****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****
Tuesday, September 13, 2011
ရွှေလက်စွပ် မချွတ်ပစ်ပါလေနှင့်
           မနက်က မောင်ထွန်းထံက ကြားလိုက်ရသောစကားကြောင့် သူ့စိတ်အစဉ်က စိုးရိမ်မှတ်သို့ ရောက်
သွားခဲ့သည်။
          ထိုစိုးရိမ်မှတ်ကို ဘာသာတရားဖြင့် တိုင်းတာခဲ့သည်လား၊ အတွေ့အကြုံအရ အုပ်စု၏ သမဂ္ဂီသဘော
နှင့် ချိန်ညှိခဲ့သည်လား ဆိုသည်ကိုတော့ သူချက်ချင်း မဆုံးဖြတ်နိုင်ခဲ့။
          ထမင်းတစ်အိုး အကျက်မညီလျှင် စား၍မဖြစ်တော့ ထမင်းဝိုင်းအတွင်း သားသမီးများအကြိုက်ကွဲပြား နေလျှင် မိဘတို့ အခက်ကြုံမည်။ ထို့အတူ သူသာသနာပြုတာဝန်ကျရာ အုပ်စုအတွင်း အယူဝါဒ ကာလာစုံ ရောယှက်မှုများ လာပါကလည်း စုစည်းရပိုခက်သည် ဟု သူမြင်မိသည်။ ထို့ကြောင့်လည်း သည်ခရီးကို ရွေး ချယ်ခဲ့ပြီး သည်တောင်ကြီးကို သူချီတက်နေရခြင်းဖြစ်သည်။
                                            xxxxxxxxxxxxxxxxxxxxxxxx
          သာသနာ့တက္ကသိုလ်သို့ ရောက်ပြီဆိုကတည်းက တစ်နေ့ တောင်တန်းဒေသသို့မလွဲမသွေ သွားရ မည် ဖြစ်ရာ တောင်တန်းက သူ့ဦးနှောက်၏ အကန့်တစ်ကန့်အတွင်းနေရာ ယူထားခဲ့သည်။ အင်တာဗျူး ဖြေ ဆိုစဉ်ကပင်''အရှင်ဘုရား တောင်တန်းဒေသကို သွားနိုင်ပါမည်လား'' ဟု ဆရာတော် တစ်ပါး၏ အမေးကို  ''သွားနိုင်ပါသည် အရှင်ဘုရား'' ဟု သူတက်တက်ကြွကြွ ဖြေဆိုခဲ့သည်ကို မှတ်မိနေသည်။
သို့ရာတွင် ဤနေရာ ဤဒေသသို့ ရောက်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဘူး။
          သူ ဘူးသီးတောင်ဒေသသို့ စရောက်ကတည်းက ဘာသာခြား တိုင်းပြည်တစ်ခုသို့ရောက်နေသလို ခံစားရသည်။ ”လူလည်းတထွေ ရေလည်းတခြား” ဟူသော ဆရာကြီးမင်းသုဝဏ်၏ရသစာတမ်း တစ်ပုဒ်ကို သတိရမိသည်။
      ဘ/ကကျောင်းကို အုပ်ချုပ်ရသူအဖြစ်ဆိုရန်မှာလည်း စိတ်ကူးပင် မရှိခဲ့ပါ။  
      မြို ခမီးတိုင်းရင်းသားတို့၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းသည့်အနေဖြင့် ဦးက္ကုန္ဒကနှင့်တွဲဖတ်၍ ဘကကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဦးဣန္ဒကတာဝန် ပြီးဆုံး၍ ပြန်ကြွသွားတော့ ကျောင်းကို အုပ် ချုပ်ရသူအဖြစ် မည်သူမျှမခန့်ရဘဲ ကျောင်းအုပ်ရာထူးကိုအလိုလို ရောက်သွားတော့သည်။
          အရာဝတ္ထုတစ်ခု၏ အသွင်သဏ္ဍာန်ကိုသာကြည့်၍ ဆုံးဖြတ်တက်ကြသော လူတို့အဖို့ ဤကျောင်း သားလေးတွေကို မည်သို့ ရှု မြင် ဆုံးဖြတ်ကြလေမည်နည်း ဟုလည်း သူမေးခွန်းထုတ်နေမိသည်။
       သူ့အဖို့ကတော့ ဤကျောင်းသားလေးများသည် မြန်မာပြည်မှာနေ မြန်မာ့ရေကိုသောက် မြန်မာ့ မြေ မှာ မွေးဖွား၍ရှင်သန်နေကြသော တောင်ပေါ်တိုင်းရင်းသားလေးတွေအဖြစ်သာ မြင်မိသည်။
          တစ်နေ့က ကျောင်းအားလပ်ချိန် ကျောင်းသားလေးတစ်ယောက် ထမင်းခဲလေးတစ်ခဲကို ကိုင်လာ သည်ကို တွေ့ရသည်။
       '' စာအုပ်စုတ်ပြဲသွားလို့ ကော်အဖြစ်အသုံးပြုမည် ထင်ပါရဲ့'' ဟု သူတွေးနေမိစဉ် ကျောင်းသားလေးက ထမင်းခဲလေးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို မြင်ရတော့ သူငယ်စဉ်ကျောင်းသားဘ၀ အမေပေးသော မုန့်ဖိုးတစ်မတ်ကို နည်းသည်ဟုဆိုကာ ကြမ်းပြင်ပေါ်ပစ်ထားခဲ့ပြီး ခြေဆောင့်ထွက်ခဲ့သည်ကို သတိရနေမိ သည်။
          သလူပြားရွာတွင် ဈေးဆိုင်မရှိ ဈေးဝယ်မည်ဆိုလျှင်( ဗုဒ္ဓဟူး)ဈေးနေ့ရောက်မှ သုံးနာရီကျော်ကျော် တောင်ပေါ်ခရီးကို ခြေလျှင်ဖြတ်ကျော်ကာ စိုင်းတင်ဈေးရွာသို သွားဝယ်ကြရသည်။ ထို့ကြောင့် ကျောင်းအား လပ်ချိန်ကို မုန့်စားဆင်းချိန်ဟု သက်မှတ်၍လည်း မရနိုင်ပြန်။ ဘူးသီးတောင်မြို့က ပညာရေမှူးဦးသာလူချေ လက်ထောက်ပညာရေးမှူး ဦးဘထွီးစိန်တို့  လှူဒါန်းထားသော အားကစားပစ္စည်းလေးများဖြင့် ကျောင်းသား လေးတွေ အားလပ်ချိန်ကို အချိန်ကုန်ကြရသည်။ ကျောင်းဝင်းအတွင်း အလေးအပေါ့သွားရန် ရေလောင်း
အိမ်သာပြုလုပ်ပေးထားသော်လည်း ကျောင်းသားလေးတွေက ကျောင်းအပြင်ဘက် တောစပ်တို့သာ သွား ကြ၏။
        ကျောင်းသားလေးတွေသာမဟုတ် '' အုပ်စုအတွင်း ကျန်းမာရေးနှင့်ညီညွတ်အောင်အိမ်သာဆောက် ကြပါ'' ဟု သူပြောတော့ ရွာသားတွေက “ဆရာတော် ငါတို့အတွက် အိမ်သာမလို ၀က်တွေရှိတယ် ” ဟုပြန် ပြောကြသည်။
         သူတို့ ပြောသည့်အတိုင်းပင် နံနက်မိုးပင် မလင်းသေး တောခြုံအုံကြားဝက် သံကိုကြား နေရတတ် သည်။
          ''သံသရာခရီးတစ်လျှောက်ဆွေမျိုး မတော်စပ်ခဲ့ဖူးသူမရှိ''ဟု မြတ်ဗုဒ္ဓ၏စကားအရဆိုလျှင် သည်နေ ရာ သည်ဒေသကို ရောက်နေသောသူသည်လည်း ပုဗ္ဗေကတစက်တစ်ခုအနေဖြင့်လည်ပတ်ခဲ့ခြင်းကြောင့် ပင်လောဟု ဆင်ခြင်မိ၏။
      လုပ်သလိုမဖြစ်သော အရာများကို ဖြစ်သလိုလုပ်နေရသည်များလာတော့ အချို့အလေ့အထလေးတွေ က သူ့မှာမသိမသာ ကပ်ပါလာသည်။
          ဘုန်းကြီး ရဟန်းသံဃာများနှင့် စကားပြောလျင် ''ငါ''နေရာမှာ''တပည့်တော်''ထည့်ပြောရန် လူကြီး များကို သင်ပြသော်လည်း တစ်ယောက်စနှစ်ယောက်စကလွဲ၍ ပြောတုန်းကခဏသာ''တပည့်တော်'' ကြ သည်။ နောက်တော့လည်း သူ့နုတ်ဖျားသည်ပင်''ငါ''ဟူသော နာမ်စားလေးတစ်ခုကမသိမသာကပ်ပါလာ သည်။
         သစ်ရွက်ခြောက်လေး တစ်ရွက်က သူ့ခြေဖမိုးပေါ်သို့ ရောက်လာသည်။ ပြန့်ကျဲနေသော သစ်ရွက် ခြောက်များကို ဒုတ်ကလေးဖြင့် သူထောက်ပြရင်း ''၀မ့်တယာ့ ၀မ့်တယာ့''ဟု ပြောလိုက်သည်။
          ကျောင်းသားလေးတွေက ''တိန်ပေါင်,ဒိန်ဝီ,တိန်ပေါင် ဒိန်ဝီ''ဟုအော်ကာ ခုန်ပေါက်၍ သူ့ရှေ့သို့ ပြေးလာကြ၏။ သစ်ရွက်ခြောက် အမှိုတ်များကို သူ့ထက်ငါ အရင်ရအောင် လိုက်ကောက်ကြသည်။
          မြိုလို ''၀မ်တယာ့ ၀မ်တယာ့''ကို မြန်မာလို''လာကြ လာကြ'' ငှက်ပျောဖူးကို ''တိန်ပေါင်'' ငှက်ပြောသီးကို ''ဒိန်ဝီ'' ဟုခေါ်ကြောင်းကို ကျောင်းသားလေးတွေထံက သူသိထားသည်။
         ညစဉ်ဘုရားဝတ်တက်အပြီး သကြားလုံး မဝေခင် သူသိလိုသောမြိုဝေါဟာရလေးများကိုကျောင်းသား လေးတွေထံကတစ်ဆင့်မေးမြန်းရင်းသင်ယူရသည်။ မတူညီသော စကားကို မတူညီသောလေသံဖြင့် သူ ပြောလျင် ကျောင်းသားကျောင်းသူလေးတွေက၀ိုင်းရယ်ကြ၏။ ဤသည်ပင်လျှင် ဆရာနှင့် တပည့်တို့၏ နွေး ထွေးသောရင်းနှီးမှုတစ်မျိုးဟု သူမြင်မိသည်။
       ထိုနေ့က ငှက်ပျောဖူးနှင့် ငှက်ပျောသီးကို မြိုလိုမေးပြီး စကားမမေ့စေရန် ဝေနေကြ သကြား လုံးနှစ် လုံးကို''တိန်ပေါင်၊ဒိန်ဝီ''ဟုဆိုကာ တစ်ဦးချင်းကို ဝေခဲ့ရာက ကျောင်းသားလေးတွေ၏ နုတ်ဖျား''တိန်ပေါင်၊ ဒိန်ဝီ''ဖြစ်သွားရသည်။
      သူ့မျက်စိအစုံက ကျောင်းတိုင်လုံး၌ ပေနေသော သွေးများဆီ ရောက်သွားသည်။ ဒီသွေးတွေကို ဘယ် သူသုတ်ထားပါလိမ့်၊ ခွေးအချင်းချင်းကိုက်ကြရာက ကျန်နေခဲ့တဲ့ သွေးတွေလား၊ ခွေးတွေရဲ့ သွေးဆိုရင် ဒီ လောက်အမြင့်တွင်ရှိမည်မဟုတ်။ အခုတိုင်မှာပေနေတဲ့ သွေးတွေက သူ့ခါးလောက်အမြင့်တွင် ရှိနေသည်။ သူစဉ်းစားမိသည်။ ဟော. .အမှတ်ရပြီ။ ညကအဖြစ်လေးတစ်ခု။
          ညက ဘုရားရှိခိုးအပြီး ကျောင်းသားများ ကျောင်းပေါ်ကဆင်းသွားကြသည်။ ခဏအကြာ ကျောင်း သားတစ်ယောက်၏ ငိုသံက ကျောင်းပေါ်ပြန်ရောက်လာသည်။
        ''ဟဲ့..ရွှေထွန်း အောက်မှာ ဘာဖြစ်လည်းမသိဘူး အမြန်ဆင်းကြည့်''
         ကျောင်းဆရာ မောင်ရွှေထွန်းကို အရင်ဆင်းခိုင်းပြီး သူနောက်မှ လိုက်သွားသည်။
        လဆန်းစ မှုန်ပျပျလရောင်၏အောက်တွင် ကျောင်းဆရာမောင်ရွှေထွန်းကို ကျောင်းသားများ ၀ိုင်းအုံ နေကြသည်ကို တွေ့ရသည်။ မောင်ရွှေထွန်း၏ အသံက ကျောင်းသား၏ ငိုသံအောက်တွင် ပျောက်နေသည်။  
        ''ဟေ့ ...ဘာဖြစ်တာလဲကွ''
        ''အင်္ဂါဦး သကလုံးလုပါရေ လတ်သီးနဲ့ ထိုးပြီးကေ ခြေထောက်နဲ့လည်း ကျောက်ပါရေ ဆရာတော်''
         ကျောင်းသားသက်နိုင်ဦးက ရခိုင်သံဝဲ၀ဲဖြင့် လျှောက်ထားသည်။ အင်္ဂါဦးက သကြားလုံးလုပြီး လက် သီးနဲ့လည်း ထိုးသေး ခြေနဲ့လည်းကန်သေးဆိုပါလား။ ဘယ်သူကိုပါလိမ့် ဘာဖြစ်သွားပါလိမ့် ”   
       သူစိုးရိမ်သွား၏။ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ ငိုနေသူမှာပထမတန်းကကျောင်းသား မောင်ရိုင်လိုက် ဖြစ်နေသည်။ နှာခေါင်း ပါးစပ်ကို ပိတ်ထားသောလက်ပေါ်တွင် သွေးတွေက စီးဆင်းနေသည်။ သွေးကိုမြင်
တော့ သူစိုးရိမ်ပိုသွားသည်။  ကျောင်းသားလက်ကို ဖယ်ကြည့်၏။ သွေးက နှာတံမှ ယိုစီးနေသည်။
          ''ရွှေထွန်း...ရေအိုးဆီမြန်မြန်သွား သွေးမထွက်အောင်လုပ်ပေးခဲ့''
          ခဏအကြာ ကျောင်းသားနှင့် ကျောင်းဆရာရောက်လာသည်။ ကျောင်းသား၏နှာတံက သွေးတိတ် နေပြီ။ မောင်ကျောင်းသားက အငိုမတိတ်သေး။ လက်သီးနဲ့ ထိုးသည်ဆိုသူ ကျောင်းသား အင်္ဂါဦးကို သတိရ ၍ ကြည့်တော့ အင်္ဂါဦးမတွေ့ရတော့။ ရွာထဲဝင် ပြေးသွားပြီ။
        ''ကဲ ကဲ မငိုနဲ့တော့ မနက်ဖြန်ဆရာတော် အင်္ဂါဦးကို ဆုံးမမယ်''ဟု ပြောပြီး သကြားလုံးသုံးလုံးဖြင့် နှစ်သိမ့်လိုက်ရသည်။
          မနက်ရောက်သည်နှင့် သူသတိမရတော့။ တိုင်လုံးပေါ်ပေနေသော သွေးကိုမြင်ရမှ ညကအဖြစ်ကို သတိရလာသည်။ ကျောင်းသားအင်္ဂါဦးကို သူကြည့်လိုက်တော့ အင်္ဂါဦးက မောင်ရိုင်လိုက်နှင့်အတူ အမှိုက် တောင်းကို အတူတူကိုင်ကာ အမှိုက်ကောက်နေသည်။ အမှတ်အတေး မထားတက်သော ကလေးများ၏ ဖြူစင်သောစိတ်ထားလေးများကို နှစ်သက်စရာအဖြစ် မြင်မိတော့သူပီတိဖြစ်မိသည်။
          “သြော်...သာသနာပြု သာသနာပြု ”
          ''သာသနာပြုရာတွင် အခက်ခဲများ စိတ်ညစ်စရာများ မတွေ့ရပါရစေနဲ့''ဟု ဆုတောင်းမည်ဆိုပါက ဆုတောင်းပြည့်ဖို့ သူမမြင်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက'' တွေ့ကြိုရသော အခက်ခဲများ၊ပြဿနာ များကို လွယ်ကူစွာ ဖြေရှင်နိုင်ရပါလို၏''ဟု သူ ဆုတောင်းမိမည်လား မပြောတတ်။
      ထိုကြောင့် ရှေးဆရာတော်ကြီးများက ''စိတ်ရှည် ဇွဲသန်၊သည်းညည်းခံ၊ ပြုရန်သာသနာ''ဟုမိန့်ဆိုခဲ့ကြ ဟန်တူသည်။ ထိုမိန့်ဆိုချက်သည်သူ့အတွက်တော့လက်တွေ့ ဖြစ်နေ၏။
          ''ဆရာတော်''
          နောက်က အသံကြောင့် သူလှည့်ကြည့်မိသည်။ ရွာထဲက မောင်ထွန်းမောင် သူ့ကို ဦးချနေသည်။ ပြီးတော့ လက်ဖ၀ါးနှစ်ဘက်ကို ပွတ်ရင်း-
       ''ဆရာတော်...ညောင်ချောင်းရွာကိစ္စ ကြားပြီးလား''
       ဘာကိစ္စပါလိမ့် ပြဿနာလာပြန်ပြီလားမသိ။ တစ်ခါတစ်ခါ ရွာထဲက လူမှုရေး ပြဿနာများ ဘုန်းကြီး ဆီ အားကိုးတကြီး ယူလာတတ်သည်။ ဘုန်းကြီးအမှု ရွာပတ်ရသည်မရှိဘဲ၊ ရွာအမှု ဘုန်းကြီးဆီလာပတ် သည်က များသည်။ ရဟန်းတော်တို့နှင့် မသက်ဆိုင်သော ပြဿနာအချို့ကို အုပ်စုဥက္ကဋ္ဌ ကိုခင်မောင်လွင် ဆီသို့ပို့ရသည်။ ထို့ကြောင့် ''ကိစ္စ''ဟုဆိုလာလျှင် ပြဿနာ တစ်ခုခု ဖြစ်နေတတ်သည်။
          ''ဘာကိစ္စလဲကွ မောင်ထွန်းမောင်''
         “ ညောင်ချောင်းရွာက တပေါင်းလပြည့်နေ့မှာ နှစ်ခြင်းဝင်မယ်ကြားတယ်ဆရာတော်... အဲဒါ...''
          မောင်ထွန်းမောင်၏ ''အဲဒါ'' သည် သူ့ကို ရည်ညွန်းနေပြီဖြစ်သည်။ သူ့စိတ်ထဲ ဖော်ပြ၍ မတတ်သော စိုးရိမ်မှုတစ်ခု ဖြစ်သွားသည်။
         သူ သာသနာပြုဌာနကို ရောက်ကတည်းက အုပ်စုအတွင်းရှိ ရွာ ၂၀-သို့ အကုန်မရောက်သေး ကျောင်းသားလေးတွေ စာမေးပွဲပြီးမှ ရွာများဆီသို့ လှည့်လည်မည်။ ဗုဒ္ဓဘာသာဝင်အိမ်များကို ဗုဒ္ဓပုံတော် ဓာတ်ပုံလေးတွေ တစ်အိမ်တစ်ပုံ ပူဇော်စေမည်။ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဖြစ်တော်စဉ်ကို ပြောပြမည်။ ဤသို့ ရည် ရွယ်ထားသည်။ အခုတော့ စာမေးပွဲ ပြီးသည်ထိ အချိန်ကို ဆွဲဆန့်၍ မဖြစ်တော့။အုပ်စုထဲသွားမှဖြစ်
တော့မည်။ သူဆုံးဖြတ်ချက်ချမှတ်လိုက်ရသည်။
           ''ထွန်းမောင် ဒီနေ့ နေ့ ဆွမ်းဘုဉ်းပြီး ညောင်ချောင်းကို သွားမယ်''    
           ''တောင်ကျော်သွားရမယ် ဆရာတော်''
          ''တောင်ကျော်လည်း ကျော်ပေါ့၊ ဒါနဲ့...ဒီနေ့ စာကမ်းအလှည့် ဘယ်သူလဲ''
          ''ကောင်းယိုင် အလှည့် ဆရာတော်''
         “ အေး ဒီလိုဆိုရင် ကောင်းယိုင်ကို ပါခေါ်ခဲ့''
           ဤသို့ဖြင့် သူနှင့် တကာနှစ်ယောက် နေ့ ဆွမ်းဘုဉ်းအပြီး ကျောင်းမှထွက်လာခဲ့သည်။
                                                xxxxxxxxxxxxxxxxxxx
          လတပေါင်း၏ နေအရင့်က အရှိန်မြင့်လာနေသည်။ ခန္ဓာကိုယ်ကို လွှမ်းထားသောသင်္ကန်းဝတ်ရုံလွှာ က ချွေးဇရုံးအိမ်ဖြစ်နေသည်။ သူ့ဘယ်လက်က ဘယ်ဘက်ပခုံးပေါ် ခိုစီးလိုက်ပါလာသော လွယ်အိတ်၏ နုတ်ခမ်း အစုံကို ကိုင်ထားသည်။ ညာဘက်လက်ကလည်း သုံးတောင်သာသာ ၀ါးအစိမ်းတုတ်တစ်ချောင်းကို တောင်ဝှေးအဖြစ် အသုံးပြုလျက် ခန္ဓာကိုယ်ကို ဟန်ချက်ညီစေရန် မြေကြီးကိုထောက်ကာ ထောက်ကာ လိုက်ပါလာသည်။ ကျောက်ခဲတို့၏ ပြောင်ချော်ချော်ကျောကုန်းပေါ်သို့ ထောက်မိလျင် တစ်ခါတစ်ခါ ဟန် ချက်ပျက်သွား၏။ ခြေနှစ်ဖ၀ါး သာသာရှိ လမ်း၏ တောင်ခါးပန်းရံသို့ ရောက်လာတော့ သတိကိုပိုတင်ရသည် တစ်ဖက်က မျက်စိအဆုံး မမြင်နိုင်သော ချောက်ကမ်းပါးကြီးက အသင့်ကြိုနေသောကြောင့်ပင်။
          ''ဆရာတော်...အဆင်ပြေလား''
          မြိုတိုင်းရင်းသား ကောင်းယိုင်းနဲ့ ထွန်းမောင်က နောက်ပြန်လှည့်ကာ လှည့်ကာ မေးရှာသည်။  
          ကောင်းယိုင်နဲ့ ထွန်းမောင်က တောင်ပေါ်လမ်းကို မြေပြန့်ပမာ သွားနေကြသော်လည်းသူ့ခြေ တောက်အစုံကမူ ခရုတစ်ကောင် သွားနေသည့်နှယ်ဖြစ်နေသည်။ တောင်ခြေမှ စတင်ထွက်ခွာလာစဉ်က သစ်ရိပ်ဝါးရိပ်တို့က ထီးသဖွယ် နေကိုကာကွယ်ပေးထားသော်လည်း တောင်အမြင့်ကို ရောက်လာသည်နှင့် နေက အရှိန်မြင့်လာသည်။ အရိပ်ကလည်း ကင်းလာ၏။ လမ်းဘေး ၀ဲယာတွင်သစ်ပင်ကြီးငယ်တို့ကမီး လောင်ဒဏ်များ ကိုယ်စီဖြင့် အတုန်းအရုံး လဲနေကြသည်။ ၀ါးပင်ငယ်လေးတွေအကြားဖြူညစ်ညစ် ရိုးပြတ် များက တောင်ယာဟောင်း၏ အသွင်သဏ္ဍာန် တစ်ခုအဖြစ်ကို ပြနေ၏။
      တောင်ကျောတစ်လျှောက် မြင်ရသော တောင်ယာဟောင်းများ တောင်ယာသစ်များက ဖာထေးရာ ဗလပွရှိ ပုဆိုးဟောင်း တစ်ထည်ကို ဖြန့်ခင်းထားသည်နှင့် တူနေသည်။
          ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲမြစ်များ အရှိန်ပြင်းပြင်း ပျော်ဝင်စီဆင်းနေချိန်၊ သစ်တော သစ် ပင်တွေကလည်း ၀မ်းမီး၏လောင်မြိုက်ခြင်းကို ခံနေရသည်။
          ''ဥတုရာသီ တောကိုမှီ၏'' ဟုဆိုငြားသော်လည်း မြို၊ ခမီးတိုင်းရင်းသားတို့ အဖို့ တောင်ယာကိုသာ မှီနေရသည်။ သစ်တောပြုန်းတီးမှုကြောင့် သဘာဝရာသီဥတုမညီမျှဖြစ်မည်ကို သူတို့ မသိ။တောင် ယာမီး ရှို့ရာက ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ကြောင့် လေထုညစ်ညမ်းမည်ကိုလည်း သူတို့နားမလည်။  
         သူတို့ သိနားလည်ထားသည်က တောင်ယာစပါး အညီအမျှ ရရှိရေးနှင့် စပါးမရရှိပါကစိတ်ညစ်ရမည် ကို သာပင် ဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင်တို့ဆက်ဆံမှု ဂေဟစနစ်
ပျက်စီးသွားမည်ကို လည်းသူတို့မပူ။ တောင်ယာစပါးခင်းကို တောဝက်များ ကြွက်များ အုံလိုက်သင်းလိုက် ဖျက်ဆီးခံရမည်ကိုသာ သူတို့ တွေးပူသည်။
        ထို့ကြောင့် တောင်ယာသည် မြို၊ ခမီးတိုင်းရင်းသားတို့၏ဘ၀၊ မြို၊ ခမီးတိုင်းရင်းသားတို့၏ အလှဖြစ်နေ ၏။
          တောကြက်တစ်ကောင်က သူ့ရှေ့က ဖြတ်ပျံသွားသည်။ သူနှဖူးပေါ်က ချွေးစီးကြောင်းကလည်း မျက်နှာပြင်သို့ ဖြတ်သန်းစီးဆင်းလာ၏။ ဦးခေါင်းကို ရှေ့သို့ အနည်းငယ်စောင်း၍ လက်ညှိုးဖြင့် နဖူးက ချွေး ကို သပ်ချလိုက်သည်။ တောင်အတက်သည် မောဟိုက်ခြင်းကို တပါတည်း ခေါ်ဆောင်လာသည်။ခြောက် သွေ့လာသော အာခေါင်ကလည်း ရေးကိုတောင်းဆိုလာ၏။ လမ်းရှေ့တည့်တည့် မလှမ်းမကမ်းတွင် အရိပ်ရ သစ်ပင်ကြီးတစ်ပင်။ ထိုသစ်ပင်အောက် ရောက်လျှင် ခဏနားအုံးမည်ဟု ဟု သူဆုံးဖြတ်လိုက်သည်။
          ''ဟေ့ ထွန်းမောင်... ဟိုးရှေ့က သစ်ပင်အောက်မှာ ခဏ နားမယ်''
          သစ်ပင်အောက်သူရောက်လာသည်။ ပင်စည်၏ မျက်နှာပြင်တွင် ဓားဒဏ်ရာ ဗလပွရှိနေသော အ ရိပ်ရသစ်ပင်ကြီးက တည်ကြည်ငြိမ်သက်လျှက်။ တောင်ဝှေးကို ပင်စည်၌ ထောင်လိုက်သည်။လမ်းပေါ်ထိုး ထွက်နေသော သစ်မြစ်ပေါ်သူထိုင်လိုက်ကာ လွယ်အိတ်ထဲက ရေဗူးကို ထုတ်ပြီး ဦးခေါင်းကိုမော့၍''တဂွတ် ဂွတ်'' သောက်လိုက်သည်။ အိုအေစစ်ရေတစ်ပေါက်ကဲ့သို့ ရင်ထဲ အေးမြသွား၏။  
       လေပြေလေးကလည်း ၀ါးပင်တွေကို တိုးဝှေ့၍ ရောက်လာသည်။ သူအမောပြေသွားသကဲ့သို့ရှိသည်။ လွယ်အိတ်ထဲကနာရီကို ထုတ်ကြည့်မိတော့ နာရီမျက်နှာပြင်က နေ့ လည် ၁-နာရီ၁၅မီနစ်ရှိပြီဖြစ်ကြောင်း ပြောနေသည်။
          ''နောက် ၁-နာရီဆက်လျှောက်ရင် ရေဆူရွာကို ရောက်မယ်ဆရာတော်''
          ကောင်းယိုင် အပြောကြောင့် ရှေ့ဆက်ရမည့် ခရီးကိုတွက်ဆမိသည်။ ကျောင်းက ထွက်လာခဲ့သည် မှာ ၂-နာရီ ပြည့်တော့မည်။ ရေဆူရွာနှင့် ညောင်ချောင်းရွာက နောက်ထပ် မီနစ် ၄၀-ခန့်ဆက်သွားရမည်ဟု မောင်ထွန်းမောင်ထံက သိထားသည်။ ခရီးဆုံးသို့မရောက်သေးဘဲ အရိပ်အာဝါသကောင်းသည့် သစ်ပင် အောက် ကြာကြာ နားခိုနေမိလျှင် သွားလိုသော ခရီးအတွက် နှောင့်နှေးကြန့်ကြာနေလိမ်မည်။ ထို့ကြောင့် ကြာကြာနား၍ မဖြစ်တော့။
          ''ကဲ... ကောင်းယိုင် တို့ ခရီးဆက်အုံးစို့”
          သစ်ပင်၏ ပင်စည်တွင် မှိန်းစက်အနားယူနေသောတောင်ဝှေးကို သူကိုင်လိုက်သည်။ ဆက်သွားရမည့် ခရီးကိုလမ်းကို ကြည့်မိတော့ မပြောင်းလဲသော နေအပူအရှိန်က သူကို ဖိတ်ခေါ်နေသည်။ နေအပူသည် သူ့၏ ရင်ထဲက ဆန္ဒကို ထိုးဖောက် နိုင်စွမ်းရှိမည်မဟုတ်။ မြင့်မာသော တောင်သည်လည်း သူ၏ ဦးတည်ချက်နှင့် ယှဉ်လျှင် ခြေဖ၀ါး အောက် သို့ ရောက်သွားပေတော့မည်။
          ရေဆူရွာက ထွက်လာတော့ ညနေ ၃-နာရီရှိပြီ။ ကျောင်းအတွင်းရေးမှုး ဦးစံသာအောင်က သူလည်း လိုက်မည်ပြောသောကြောင့် ရေဆူရွာ၌ နာရီဝက်ခန့် ကြာသွားသည်။ ရွာထိပ်ရောက်နှင့် ၀ါးပင်တို့ အုပ်မိုး ထားသော လှျိုမြောင်တစ်ခုကို စတင် ဖြတ်ရသည်။ ရေကဒူးဆစ်ကို မိတ်ဆက်နေ၏။
          ရွှေဝါရောင် ၀ါးရွက်တို့က ရေပြင်တွင် ပြန့်ကျဲနေသည်။ သဘာဝတောတောင်၏ အေးမြသော အငွေ့ အသက်သည် သူ့စိတ်ကို လန်းဆန်းသွားစေ၏။ မြောင်၏ ယာဘက်ကျောက်တုံးတွေကို နင်းလျှက် တောင် ပေါ်က ခုန်းဆင်းလာသော ရေတံခွန်လေးတစ်ခုကို တွေ့ရတော့ ဂရိအတွေးအခေါ်ပညာရှင်“ဟေရာကလိုက် တပ် ” ၏ ဒဿနကို သတိရစေသည်။
          “လူတစ်ယောက် မြစ်ထဲသို့ နှစ်ကြိမ်မဆင်းနိုင်။ အဘယ့်ကြောင့်ဆိုသော် ရေတို့သည် အမြဲစီးဆင်းနေသောကြောင့်တည်း”
         ဟေရာကလိုက်တပ်၏ ဒဿနသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော မျတ်စိတစ်မှိတ် လျှက် တစ်ပြက်အ တွင်း ကုဋေတစ်သိန်းမက ချုပ်ပျက်ပြောင်းလွဲနေသော စိတ်တို့ ရုပ်တို့၏ ဖြစ်ပျက်နေမှု နိယာမသဘောတွင် သက်ဝင်နေ၏။
          ''သဘာဝတရားသည် အမြဲပြောင်းလဲနေ၏။ လူတို့သည်လည်းပြောင်းလဲနေသည်။ ထိုပြောင်းလဲနေသောသဘောသည်ပင် မပြောင်းလဲဘဲ တည်ရှိနေသည်''
          စာသင်ခန်းထဲက ဆရာကြီးနန္ဒာသိန်းဇံ၏ ပို့ချချက်ကိုလည်း သတိရမိသည်။
         မမြဲသောအနိစ္စသည် ထင်ရှားရှိနေသော်လည်း ပြောင်းလဲတက်သော သင်္ခါရသဘောအရ ညောင် ချောင်းရွာသားတို့၏ စိတ်အစဉ်ကို ဗုဒ္ဓဘာသာအပေါ် တန်ဖိုးထားတက်အောင် ပြောဆိုရအုံးမည်။ မြစ်ထဲသို့ နှစ်ကြိမ်မဆင်းနိုင်သောလည်း တောင်တက် တောင်ဆင်း ခရီးဖြင့် တိုင်းရင်းသားတို့ထံ အကြိမ်ကြိမ်ခရီး ဆက်ရအုံးမည်။
          လောကနိယာမများအရ စကြာဝဠာအတွင်းရှိ အရာဝတ္ထုများသည်ဆန့်ကျင်ဘက်(ပဋိပက္ခ)သဘော ကို ဆောင်နေကြသော်လည်း ရေများရေနိုင် မီးများမီးနိုင် ဆိုသည့်သဘောလည်း ရှိနေသေး၏။
        ဓမ္မ၀ါဒထွန်းကားလျှင် လောကကြီးသည် ငြိမ်းချမ်းမည်။ အဓမ္မ၀ါဒ ထွန်းကားလာလျှင် လောကကြီး ပူလောင်ဆူပွတ်မည်။ ဤသဘောသည်ပင် တူညီသော ပေါင်းစည်းမှုသဘော ဖြစ်နေပြန်၏။
          ထို့ကြောင့် အရှင်မဟာကဿပမထေရ်မြတ်ကြီးက-
         ''ပုရေ အဓမ္မော ဒိဗ္ဗတိ။''စသည်ဖြင့် မသူတော်တရား မထွန်းကားမီ အဓမ္မ၀ါဒ မထွန်းကားမီ ဓမ္မ၀ါဒ အားမနည်းမီ ဓမ္မ(သုတ်၊ အဘိဓမ္မာ)ကိုလည်းကောင်း ၀ိနယ ကိုလည်းကောင်းသင်္ဂါယနာတင်ကြပါကုန်စို့''ဟု နိုးဆော်ကာ ပထမသင်္ဂါယနာကို တင်တော်မူခဲ့သည်။
          အရှင်မဟာကဿပမထေရ်မြတ်ကြီးသာ ထိုသို့မလုပ်ဆောင်ခဲ့လျင် ပထမသင်္ဂါယနာသာ မတင်ခဲ့ လျှင် ကျန်သော ဒုတိယ၊ တတိယစသောသင်္ဂါယနာများသည်လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့။ အရှင်မဟာကဿပနှင့် သံဃာတော်တို့၏ ကျေးဇူးတရားကိုသင်္ဂါယနာများက ထွန်းပပေးနေ၏။ သင်္ဂါယနာ အကြောင်းကို သိရှိနားလည်လျှင် သံဃာတော်တို့၏ ကျေးဇူးတရားကိုလည်းနားလည်မည်ဟု သူယုံကြည်မိ သည်။
          ''ဆရာတော် တောဖျားချောင်းကို ရောက်လာပြီ ဒီချောင်းက ပုဏ္ဏားကျွန်းအထိ ရောက်တယ်''
        ခြေလှမ်းများက စည်းချက်မှန်မှန်လျောက်လှမ်းနေသော်လည်း သူ့စိတ်အစဉ်ကစွန်တစ်ကောင်လိုဝဲပျံ နေခဲ့ရာတောဖျားချောင်းသို့ရောက်မှန်းမသိ။ မောင်ထွန်းမောင်စကားကြောင့်သာ တောဖျားချောင်းဆို သည် ကို ကြည့်လိုက်မိသည်။ တောဖျားချောင်းသည် ညင်ညင်သာသာ စီးဆင်းနေ၏။မြောင်ကဲ့သိုဝါးရွက် များအ မှိုက် သရိုက်များမရှိ။ ပကတိ ကြည်လင်အေးဆေးစွာ စီးဆင်းနေသည်။
          ''ရေဆိုတာ အမြဲစီးဆင်းနေမှ ကြည်လင်သန့်ရှင်းတယ်။ ရဟန်းဆိုတာလည်း အမြဲတမ်းသွားလာလှုပ်ရှားနေမှ ကြည်လင်သန့်ရှင်းတယ်''ဟူသောအီတာလျံဘုန်းတော်ကြီးဦးလောကနာထ ၏ မိန့်ဆိုချက်ကိုလည်း သတိရ၏။
         ''ဗဟုဇနဟိတာယ ဗဟုဇန သုခါယ''ကို အရင်းခံ ဓမ္မနှင့် အညီလှုပ်ရှားမှသာလျှင်ကြည်လင်သန့်ရှင်း ပေမည်။
          ''တောဖျားချောင်းကို ရောက်ရင် ညောချောင်းရွာကို ရောက်ပြီ''ဟုမောင်ထွန်းမောင် စကား အတိုင်း ပင် ချောင်းတစ်ဘက်ကမ်း ကျောက်လွှာတို့ဖြင့် ဖွဲ့စည်းထားသော ချောင်းနံရံကို တက်လိုက်သည်နှင့် သရက် ပင်ကြီးများ အောက် ခိုဝင်နေသောညောင်ချောင်းရွာကိုတွေ့ရတော့သည်။ 
          ပလိုင်းကိုယ်စီလွယ်ကာ မိမိတို့သိုက်မြုံသို့ ပြန်လာနေသော ခမီးတိုင်းရင်းသားများကိုတွေ့ရသည်။ ဆန်ထောင်းခြင်းကိုရပ် ကျည်ပွေ့ကို ရင်ခွင်အပ်ကာ သို့တို့အလာကို ကြည့်နေသောခမီးတိုင်းရင်းသူကိုလည်း တွေ့ရ၏။ ရွာလည်ဝါးဇရပ်အနီး ပိုက်ကျော်ခြင်း ၀ိုင်းက လူတစ်ယောက်ပြေးထွက်လာသည်။
          ''ဆရာတော် ကြွလာမယ်လို့ မထင်ပါဆရာတော် တပည့်တော် ၀မ်းသာတယ်''ဟုပြောကာ ကိုခင်မောင်ဝင်းက ရွာလည် ၀ါးဇရပ်သို့ ပင့်သည်။ တောင်ပေါ်ဒေသရွာတိုင်း ရွာတိုင်းတွင် ဧည့်သည်အာဂန္တု များ တည်းခိုနိုင်ရန် ၀ါးဇရပ်လေးတွေဆောက်ထားကြသည့် အလေ့အထတစ်ခုသည်နှစ်သက် ဖွယ်ကောင်း နေ၏။
          ညအမှောင်၏ ခြေလှမ်းတို့က တစ တစ ၀င်ရောက်လာခဲပြီ။ ညောင်ချောင်းရွာသည် ညအမှောင်၏ အောက်တွင် နစ်မြုတ်သွား၏။ မှုန်ပျပျရေနံမီးခွက်၏ အရောင်က ဇရပ်အတွင်းရှိ အမှောင်ထုကိုဖြိုခွင်းပေး ထားသည်။ ခွေးဟောင်သံနှင့်အတူကလေးတစ်ယောက်၏ငိုသံက အမှောင်ထုကို သက်ဝင်လှုပ်ရှား သွားစေ ၏။ သူနားမလည်သော စကားဖြင့် မိန်မတစ်ဦး၏ အော်ငေါက်သံက နားထဲသို့ ဖြတ်ဝင်လာသည်။                  
            ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ဇရပ်ပေါ်သို့ ရောက်လာကြသည်။ အချို့က ဆေးတံ၊ အချို့ကဆေးလိပ် တို့ကို အဖော်ပြုလာကြ၏။ ဆေးတံမှထုတ်လွှတ်သော စူရှရှ အနံ့ကို သူမခံသာသော ကြောင့် ဆေးတံ ဆေးလိပ်သောက်ခြင်းမှ ခေတ္တရပ်ပေးပါရန် ပြောရသည်။
          ''ဆရာတော် သူကကျောင်းဆရာ မောင်ရွှေထွန်းရဲ့ အဖေ''
          သူ့ကို ဦးချနေသူ တကာကြီးတစ်ယောက်ကို ကိုခင်မောင်ဝင်းက မိတ်ဆက်ပေးသည်။    
          ''နာမည်ဘယ်လိုခေါ်လဲဒကာကြီး''
          ''စံရွှေဘော် ခေါ်ပါရေ ဆရာတော်''
          ''ဒီနှစ်ဝမ်းစာကော ဘယ်လိုလဲ''
          ''ဤနှိုက် ၀မ်းစာမရပါ ဆရာတော် စပါးတိ ကြွက်စားပါရေ မိုးတွင်းပိုင်းဆိုကေ စားဝတ်နေရေး အ ဆိုင်မပြေ ဖြစ်ဖို့ဟိပါရေ ဆရာတော်''
          ဦးစံရွှေဘော်၏ အပူက သူ့ကို လာဟပ်သည်။ ဇရပ်အပေါ် လူစုံလောက်ပြီ။သူဖယောင်းတိုင်နှစ်တိုင်ကို ထွန်းညှိလိုက်သည်။ ဇရပ်အပေါ်သို ရောက်လာသူများမှာ ယော ကျာ်းများသာ ဖြစ်ကြသည်။ တောင်ပေါ်ဒေသ၌ အမှုကိစ္စမှန်သမျှ ယောကျာ်းတို့သာဦးစီးလုပ်ကိုင်သော ကြောင့် ''အိမ်ထောင်ဦးစီး''အမည်ကို ပိုင်ဆိုထား နိုင်ကြသည်။
          သူ့မှာ ပါလာသည့် ဘုရားပုံတော်လေးတွေကို တစ်အိမ်တစ်ပုံကျ စတင်ဝေငှသည်။ ပြီးတော့ သူ  ဗုဒ္ဓဖြစ်စဉ်  ဗုဒ္ဓ၀င်ကို စတင်ပြောသည်။ ဘုန်းကြီးရဟန်းတိုအား ရှိခိုးခြင်းနှင့် ဆွမ်းလှူဒါန်းခြင်းကိုသာ ဗုဒ္ဓ ဘာသာဝင်ဟု ခံယူထားကြသော တိုင်းရင်းသားများ ဗုဒ္ဓ၏အကြောင်းကို စိတ်ပါဝင်စားစွာ နားထောင်သည်။ သုမေဓာသူဌေးသား ပစ္စည်း ဥစ္စာတို့ကို စွန့်လွှတ်မှု အလောင်းတော် သိဒ္ဓတ္ထမင်းသားထီးနန်းစည်းစိမ်အား လုံးကို စွန့်လွတ်ကာ တောထွက်သော အခန်းတို့သည်  သူတို့အတွက် အထူအဆန်း ဖြစ်နေ၏။
          ညောင်ချောင်းရွာသို့လာရောက်စည်းရုံးသော ဘာသာထက် ဗုဒ္ဓဘာသာက နှစ်ပေါင်း ၆၀၀-ကျော် စောပြီး ပေါ်ကြောင်ပြောပြတော့ သူတို့ အံ့သြကြသည်။
         ''နိဗ္ဗာန်''ဟူသော ဝေါဟာရနှင့် ဝေးကွာနေသေးသော တိုင်းရင်းသားတို့အတွက် ငါးပါးသီလနှင့် သမ္ပဒါ တရားလေးပါးကို လူမှုဘ၀နှင့်အံဝင်ခွင်ကျဖြစ်အောင် ပြောပြရသည်။
          မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံခြင်းအခန်းကို ပြောအပြီး-
        ''မိမိတို့လက်ထဲရောက်နေတဲ့ ဗုဒ္ဓပုံတော်လေးတွေကို ပြန်ကြည့်ကြပါ'' ဟု သူပြောတော့ ဓာတ်မီးလေး တွေ ထွန်းလျက် ကြည့်ကြသည်။
          ''ကဲ...မြတ်ဗုဒ္ဓဟာ လောကအတွက် အများကြီး ပေးဆပ်ခဲ့တယ်ဆို ဒကာကြီး ဦးစံရွှေဘော် သိပြီး မဟုတ်လား''
          ''သိပါရေ ဆရာတော်''
          ''အခု ရွာသားတွေ ခံယူထားကြတဲ့ ဗုဒ္ဓဘာသာဆိုတာဟာ အဘိုးအဘွားတွေရဲ့ အမွေအနှစ် ရွှေလက် စွပ် တစ်ကွင်းလိုပဲ တန်းဖိုးကြီးပါတယ်။ ရွှေလက်စွပ်လေးဟာ လက်မှာ စွပ်ထားတာ ကြာလာတော့ အညစ် အကြေးတွေ အထပ်ထပ်တက်လာတယ်။ကြာလာတော့လက်မှာ စွပ်ထားတဲ့လက်စွပ်ကို အဖိုးတန် တဲ့ရွှေ လက်စွပ်မှန်း မသိကြတော့ဘူး၊ တိုင်းရင်းသားတွေရဲ့လက်စွပ်ကလည်း ရွှေရောင်မပေါ်တော့တာကိုး.....။
          ''ရွှေရောင်မပေါ်တော့ပေမဲ့ လက်စွပ်ကို အခြားဘာသာဝင်တွေက ရွှေလက်စွပ်မှန်းသိကြတယ်။ သိ တော့ရွှေကိုလိုချင်တယ်။ လိုချင်တော့ ပစ္စည်းဝတ္ထုနဲ့လဲတယ်။ ငါးသိန်တန်တဲ့လက်စွပ်ကို ဆန် ၁၀-သိုက်နဲ့ လဲမယ်ပေါ့'' (ဆန် ၁-သိုက် နို့ဆီခွက်ဖြင့် ၄-ဗူး)
          ''ဒီဟာကြီးလက်မှာ စွပ်ထားတာ အလကားဖြစ်နေတာနဲ့စာရင် ဆန်၁၀-သိုက်ရတာနည်းလား ဆိုပြီး တော့ လက်စွပ်ကို လဲလိုက်ပြီ ဆိုပါတော့''
          ''ကဲ...ကိုခင်မောင်ဝင်း ဆန် ၁၀-သိုက်ကို ဘယ်လောက်စားရမှာလဲ''
          ''မိသားစု ၅-ယောက်ရှိရင် ၂-ရက်ကျော်ကျော်စားရင် ကုန်ပြီဆရာတော်''
          ''အေး..ဒီလိုဆိုတော့ ငါးသိန်းတန်လက်စွပ်ကို ဆန် ၁၀-သိုက်နဲ့လဲတာ တန်ရဲ့လား''
          ''မတန်ပါ ဆရာတော်''
          ''ဘာကြောင့် မတန်တာလဲ ဦးစံသာအောင်''
          ''လက်စွပ်က တန်ဘိုးကြီးပါရေ ဆရာတော်''
          ''အေး...ဒီလိုပဲပေါ့၊ အခု ဦးစံသာအောင်တို့ ဦးစံရွှေဘော်တို့ အဘိုးအဘွားတွေ လက်ထက်က လက် ခံ ထားတဲ့ ဗုဒ္ဓဘာသာဆိုတာဟာ အဖိုးတန်တဲ့ ရွှေလက်စွပ်နဲ့ တူတယ်။ တန်ဘိုးကြီးတယ်။ တန်ဘိုးကြီးတဲ့ ဗုဒ္ဓဘာသာ ဆိုတဲ့ ရွှေလက်စွပ်ကို ထိန်းသိမ်းထားနိုင်တဲ့ လူဟာလည်း တန်ဘိုးရှိတဲ့လူ ဖြစ်တယ်။
          ''ဒါကြောင့် တန်ဘိုးရှိတဲ့လူတစ်ယောက်ဖြစ်စေချင်ရင် ဗုဒ္ဓဘာသာဆိုတဲ့ အဘိုးအဘွားတွေရဲ့ အမွေ ရွှေလက်စွပ်ကို ထိန်းသိမ်းကြရမယ်။
          ''ဒီနေ့ဆရာတော် လာတယ်ဆိုတာဟာလည်း ဦးစံရွှေဘော် တို့မှာရှိတဲ့ ဗုဒ္ဓဘာသာဆိုတဲ့ လက်စွပ် ဟာ ရွှေဖြစ်တယ်။ အဘိုးထိုက်တန်တယ်ဆိုတာ သိရအောင် ကြေး(ဂျီး)တွေကိုလာ ဆေးပေးတာ။
          ''ကဲ...ဦးစံရွှေဘော် ရွှေလက်စွပ်မှန်းသိပြီလား''
          ''သိပါပြီ ဆရာတော်''
          ''ရွာသားအားလုံးကို ဆရာတော်မေးမယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ရွှေလက်စွပ်ကို ထိန်းသိမ်းကြမှာလား၊ ထိန်းသိမ်းပါ့မယ်လို့ကော ကတိပေးနိုင်မလား''
          ''ထိန်းသိမ်းပါ့မယ်လို့ ကတိပေးပါတယ် ဆရာတော်''
          တညီတညွတ်တည်း ထွက်ပေါ်လာသော ရွာသားများ၏ ၀န်ခံကတိပြုသောအသံသည် အမှောင်ထု ကို ပိုမိုလှုပ်ရှားသက်ဝင်သွားစေ၏။ ထိုလှုပ်ရှားသက်ဝင်မှုအောက်တွင် သူ၏ ပူပင်သောကများပျော်ဝင်စီး ဆင်းသွားခဲ့ရ ပြီ။
          ထို့အတူ ညောင်ချောင်းရွာသားတို့၏ နှလုံးသားထဲ မြတ်ဗုဒ္ဓရောင်ခြည်တို့သည် နှစ်ပေါင်းကြာရှည်စွာ တောများ ချောင်းများနှင့်အတူ စီးမြဲစီးဆင်းနေမည်ဟုလည်း သူယုံကြည်နေမိပါတော့သည်။
                                                                                         အရှင်ဓမ္မိက(လောင်းလုံ)
 ဓမ္မရတနာဓမ္မမဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်ပါသည်။   စာရေးသူရဲ့တောင်တန်းသာသနာပြုခရီး ညောင်ချောင်း ရွာက အမှတ်တရတစ်ခုပါ..။
0 comments em “ရွှေလက်စွပ် မချွတ်ပစ်ပါလေနှင့်”
Post a Comment
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger