ မရောက်ဘဲ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားနိုင်သည်ဟု သူ မြင်မိသည်။
“ဦးအဂ္ဂဉာဏ ပြောသလို ကောင်းတယ်။ လုပ်အားပေးလောက်တော့ တောင်းရမယ်။ လက်သမားအတွက်တော့ ဦးဣန္ဒက က လက်သမားပညာတတ်တော့ ခေါင်းဆောင်ပေါ့။ တပည့်တော်တို့က နောက်လိုက်လက်သမားတွေပေါ့။ မဟုတ်ဘူးလား။ မနက်ဖြန် အစည်းအဝေးမှာ ဒီအတိုင်းပဲပြောကြတာပေါ့”
သူပြောလိုက်သည်။
“ကျောင်းဆောက်မှာက မင်းကိုင်း၊ ကျွဲရိုင်း၊ ၀ါးနက်ရုံ သာသနာပြု သုံးဌာနပေါင်းထားတာ  ဆိုတော့ “မင်းရိုင်းနက်အဖွဲ့” ပေါ့။
ဝါးနက်ရုံ ဦးအဂ္ဂ ဉာဏ ပေးသော “မင်းရိုင်းနက်” ဟူသောနာမည်သည် သူတို့အတွက် အံဝင်ခွင်ကျ
သော နာမည်ဖြစ်သွား၏။
မီးဖိုက ထင်းတုံးသည်လည်း လောင်ကျွမ်းနေလေပြီ။ ထိုနေ့သည် သူတို့အတွက် မီးဖိုဘေးမှာ စည်းဝေးသော “မင်းရိုင်းနက်” အစည်းအဝေးလေး တစ်ခု ဖြစ်သွားပါတော့သည်။ 
                                                                                    အရှင်ဓမ္မိက (လောင်းလုံ)
1 comments:
  • June 18, 2011 at 11:16 PM
    mstint Disse:
    'ခါလာဦး' အကြောင်းအသေးစိတ် ဖတ်သွားပါတယ် ဘုရား။ 'မြတ်ဗုဒ္ဓက ရဟန်းတော်များကို ငှက်ကလေးနှင့် ပမာပြုကာ ဟောခဲ့သော်လည်း ယခုသူ့မှာ ဆင်ကြီးကဲ့သို့ ဖြစ်နေသည်' ဆိုတဲ့စာကို သဘောကျတယ်ဘုရား။ လုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေပါတယ်ဘုရား။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ဘုရား။
    မေတ္တာဖြင့်
    အန်တီတင့်
    delete
Post a Comment
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger