အသက်ရဲ့နေ၀င် နေထွက်တွေကို
တစ်လွှာချင်းခွာကြည့် ၊
တစ်ကန့်စီရှိနေတဲ့ နာရီလက်တံတွေ
အရောင်သွေးစုံနေတဲ့ အချိန်တွေ..
တန်ဖိုးမညီတဲ့ သင်္ချာလှေခါးထစ်တွေ.. ကြားမှာ
လျှောက်လှမ်းခဲ့တာ......
ဒီနေ့ ၂၀၁၁ ဒီဇင်ဘာ ၁၃ ရက်ဆိုတော့
၃၇ နှစ်အတွင်းချည်းနင်းဝင်ရောက်
သတ်မှတ်ချက်အပေါ် လမ်းလျှောက်လို့.. ပေါ့ ...။
ဒီသတ်မှတ်ချက်တွေ အတွင်း
ကျရှုံးမှုတွေ အမြောက်များစွာထဲက
မပြောပလောက်တဲ့ အောင်မြင်မှုလေးက
စိတ်ဓာတ်ခွန်အားကိုတော့ ဖြစ်စေခဲ့တယ် ။
ဒီသတ်မှတ်ချက်တွေ အတွင်း
ကမ္ဘာကြီးပူနွေးမှု..
ဆူနာမီရဲ့ ..ဆူနာမီမှု..
နာဂစ်ရဲ့...နာဂစ်မှု..
ဂိရိရဲ့......ဂိရိမှု...
လူဦးရေပေါက်ကွဲမှု...
စားနပ်ရိက္ခာ အငွေ့ပျံမှု
အကြမ်းဖက်မှု
အကျဉ်းကျမှု … လွတ်မြောက်မှု
စတာတွေ .......နဲ့
သတ်မှတ်ချက် ကိန်းဂဏန်းသင်္ကေတတွေ နဲ့အတူ
ပြောင်းလဲ လာမယ်လို့ မျှော်လင့်ရတဲ့ …
မျှော်လင့်ချက်တစ်ခုလည်း
21-ရာစု အိမ်အိုကြီးရဲ့ သန်းခေါင်စာရင်းထဲ
နုပျိုစွာနဲ့ ရောက်လာခဲ့တယ်....။
ဒီဟာတွေ ကို လွယ်အိတ်နဲ့ ထုပ်ပိုးရင်း..
သတ်မှတ်ချက်ပေါ် လမ်းလျှောက်မိ...။
မွေးနေ့- သေနေ့ ။....သေနေ့-မွေးနေ့
မွေးနေ့- သေနေ့ ။....သေနေ့-မွေးနေ့
အနုလုံ ပဋိလုံ နဖူးပေါ်လက်တင် ဆင်ခြင်ကြည့်တော့
မွေးနေ့ကထင်ထင်ရှား...
သေနေ့က မှုန်ဝါးဝါး...
ဒီလိုနဲ့ ငါ့ရဲ့အတ္တကို အမိုးမှာချိတ်ဖို့လက်အလှမ်း.....
မိုးကကျွံကျလာတဲ့ လနဲ့တိုက်မိသွားတယ်..
သတ်မှတ်ချက်ပေါ် လမ်းလျှောက်လို့ပေါ့။ ။
အရှင်ဓမ္မိက(လောင်းလုံ)
ကဗျာလာဖတ်ပါတယ်.. ဘုရား..