****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Thursday, June 2, 2011

သြရမတောင်တန်းပေါ်က စီးဆင်းခဲ့သော နေ့ရက်များ (၇)

     
နားခိုရာ ဒုံးသိမ်



စစ်တွေကအအေးသည်ဘူးသီးတောင်အအေးကိုမမီ၊ဘူးသီးတောင်ကပိုအေးနေသည်။
ဘူးသီးတောင်ရောက်ရောက်ချင်း ရေမချိုးနိုင်။ သွားတိုက်ပြီး အိပ်ယာဝင်ခဲ့ရသည်။ သူ၏ဘေးနားတွင်ဦးဥက္ကံသနှင့် ဦးပညာဓဇတို့ အိပ်နေကြသည်။
ညနေက ယောင်လည်လည်ဖြင့် ဆိုက္ကားသမား ပို့ဆောင်ပေးရာဆီသို့ လိုက်လာခဲ့သည်။ ဆိုက္ကားက လမ်းအချိုးအကွေ့သို့ဝင်လာပြီး အိမ်တစ်အိမ်ရှေ့သို့အရောက်တွင် “သာသနာရေးမှူးအိမ် ရောက်ပြီ” ဟုဆိုကာ သူတို့ကိုချထားခဲ့၏။
ခြံတံခါးက၀င်သည်နှင့် အိမ်ရှေ့ဝရံတာတွင် ဘုန်းကြီးတစ်ပါး ထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ဦးစီး   ကြွ လာကြပြီဗျာ”
“ဦးဥက္ကံသ ဟုတ်ပါတယ်။ ဦးဥက္ကံသမှ ဦးဥက္ကံသပါ”
ဦးဥက္ကံသနှင့်ဒုတိနှစ်တွင်အတူတူတက်ခဲ့ရသည်။ရင်းရင်းနှီးနှီးမရှိသော်လည်းမျက်နှာချင်းတော့မစိမ်း။
ဘူးသီးတောင်တွင် သာသနာပြုကြနေသည်ကိုတော့ သိထားသည်။ ဦးဥက္ကံသကိုတွေ့တော့ သူအားတက်သွားသည်။
ဦးဥက္ကံသပြောနေသော ဦးစီး ဆိုသူမှာ သာသနာရေးဦးစီးမှူး ဦးမောင်ဝင်း ဖြစ်မည်။
ဦးစီးသည် သူတို့၏ ပစ္စည်းအထုပ်များကို ၀ိုင်းကူသယ်ပေးသည်။ ဦးစီးဆိုသူသည် ပိန်ပိန်ပါးပါး အသားကဖြူဖြူ။
သူတို့အိမ်ပေါ်ရောက်လာသည်။
“ဦးဇင်းတို့ ဒီက ကုလားထိုင်ပေါ်မှာထိုင်ကြအုံး။” 
ဦးစီးဆိုသူက သူနှင့်ဦးပညာဓဇကို ကုလားထိုင်ပေါ်တွင် နေရာပေးသည်။ အိမ်အတွင်းသို့ လှည့်ပတ်ပြီးကြည့်မိလိုက်သည်။ နံရံပေါ်တွင် မင်္ဂလာဆောင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံအချို့ကို တွေ့ရသည်။ ထိုစဉ် မိန်းကလေးတစ်ယောက် ရေလာကပ်သည်။ သူတို့ထံ ရေလာကပ်သော အမျိုးသမီးကို မင်္ဂလာဆောင်ဓာတ်ပုံထဲမှမိန်းကလေးနှင့်တိုက်ဆိုင်ကြည့်နေမိသည်။အိမ်ထဲတွင်ဒကာကြီးတစ်ယောက်ကို
 လည်းတွေ့လိုက်ရသည်ဦးစီးအိမ်တွင်မိသားစုသိုင်းသိုင်းဝိုင်းဝိုင်းမတွေ့ရ။ခေမာမဏ္ဍိုင်ဆရာတော်က သာသနာရေးဦးစီးထံသို့ ပေးလိုက်သောစာကို သူ ဦးစီးဆိုသူထံသို့ ပေးလိုက်သည်။
“ဒကာကြီးကို ခေမာမဏ္ဍိုင်ဆရာတော်က ပေးလိုက်တဲ့စာ”
ဦးစီးဆိုသူသည် သူပေးသောစာကို ယူလိုက်ပြီး စာအိပ်ကိုကြည့်နေသည်။
“တပည့်တော်မဟုတ်ဘူးဘုရား။ မနက်ဖြန်မှ သာသနာရေးမှူးအိမ်ကို သွားပေးရမယ်” ဟုပြောပြီး စာအိပ်ကို သူ့အား ပြန်ပေးသည်။ 
သာသနာရေးမှူးဦးမောင်ဝင်းဆိုသူမှာထိုဒကာမဟုတ်ကြောင်းသိလိုက်ရသည်။ မင်္ဂလာဆောင်စဉ်က ရိုက်ထားသောဓာတ်ပုံနောက်ခံရှိစာသားများကိုဖတ်ကြည့်မိတော့“ကိုအောင်ကို+မဦးသန်း” ဟုတွေ့ရသည်။ သူစတွေ့သော ဒကာမှာ ကိုအောင်ကိုဖြစ်ကြောင်း ဓာတ်ပုံမှတစ်ဆင့် သိလိုက်ရသည်။
“အိမ်မှာကတော့ လူတွေမရှိဘူး။ စစ်တွေသွားကြတယ်။ စစ်တွေမှာ ကလေးမီးဖွားသွားကြတယ်။ မနက်ဖြန်မှ သာသနာရေးဦးစီးမှူးအိမ်ရော မ.ယ.က ရုံးမှာပါ လက်မှတ်ထိုး သွားကြတာပေါ့။” ဟု ဦးဥက္ကံသ က ပြောသည်။
                          xxxxxxxxxxxxxxxxxxxxxx
သူဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ အိပ်ယာနိုးတော့ မိုးစင်စင်လင်းနေသည်။
ဦးဥက္ကံသခေါ်သွားသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ သွားခဲ့ကြသည်။ ပြီးတော့ အရုဏ်ဆွမ်းအနေဖြင့် ထမင်းကြော်စားကြသည်။ လဖက်ရည်ဆိုင်ကအပြန် သာသနာရေးမှူး ဦးစီးအိမ်သို့ သွားသည်။ နေ့ဆွမ်းမစားမီ မ.ယ.က ရုံးသို့သွားကာ ဘူးသီးတောင်သို့ ရောက်ရှိကြောင်း လက်မှတ်သွားထိုးရသည်။ ဦးပညာဓဇကတော့အရုဏ်ဆွမ်းဘုဉ်းပေးပြီးသည်နှင့် သာသနာပြုဌာနတည်ရှိရာ မောင်တောသို့သွားပြီ။
“ဦးဇင်းသာသနာပြုဌာနက တောင်ပေါ်မှာ။ ဒုံးသိမ်သာသနာပြုဌာနကို အရင်သွားရတယ်။ ဒုံးသိမ်က ဘူးသီးတောင်နဲ့ ခြောက်မိုင်လောက်ဝေးတယ်။ နွေဘက်ဆိုရင်တော့ ဆိုင်ကယ်နဲ့ သွားလို့ရပေမယ့် မိုးတွင်းဆိုရင်တော့ ခြေလျင်သွားရတယ်။ တပည့်တော်တို့ နှစ်နာရီလောက်မှ ဒုံးသိမ်ကို သွားကြတာပေါ့”
ဦးဥက္ကံသ က သူ့ကိုပြောသည်။ ဦးဥက္ကံသ က သူ၏ MP-4 ထဲကပုံရိပ်အချို့ကို သူ့ကိုပြသည်။ ဒုံးသိမ်ပုထိုးတော်ကြီး ဟူသောဆိုင်းဘုတ်ကိုရေးနေသော ဦးဇင်းသုံးပါးကို တွေ့ရသည်။ ထိုသုံးပါးထဲတွင် နှစ်ပါးကိုတော့ သူမှတ်မိနေသည်။ ရန်ကုန် သာသနာ့တက္ကသိုလ်တွင် အတူနေခဲ့ရသောကြောင့်ပင်။ သို့ရာတွင် ဘွဲ့အမည်တော့ သူမမှတ်မိ။
“ဒီဟာကဦးဣန္ဒက၊အရှင်ဘုရားအခုတာဝန်ကျတဲ့မင်းကိုင်းသာသနာပြုဌာနက။ဒီဟာကဦးအဂ္ဂဥာဏ၊ 
ဝါးနက်ရုံသာသနာပြုဌာနက။ဒါက မန္တလေးတက္ကသိုလ်ဆင်း ဦးသုမင်္ဂလ၊ ဒုံးသိမ်မှာ တာဝန်ကျတယ်။ အခု အားလုံးဒုံးသိမ်မှာ ရှိနေကြတယ်”
ဒုံးသိမ်ဆိုသည်မှာရှေးဟောင်းပုထိုးတော်ကြီးတစ်ခုဖြစ်သည်။MP4ထဲတွင်တွေ့နေရသောဒုံးသိမ်သာ
သနာပြုဌာနတွင်ရှိသောဒုံးသိမ်ပုထိုးတော်ကြီးကိုဖူးမြင်ရသည်မှာ ကြည်နူးစရာ။  
“ဒီလိုနေရမှာသာနေရရင်ဘယ်လောက်ကောင်းမှာလဲ” ဟု စိတ်ထဲတွင် တောင့်တမိလိုက်သေးသည်။
“ပစ္စည်းတွေကတော့လိုအပ်တာလောက်ပဲယူသွား။ကျန်တာတွေကိုနောက်မှပြန်လာသယ်လို့ရတယ်” ဦးဥက္ကံသ က ပြောသည်။
နှစ်နာရီထိုးပြီးသည်နှင့်ဦးအောင်ကိုတို့အိပ်မှဆိုက္ကားဖြင့်ထွက်လာခဲ့သည်။သူ၏ပစ္စည်းနှစ်ထုတ်အနက်
တစ်ထုတ်သာယူခဲ့သည်။ ကျန်တစ်ထုတ်ကို ဦးအောင်ကိုအိမ်တွင် ထားခဲ့သည်။ အိမ်ကထွက်လာခဲ့၍ ဆယ်မိနစ်ခန့်အကြာတွင်ချောင်းကမ်းနားကိုရောက်လာသည်။တောင်ဘဇာသို့သွားသောချောင်းဟုဆိုသည်။ 


ချောင်းတစ်ဖက်ကမ်းကို လှေဖြင့်ကူးကြရသည်။ လှေထဲတွင် ကုလားတွေက များနေသည်။ ချောင်းတစ်ဖက်အရောက် ဈေးဆိုင်လေးတွေကို တွေ့ရသည်။ ဈေးဆိုင်လေးတွေအနီး လမ်းဘေးတွင် ဆိုင်ကယ်သုံးစီး ရပ်ထားသည်ကို တွေ့ရသည်။
“ဟေ့ ဘယ်သူ့အလှည့်လဲဟေ့။ သွားမယ်” 
ဦးဥက္ကံသ စကားအဆုံး ဈေးဆိုင်ထဲက လူတစ်ယောက်ထွက်လာသည်။ ထိုသူ၏ဆိုင်ကယ်နှင့်ပင် ပစ္စည်းထုတ်ကို ဆိုင်ကယ်ရှေ့တင်၍ သူနှင့် ဦးဥက္ကံသက ဆိုင်ကယ်နောက်တွင်ထိုင်ကာ ထိုဆိပ်ကမ်းမှ ဒုံးသိမ်သာသနာပြုဌာနသို့ ထွက်ခွာလာခဲ့သည်။
ဆိုင်ကယ်သွားသောလမ်းသည်မညီမညာ။ လမ်းသည် ကျောက်ခဲလုံးကြီးတွေဖြင့် အတိပြီးနေသည်။ ဆိုင်ကယ်လမ်းကြောလေး တစ်ကြောင်းသာ ရွေး၍မောင်းနေရသည်။ ဒီလမ်း၌ ဆိုင်ကယ်စီးရသည်မှာ မြင်းစီးရသလိုပင် ဖြစ်မည်ဟုထင်သည်။ လမ်း၏အကွေ့တစ်ခုတွင် တောင်ခြေတွင် ဆောက်ထားသော အဆောက်အဦများကိုတွေ့ရသည်။စကခ၁၅ တပ်မဟု ဆိုသည်။ ထိုမြင်ကွင်းမှ မိနစ်နှစ်ဆယ်ခန့်အကြာတွင် စစ်တပ်တစ်ခုအနီးတွင် ဖြတ်သွားရပြန်သည်။ ခမရ ၅၅၁ ဟု တွေ့ရ၏။ ထို့နောက် ရွာလေးတစ်ရွာကို သစ်တောအုပ်လေးတွေအကြား တွေ့ရသည်။ ထိုရွာလေးအရှေ့ လမ်းကလေးထဲသို့ ချိုးဝင်တော့ MP-4 ထဲတွင် တွေ့မြင်ခဲ့ရသော ဒုံးသိမ်ပုထိုးတော်ကြီးနှင့် ဒုံးသိမ်သာသနာပြုဌာနသို့ ရောက်ရှိပါတော့သည်။

xxxxxxxxxxxxxxxxxxxxx

 ဒုံးသိမ်


ဒုံးသိမ်ဟူသောအမည်သည် ရှေးဟောင်းပုထိုးတော်ကြီး အမည်ဖြစ်သည်။ ထိုပုထိုးတော်ကြီးကို အမှီပြု၍ သာသနာပြုဌာနကိုလည်း ဒုံးသိမ်သာသနာပြုဌာနဟု အမည်ပေးထားသည်။ ထို့အတူ ဒုံးသိမ်သာသနာပြုဌာနတည်ရှိရာ ရွာကလေးကိုလည်း ဒုံးသိမ်ရွာဟုပင် ခေါ်သည်။
ဒုံးသိမ်ရွာသည် ဘူးသီးတောင်၊ကျောက်တော်သွားသောကားလမ်းဟောင်းဘေးတွင် တည်ရှိပြီး အိမ်ခြေလေးဆယ်ခန့််လောက်သာ ရှိသည်။ ဒုံးသိမ်ရွာ၏ အနောက်ဘက်တွင် အတွင်းငှက်သေရွာ ရှိသည်။ ထိုရွာသည် ဘာသာခြားရွာဖြစ်သည်။ အိမ်ခြေလေးရာကျော်လောက် ရှိသည်။ ဒုံးသိမ်ရွာ၏ ရှေ့ဘက်တွင် ကင်းတောင်ရွာရှိသည်။ ထိုရွာသည်လည်း ဘာသာခြားရွာပင်ဖြစ်သည်။ အိမ်ခြေ ခြောက်ရာခန့်ရှိသည်။
ထိုဘာသာခြားရွာကြီး နှစ်ရွာအကြားတွင် ဒုံးသိမ်သာသနာပြုဌာန၊ ဒုံးသိမ်ပုထိုးတော်ကြီးနှင့် ဒုံးသိမ်ရွာ တည်ရှိသည်။ 

                                     ဒုံးသိမ်သာသနာပြုဌာန နှင့်
                               သစ်ပင်များအုပ်ဆိုင်းနေသော ဒုံးသိမ်ရွာလေး

“ဒုံးသိမ်ဆိုတဲ့နာမည်ကဒီစေတီကိုမင်းဘာဘုရင်(အေဒီ-၁၅၃၁-၁၅၅၃)ကစတင်တည်ထားခဲ့ပြီးတော့
ဒုံးညိုမင်းလို့ ထင်ရှားခဲ့တဲ့ စန္ဒ၀ိဇယရာဇာမင်း (အေဒီ-၁၇၁၀-၁၇၃၁) က ထပ်မံ မွန်းမံခဲ့တယ်။ အဲဒီကနေ ဒုံးညိုမင်း လှူခဲ့တဲ့သိမ်မို့ ဒုံးညိုသိမ်။ နောက်တော့ ဒုံးသိမ်ဆိုပြီး ဖြစ်လာခဲ့တယ်”
ဒုံးသိမ်သာသနာပြုဌာနဦးသုမင်္ဂလကရှင်းပြသည်။ မေယုတောင်စွယ်ဆီသို့ တရွေ့ရွေ့ဆင်းနေသော နေလုံးကြီးကိုနောက်ခံထား၍ဒုံးသိမ်ပုထိုးတော်ကြီးကို ဖူးမြင်ရသည်မှာ ပို၍ ကြည်ညိုစရာကောင်းလေသည်။
ပုထိုးတော်ကြီး ပတ်ပတ်လည်တွင် ပုထိုးတော်ကြီးနှင့် ပုံစံတူ အရံစေတီ (၁၂) ဆူရှိသည်။ ပုထိုးတော်ကြီး၏အရှေ့မြောက်ထောင့်စေတီနှစ်ဆူကြားတွင် တစ်စစီအက်ကွဲပြိုပျက်နေသောဗုဒ္ဓရုပ်ပွားတော်
များ ကျောက်ဆစ်လက်ရာများဦးခေါင်းတော်ပြတ်နေသော ဗုဒ္ဓရုပ်ပွားတော်များ ဗျာလရုပ်တုတို့ကို တွေ့ရသည်။ ဗျာလရုပ်တို့မှာ ဆက်စပ်၍ပင်မရတော့။
“ဒီအကျိုးအပြတ်တွေဟာဘာသာခြား(မွတ်ဆလင်)တွေရဲ့ လက်ချက်ပေါ့။ တစ်ချိန်က ဘူးသီးတောင် မောင်းတောမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းရဲ့ ပြယုဂ်တွေပေါ့”
ဦးသုမင်္ဂလ ပြောသောထိုစကားကြောင့် သူ၏ရင်ထဲ နင့်ကနဲ ခံစားလိုက်ရသည်။ ဗုဒ္ဓဘာသာဝင်တို့၏ တန်ဖိုးထားကိုးကွယ်ရာ အထိမ်းအမှတ် ရုပ်ပွားတော်များ၊ သမိုင်းဝင်ရှေးဟောင်းရုပ်တုများ အခုတော့ ဘာသာခြား(မွတ်ဆလင်)တို့၏ဖျက်ဆီးမှုကြောင့်ဒုံးသိမ်ဘုရားကုန်းတော်ပေါ်တွင်ကိုယ်အင်္ဂါမပြည့်မစုံဘ၀ဖြင့် လဲလျောင်းနေရပေပြီ။ 





သာသနာတော်အတွက် ရင်လေးစရာ။ အခု ဘူးသီးတောင်၊ မောင်တောနယ်တွင် ဘာသာခြား (ရိုဟင်ဂျာလို့ခေါ်တဲ့မွတ်ဆလင်) တွေက ၉၅/၉၈ ရာခိုင်နှုန်းရှိနေပြီ။ နောင်အနှစ် ငါးဆယ်အတွင်း ဤဘူးသီးတောင်၊ မောင်တောဒေသသည် မည်သို့ ရှိနေမည်နည်း။ တွေးကြည့်မိတိုင်း မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ရင်လေးမိပါတော့သည်။ 
 ကျိုးပြတ်နေသော ယဉ်ကျေးမှုလက်ရာများ၊ ဗုဒ္ဓရုပ်ပွားတော်များသည် သူ့အား စိတ်နားထဲတွင် ကြားနိုင်သော စကားများကို များစွာပြောနေပါသည်။
“ကင်းတောင်ရွာ၊ဘာသာခြားတစ်ဦးရဲ့ခြံထဲမှာဘုရားဆင်းတုတော်အပိုင်းအပြတ်တစ်ခု ရှိသေးတယ်။ မနက်ဖြန်မှ အရှင်ဘုရားကို လိုက်ပြအုံးမယ်”
“ဦးသုမင်္ဂလ၊ အရှင်ဘုရားသိသလောက် ဒုံးသိမ်ဘုရားသမိုင်း တပည့်တော်ကို ပြောပြပါအုံး”
ဦးသုမင်္ဂလကိုသူတောင်းဆိုမိသည်။သူဒုံးသိမ်ဘုရားအကြောင်းကိုပိုမိုသိချင်လာသည်။ပုထိုးတော်ကြီး တည်ဆောက်ပုံကလည်းထူးခြားသည်။ကျောက်တုံးကြီးများကိုထွင်းထု၍အဆင့်ဆင့်စီထားသည်။
ထီးတော်ကြီးကလည်းမှိုပွင့်ကြီးတစ်ခုထိုးထွက်နေသကဲ့သို့ရှိ၏။ထီးတော်ကြီးကိုရွှေရောင်သုတ်ထား
သည်။
ဒုံးသိမ်စေတီသည် မဟာသိမ်သုံးခုထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မဟာသိမ်ဆိုသည်မှာ သီဟိုဠ်ကျွန်းမှ မဟာသိမ်၊ မြောက်ဦးမြို့မှ ထုက္ကန်သိမ်၊ ဘူးသီးတောင်မြို့မှ ဒုံးသိမ် တို့ဖြစ်သည်။
ဤ ဒုံးသိမ်ပုထိုးတော်ကို ရခိုင်ပြည်နယ်၏ အနောက်ဘက်အကာ (အရံအတား) အဖြစ် မင်းဘာဘုရင်က တည်ထားခဲ့ပြီးနောက် ဒုံးညိုမင်းဟု ထင်ရှားသည့် စန္ဒ၀ိဇယရာဇာက ထပ်မံ ပြုပြင်ခဲ့သည်။
ရခိုင်ရာဇ၀င်တွင် “စန္ဒ၀ိဇယရာဇာမင်းကား ရွှေဝင်းတော်၊မြို့ပြ၊ကျုံးမြောင်း၊ပစ္စင်ရင်တားတို့ကို အသစ်ပြင်ဆင်ပြုစေတော်မူသည်။ သက္ကရာဇ်-၁၈၀ပြည့်နှစ် (အေဒီ-၁၇၁၈) တွင် ရတနာဗိမာန်နန်းတော်ကို ဆောက်လုပ်တော်မူသည်။ ရုပ်ရှင်တော် မဟာမုနိသိမ်တော် အစရှိသော သိမ်ပေါင်း (၈၀၀) ရေကန်ပေါင်း (၈၀၀) ကျောင်းပေါင်း (၈၀၀) တို့ကို ဆောက်လုပ်လှူဒါန်းတော် မူသည်။
“အရှင်ဘုရား၊ ဟိုမှာကြည့်”
ဦးသုမင်္ဂလညွှန်ပြရာသို့ သူ ကြည့်လိုက်သည်။ ဒုံးသိမ်ပုထိုးတော်နှင့် လယ်နှစ်ကွက် အခြားတွင် တာပေါင်းကြီးတစ်ခုကိုတွေ့ရသည်။မိန်းမပျိုလေးနှစ်ဦးရေအိုးကိုခါးထစ်ခွအနေအထားဖြင့်ပွေ့ချီကာ ယောက်ျားလေးတစ်ဦးက ရေအိုးကိုပုံးပေါ်ထမ်းကာ ထိုတာပေါင်းမှ ထွက်ပေါ်လာသည်။
  “အဲဒါ ရေကန်ကြီးတစ်ကန်ပဲ၊ တပည့်တော်တို့ သွားကြည့်ရအောင်”

                          ဒုံးသိမ်ပုထိုးတော်ကြီးနားကရေကန်                                               ဓာတ်ပုံအတက်နားက တွေရသောရွာမှာ အိမ်ခြေ ၆၀၀ကျော်ရှိသော ကင်းတောင်(ဘာသာခြား)ရွာ

သူ နှင့် ဦးသုမင်္ဂလ ဒုံးသိမ်ပုထိုးတော်ကြီးရင်ပြင်မှ ရေကန်သို့ ဦးတည်ထွက်လာခဲ့သည်။
“ဒီရေကန်ဟာ အလျား၁၇၅ ပေ၊အနံ ၁၅၅ ပေ ရှိတယ်။ ဒုံးသိမ်ပုထိုးတော်ကြီးနဲ့ ဆက်စပ်ကြည့်တော့ ဒုံးသိမ်ပုထိုးတော်ကြီးဟာ စန္ဒ၀ိဇယရာဇာလို့ ခေါ်တဲ့ ဒုံးညိုမင်းရဲ့ ကုသိုလ်ဖြစ်မယ်လို့ ထင်တယ်။ ဒီပုထိုးတော်ကြီးကို စတင်တည်တာဟာ မင်းဘာဘုရင်လား၊ စန္ဒ၀ိဇယလို့ခေါ်တဲ့ ဒုံးညိုမင်းလားဆိုတာ ဆက်လက် လေ့လာဖို့ လိုနေတယ်။ နောက်ပြီး ဒုံးသိမ်ဆိုတဲ့ နာမည်ကလည်း အရှင်ဘုရားကို တပည့်တော်ပြောခဲ့သလို ဒုံးညိုမင်းသိမ်ဆိုတဲ့ နာမည်က ဆင်းသက်လာခဲ့တာ ဆိုတော့ စန္ဒ၀ိဇယရာဇာမင်းရဲ့ ကောင်းမှု ဖြစ်ဖို့ များမယ်လို့ထင်တယ်”
ရေကန်ပေါ်ကနေ တောင်ဘက်ကိုကြည့်လိုက်တော့ စေတီတစ်ဆူနှင့် ရွာတစ်ရွာကို တွေ့ရသည်။ ကြာညိုပြင်ရွာဟု သိရသည်။ 

                                                                      ကြာညိုပြင်ရွာ

ကြာညိုပြင်ရွာသည်ရခိုင်တိုင်းရင်းသားတို့စုစည်းနေထိုင်သော ရွာဖြစ်သည်။ထိုရွာ၏အရှေ့ဘက်တွင်
စိုင်းတင်ချောင်းရှိသည်။ထိုစိုင်းတင်ချောင်း၏အရှေ့ဘက်ကမ်းတွင်သရက်ပြင်ရွာရှိသည်ဟုဆိုသည်။ 
သရက်ပြင်ရွာသည်လည်း ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတို့ နေထိုင်ရာ ရွာဖြစ်သည်။ သရက်ပြင်ရွာနှင့် ကပ်လျှက် ရွာတစ်ရွာက ဖုံညိုလိပ်ရွာ ဟုဆိုသည်။ ထိုရွာတွင် ဗုဒ္ဓဘာသာဝင်ရခိုင်ရော ဘာသာခြားမွတ်ဆလင်တွေပါ ရှိသည်ဟု ဆိုသည်။ ဘာသာခြားတွေက အများစု နေထိုင်ကြသည်။
နေလုံးကြီးသည် မေယုတောင်စွယ်နှင့် ထိကပ်တော့မည်။ မြူနှင်းမှုံတို့သည် ဝေ့၀ဲကျဆင်းလာပြီ။
သူ နှင့် ဦးသုမင်္ဂလ စေတီရင်ပြင်ဆီသို့ ပြန်လှည့်လာခဲ့ကြသည်။
“ဒီပုထိုးတော်ကြီးဟာ ဥာဏ်တော်အမြင့် (၅၄) ပေ၊ အောက်ခြေလုံးပတ် (၈၇)ပေ (၉)လက်မ ရှိတယ်၊ ဒုံးသိမ်ပုထိုးတော်ကြီးရဲ့ ပုရ၀ုဏ်အကျယ်အ၀န်းက အလျား (၁၈၂)ပေ၊ အနံ ပေ(၉၀) ရှိတယ်”
ဦးသုမင်္ဂလ ပြောပြချက်များကို နားထောင်ရင်း သူ့စိတ်ထဲက ပုထိုးတော်ကြီး၏ ဥာဏ်တော်ကို လိုက်တိုင်းတာနေမိသည်။
“ရွာထဲက ဒကာတွေပြောပြလို့ သိရတာက ဒီပုထိုးတော်ကြီးအရင်က ပြိုကျနေပြီး ခြုံနွယ်တွေ ပိတ်ဖုံးနေတယ်။ သရက်ပင်ကြီးကြီး နှစ်ပင်ကလည်း ဘုရားပုရ၀ုဏ်အတွင်းမှာ ရှိနေခဲ့တယ်လို့ ဆိုတယ်။ အခုမြင်ရတဲ့ တံတိုင်းကြီးကတော့ ရှေးလက်ရာအတိုင်းပဲ ရှိနေတယ်”
ပုရ၀ုဏ်တံတိုင်းကြီးသည် ငါးပေနီးပါးခန့််မြင့်သည်။ ထိုတံတိုင်းကြီးက ဒုံးသိမ်ပုထိုးတော်ကြီး၏ အတိတ်သမိုင်း ခမ်းနားထည်ဝါမှုကို ပြနေသော ပုံရိပ်အချို့ဖြစ်နေပါသည်။
“ဦးသုမင်္ဂလ ဒီပုထိုးတော်ကြီးကိုဖျက်ဆီးတုန်းက ဘာသာခြားတွေ အဖိုးရတနာတွေကို ဘယ်လောက်တောင် ရသွားလဲမသိဘူးနော်။”
သူ၏ထင်မြင်ချက်ကို ပြောမိသည်။
“အရှင်ဘုရား တွေ့လား ဟို.. သရက်တောအုပ်လေးရှိနေတဲ့ တောင်ကုန်လေး တစ်ခုဟာလည်းပဲ စေတီတစ်ဆူရဲ့ နေရာပဲ၊ အဲဒီစေတီရဲ့ နေရာဟောင်းမှာ ဌာပနာတွေကို ဖောက်ယူထားတာဟာ ရေတွင်းကြီးတစ်လို ဖြစ်နေတယ်။ နောက်တော့ သွားကြည့်ကြတာပေါ့။”
“တပည့်တော်တို့ စေတီထဲဝင်ကြည့်ရအောင်”
စေတီ၏မုခ်ပေါက်ဝတွင် သမိုင်းဝင် ဆုတောင်းပြည့် ဒုံးသိမ်ပုထိုးတော်ကြီး ဟု အနီရောင်နောက်ခံ ထား၍ ရွှေရောင်စာလုံးများဖြင့် ရေးသားထားသည်။
“ဒါက တပည့်တော်တို့ ရောက်ပြီးမှ ရေးထားတာ”
ပုထိုးတော်ကြီးထဲသို့ ၀င်လိုက်သောအခါ အေးစိမ့်နေသည်။ ပုထိုးတော်ကြီး၏ လိုဏ်ဂူအတွင်းကနေ အပေါ်ကိုမော့ကြည့်လိုက်တော့ အတုံးလိုက် အတစ်လိုက်စီထားသည့် ကျောက်တုံးကြီးများကို တွေ့ရသည်။ လိုဏ်ဂူအထဲတွင် ထိုင်တော်မူ ရုပ်ပွားတစ်ဆူ ရှိသည်။ ရှေးဟောင်းလက်ရာကို ပြန်လည် မွမ်းမံထားသည်ဟု ဆိုသည်။
ဒုံးသိမ်ပုထိုးတော်ကြီးသည် နှစ်ပေါင်းကြာမြင့်စွာ ပျက်စီးနေခဲ့ပြီး ခြုံနွယ်များ ဖုံးအုပ်နေခဲ့သည်။ ၁၉၉၀-ခုနှစ်၊ မေလ (၁၀) ရက်နေ့မှစ၍ ရုပ်လုံးပြန်ပေါ်လာခဲ့သည်။ ဒုံးသိမ်ပုထိုးတော်ကြီး၏ ပုံသဏ္ဍာန်သည် မည်သည့်ပုံသဏ္ဍာန်ဖြစ်သည်ဟု မခန့်မှန်းနိုင်၊ ဒုံးသိမ်ပုထိုးတော်ကြီးမှာ သပိတ်လုံးမှစ၍ ပျက်စီးနေခဲ့သည်။ ပန်းရံဆရာတို့ ပြုလုပ်ရမည့် အခက်အခဲကို ဆရာကြီး ဦးဦးသာထွန်းက ဖြေရှင်းပေးခဲ့သည်။
ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်ရာဇ၀င်နှင့် ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးဖြစ်သောကြောင့် မြောက်ဦးခေတ် စေတီပုံသဏ္ဍာန်များကို ကောင်းစွာသိရှိသည်။ ဒုံးသိမ်ပုထိုးတော်ကြီးသည် မြောက်ဦးခေတ်လက်ရာဖြစ်သည်။ ဒုံးသိမ်ပုထိုးတော်ကြီး မပြိုပျက်ဘဲ ကျန်ရှိနေသော ခေါင်းလောက်ပုံသဏ္ဍာန်ကို အခြေခံပြီး ဤသိမ်တော်သည် မြောက်ဦးမြို့တော်ဟောင်း ထုက္ကန်သိမ်၏ ပုံသဏ္ဍာန်အတိုင်း ဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့သည် ဟု ဆိုသည်။
“ဂူဝကို ရှင်းလင်းပြီး အတွင်းထဲဝင်ကြည့်တော့ ခု တပည့်တော်တို့ တွေ့နေရတဲ့ ဒီဂူအတိုင်း အကောင်းပကတိ တွေ့ရတာတဲ့”
ဂူတစ်ခုလုံး အထပ်ထပ်စီထားသော ကျောက်တုံးများဖြင့် ပေါင်းကူးတည်ဆောက်ထားသည်ကို တွေ့ရသည်။ ဂူထဲတွင် လေ၀င်ပေါက်သုံးပေါက်ကိုလဲ ထုတ်ချင်းပေါက် ဖောက်ထားသည်။ ထိုအပေါက်မှ အလင်းရောင်များပင် အတွင်းသို့ဝင်နေသည်။ မြောက်ဘက်အပေါက်ထဲတွင် ပျားအုံတစ်ခုကလည်း ရှိနေသေးသည်။
ထိုပုထိုးတော်ကြီး တည်ဆောက်သောအခါ ဘူးသီးတောင်မြို့က အေးစေတီဆရာတော် ဦးဆောင်ပါဝင်ခဲ့သည်။ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်ပြီး ဌာနဆိုင်ရာများ စုပေါင်းကာ ဒကာ/ဒကာမများ တို့၏ ကုသိုလ်ကောင်းမှုဖြင့် ပုထိုးတော်ကြီးကို ၀ိုင်းဝန်း ပြုပြင်ခဲ့ကြသည်။
စေတီတော်ကြီးအတွက် စောင့်ရှောင့်ထိန်းသိမ်းနိုင်ရန် ဒုံးသိမ်ရွာကို တည်ထားပေးခဲ့သည်။ အစတည်ထားခဲ့စဉ်က ဒုံးသိမ်ရွာသည် ဒုံးညိုရွာအဖြစ် တည်ထားခဲ့သော်လည်း ယခုအခါ ဒုံးသိမ်ဟူသော အမည်ဖြင့် ထင်ရှားသည်။
နေလုံးကြီးသည် မေယုတောင်စွယ်ဆီသို့ ငုပ်ရှိုးဝင်သွားခဲ့ပြီ။ ဆည်းဆာရောင်ခြည်တို့သည် ကောင်းကင်ပေါ်တွင် လိမ္မော်ရည်ဆမ်းလျက်။ ငှက်ကလေးတွေကလည်း တစ်အုပ်ပြီးတစ်အုပ် အိပ်တန်းဆီသို့ ပျံသန်းသွားနေကြသည်။ 



 အရှင်ဓမ္မိက (လောင်းလုံ)

                                                




0 comments em “သြရမတောင်တန်းပေါ်က စီးဆင်းခဲ့သော နေ့ရက်များ (၇)”

Post a Comment

 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger