****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****
Thursday, August 18, 2011
ဗုဒ္ဓသာသနာ နှင့် ဂိုဏ်းကွဲများ
                            ဗုဒ္ဓသာသနာ နှင့် ဂိုဏ်းကွဲများ
            လူသားတိုင်း ပတ်ဝန်းကျင်ကို အမှီပြု၍နေထိုင်ကြရ၏။ ထိုသို့ အမှီပြုနေထိုင်ကြရာတွင် သဘာဝ ပတ် ၀န်းကျင်ကို အမှီပြု၍ နေထိုင်ကြရသကဲ့သို့ လူသားပတ်ဝန်းကျင်ကိုလည်း အမှီပြု၍ နေထိုင်ကြရသည်။
      ထိုပတ်ဝန်းကျင်နှစ်ခုအနက် လူသားပတ်ဝန်းကျင်တွင် အချင်းချင်း ပေါင်းစည်းနေထိုင်ကြသော်လည်း အတ္တကို ဗဟိုပြု၍ ရှင်သန်သောသူများ ရှိသကဲ့သို့ ပရ ကိုဗဟိုပြု၍ ရှင်သန်သော သူများလည်း ရှိကြသည်။ ထိုသို့ ဘ၀မှာ ရှင်သန်မှုခြင်း တူသော်လည်း လူသားတို့၏ အသိအမြင်အယူအဆကိုလိုက်၍ အချင်းချင်း ကွဲ ပြားကြသည်။ တစ်ချို့က ဆရာသမားတို့၏ အစဉ်အဆက်ကိုလိုက်၍ ကွဲပြားသွားသည်လည်း ရှိ၏။ ထိုသို့ မတူ ညီသော ကွဲပြားမှုများသည် တူရာတူရာ ပေါင်းစပ်စုစည်းမှု တစ်ခု ဖြစ်သွားကာ အယူဝါဒသို့လိုက်၍ ဂိုဏ်းဂဏ အသီးအသီး အဖြစ်သို့ရောက်ရှိ သွားကြသည်။
          မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း မြတ်ဗုဒ္ဓဟောကြားသောဓမ္မကို ပြုပြင်လိုသူများနှင့် မြတ်ဗုဒ္ဓ၏ ဓမ္မကို မြတ်ဗုဒ္ဓဟောကြားခဲ့သည့်ဓမ္မအတိုင်း မပြုမပြင် ပင်ကိုယ်မူရင်းအတိုင်း ထားရှိလိုသူများ ဟူ၍ နှစ်မျိုး ကွဲပြားခဲ့ လေသည်။ ဓမ္မကိုပြုပြင်လိုသူများသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မိမိ တို့၏ အ တွေးအခေါ်တို့နှင့် ပေါင်းစပ်၍ ပြုပြင် ကျင့်သုံးခဲ့ကြ၏။ ဓမ္မကိုမပြုမပြင် ပင်ကိုယ်အတိုင်း ထားလိုသူ များက မြတ် ဗုဒ္ဓဟောကြားခဲ့သော တရားတော်များ၏ မူရင်းကို မပြုမပြင် ပင်ကိုယ်အတိုင်း လက်ခံ ကျင့်သုံး ခဲ့ကြသည်။
          ထိုကဲ့သို့ ကျင့်သုံးမှုကိုလိုက်၍ မြတ်ဗုဒ္ဓသာသနာတော်တွင်လည်း ဂိုဏ်းအသီးသီး ကွဲပြားသွား ခဲ့ ကြ သည်။ ထိုသို့ ကွဲပြားသွားသော ဂိုဏ်းအသီးသီးကို မသိရှိသေးသော ဗုဒ္ဓဘာသာဝင်များ သိရှိစေရန် ရည် ရွယ်၍ “ဗုဒ္ဓသာသနာနှင့်ဂိုဏ်းကွဲများ” အကြောင်းကို တင်ပြလိုက်ရပါသည်။
          ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် တပည့်သားသံဃာတော်တို့သည် ဘုရားရှင်ဟော ကြားတော် မူခဲ့သော ဓမ္မ,၀ိနယ ဒေသနာတော်တို့ကို တသွေမတိမ်း လိုက်နာကျင့်ကြံခဲ့ကြ၏။
      သာသနာတော်နှစ်(၁၀၀)သို့ ရောက်သောအခါ၌မူ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့၏ အတွေး အမြင် များ ပြောင်းလဲ လာခဲ့ကြ၏။ သဘောတရား အသစ်များလည်း ပေါ်ပေါက်လာခဲ့ကြ၏။ အချို့ရဟန်းတော်တို့ သည် မြတ်ဗုဒ္ဓ၏ ၀ိနည်းဥပဒေတော်ကို ပြင်ဆင်ပြောင်းလဲမှု စတင်ပြုလုပ်လာခဲ့ကြ၏။ 
       ထိုရဟန်းများမှာ-
      ဝေသာလီပြည် ၀ဇ္ဇီပုတ္တကခေါ် ၀ဇ္ဇီတိုင်းသားရဟန်းများပင် ဖြစ်၏။ ထိုဝဇ္ဇီတိုင်းသား ရဟန်းများသည် ဘုရား ရှင်၏ ၀ိနည်းဒေသနာတော်နှင့် ဆန့်ကျင်သော အဓမ္မ၀တ္ထု(၁၀)မျိုးကို ပြင်ဆင် ကျင့်သုံးနေကြ၏။ 
အရှင်မဟာယသမထေရ်သည် ထိုသတင်းကိုကြားသဖြင့် ဝေသာလီပြည်၊ မဟာဝုန်ကျောင်းတိုက်သို့  ကြွ ရောက် တော်မူလာခဲ့သည်။ ထိုစဉ် သံဃာတော်များ ဥပုသ်ပြုချိန်နှင့်တိုက်ဆိုင်နေ၏။ ထိုနေ့တွင် ရဟန်းတို့ သည် သံဃာအလယ်၌ ကြေးဖလားကြီးတစ်လုံးကိုချ၍ ဥပုသ်စောင့်,တရားနာရန် လာရောက်ကြသော ဒါယ ကာ,ဒါယကာမတို့အား ပရိက္ခရာဖိုး လှူဒါန်းကြရန် ဟောပြောကြ၏။ ဒါယကာ,ဒါယကာမတို့ကလည်း  တတ် အားသမျှ ပါဝင်လှူဒါန်းကြလေသည်။ ရှင်မဟာယသသည် ဤလုပ်ရပ်သည် ၀ိနည်းတော်နှင့် မညီညွတ် သော ကြောင့် မပြုလုပ်ကြရန် တားမြစ်သော်လည်း ၀ဇ္ဇီရဟန်းတို့က ရှင်မဟာယသ၏ စကားကို လက် မခံခဲ့ကြပေ။ လက်မခံသည့်အပြင်-
       “အရှင်မဟာယသ ဟာ ဒါယကာတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးပိတ်ပင်တယ်”   ဟုပင် ပြစ်တင်ရှုတ် ချခဲ့ ကြသည်။ နောက်ဆုံး အရှင်မဟာယသကို  ၀ဇ္ဇီတိုင်း သားရဟန်းများက သံဃာ့ဘောင်မှပယ်ထုတ်မှု ''ဥက္ခေ ပနီယကံ''   ပြု ကြသည်။
          အရှင်မဟာယသ မထေရ်သည် ၀ဇ္ဇီတိုင်းသားရဟန်းတို့နှင့် သဘောထားကွဲလွဲရာ သူနှင့်အယူ ဆ ချင်း သဘောတူသည့် ဘုရားရှင်၏ ဓမ္မဒေသနာတော်တို့ကို ရင်းမြစ်ကျကျလက်ခံလိုကြသော ရဟန်းတော် များကို စည်း ရုံး စုစည်းရသည်။  ရဟန်းများစွာကိုလည်း စုစည်းမိခဲ့သည်။
         အရှင်မဟာယသသည် သူနှင့် သဘောတူရာ ရဟန်း တော်တို့ကို ပေါင်းစု၍ မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာ တော်တို့ကို သင်္ဂါယနာတင်ခဲ့ ကြသည်။ ထိုသင်္ဂါယနာတင်ပွဲ သို့ကြွရောက်တော်မူကြသည့် သံဃာ တော် အား လုံးတို့က-
      ''မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မပြုလုပ်ကြဘဲ မူလပက တိ ရှိသည့်အတိုင်း လက်ခံကျင့်သုံးရန်'' ဟူသောမူကိုချမှတ်ပြီး တစ်ညီတညွတ်တည်း ဆုံးဖြတ်ချက်ချ ခဲ့ကြ သည်။
        ( အရှင်မဟာယသ ဦးဆောင် သော သံဃာအဖွဲ့ အစည်းသည် နောင်အခါ၌ ''ထေရ၀ါဒ ဂိုဏ်း '' ဟူ၍ ထင်ရှား လာခဲ့သည်။)
          ထိုသတင်းကိုကြားသော ၀ဇ္ဇီတိုင်းသားရဟန်းတို့သည်လည်း သူတို့နှင့်အယူဝါဒတူရာ ရဟန်းတို့ကို စည်းရုံးကြသည်။ ထိုသို့စည်းရုံးပြီး သံဃာပေါင်း(၁၀၀၀၀)တစ်သောင်း ဖြင့် ကောသမ္ဗီပြည်၌ သီးခြားသင်္ဂါယ နာ တင်ပွဲ ပြုလုပ်ကြပြန်သည်။ ၀ဇ္ဇီတိုင်းသားရဟန်းတို့တင်သော သင်္ဂါယနာကို ''မဟာသံဂီတိ''ဟု ခေါ်ဆို ခဲ့ ကြ သည်။ ထိုသံဃာ့အဖွဲ့အစည်းကြီးကိုလည်း ''မဟာသံဃိကဂိုဏ်း'' ဟု ခေါ်ဆိုခဲ့ကြသည်။
          ဤနည်းဖြင့် သာသနာတော်နှစ် နှစ် ၁၀၀ - အရောက်တွင် သာသနာတော်၌-
           (၁) ထေရ၀ါဒ ဂိုဏ်း
          (၂) မဟာသံဃိက ဂိုဏ်း ဟူ၍ ဂိုဏ်းကြီးနှစ်ခု ကွဲပြားသွားခဲ့သည်။
                    သာသနာတော်၌ ဂိုဏ်းများဆက်လက်ကွဲပြားခြင်း
          မူလ သံဃာ့အဖွဲ့အစည်းအတွင်းမှ ၀ဇ္ဇီတိုင်းသားရဟန်းတို့၏ ပယောဂကြောင့် မဟာသံဃိကဂိုဏ်း ခွဲထွက်သွားခဲ့ပြီးနောက် အခြားသောရဟန်းအုပ်စုများကလည်း ဂိုဏ်းခွဲများကိုအသီးသီး ဖွဲ့စည်းတည်ထောင် ခဲ့ကြပြန်သည်။ 
           ဂိုဏ်းခွဲများတွင် မဟာသံဃိကဂိုဏ်းကြီးမှ-   
           (၁) ဂေါကုလိကဂိုဏ်း
           (၂) ဧကဗျောဟာရိကဂိုဏ်း ဟူ၍  ဂိုဏ်း ၂- ဂိုဏ်း ကွဲပြားလာသည်။
       နောက်ထပ် ဂေါကုလိကဂိုဏ်းမှ-
          (၃) ပဏ္ဏတ္တိဝါဒဂိုဏ်း
          (၄) ဗဟုဿုတိကဂိုဏ်း ဟူ၍ ၂- ဂိုဏ်းကွဲပြားလာပြန်သည်။
                တစ်ဖန် ဗဟုဿုတိကဂိုဏ်းမှလည်း
          (၅) စေတိယဂိုဏ်း ဟူ၍ ၁- ဂိုဏ်း ခွဲထွက်ပြန်သည်။
ထို့ကြောင့် မဟာသံဃိကဂိုဏ်းမှ ပင်မဂိုဏ်းရင်းနှင့်တကွ ဂိုဏ်း(၆)ဂိုဏ်း ကွဲပြားသွားလေသည်။
          ထိုမဟာသံဃိကဂိုဏ်းကြီးကို အတုလိုက်၍
        မူလထေရ၀ါဒဘက်မှလည်း ဂိုဏ်းအမျိုးမျိုး ကွဲပြားခဲ့ပြန်သည်။ ရှေးဦးစွာ မူလထေရ၀ါဒဂိုဏ်းကြီးမှ-
          (၁) မဟိသာသကဂိုဏ်း
          (၂) ၀ဇ္ဇိပုတ္တကဂိုဏ်း ဟူ၍ (၂) ဂိုဏ်းကွဲပြားခဲ့သည်။
          ထို ၀ဇ္ဇီပုတ္တကဂိုဏ်းမှ-
          (၃) ဓမ္မုတ္တရိယဂိုဏ်း
          (၄) ဘဒြယာနိကဂိုဏ်း
          (၅) ဆန္နာဂါရိကဂိုဏ်း
          (၆) သမ္မိတိယဂိုဏ်း ဟူ၍ (၄)ဂိုဏ်း ကွဲပြားခဲ့သည်။
          တစ်ဖန် မဟိသာသကဂိုဏ်းမှ-
          (၇) သဗ္ဗတ္ထိဝါဒဂိုဏ်း
          (၈) ဓမ္မဂုတ္တိကဂိုဏ်း ဟူ၍ (၂)ဂိုဏ်းကွဲသည်။
    သဗ္ဗတ္ထိဝါဒဂိုဏ်းမှ-
          (၉) ကဿပိကဂိုဏ်း ခွဲထွက်ပြန်သည်။
  ထိုကဿပိယဂိုဏ်းမှ-
           (၁၀) သင်္ကန္တိကဂိုဏ်း  ခွဲထွက်ပြန်သည်။
တစ်ဖန် ထို သင်္ကန္တိကဂိုဏ်းမှ-
          (၁၁) သုတ္တ၀ါဒဂိုဏ်းခွဲထွက်ခဲ့ပြန်သည်။
ထို့ကြောင့် မူလထေရ၀ါဒဂိုဏ်းနှင့်ပေါင်းလျှင် ထေရ၀ါဒဂိုဏ်းပေါင်း(၁၂)ဂိုဏ်းရှိသည်။   
         ထေရ၀ါဒနှင့် မဟာသံဃိက ဂိုဏ်းမကြီးများနှင့် ဂိုဏ်းကွဲ အားလုံးပေါင်းလိုက်လျှင် ဗုဒ္ဓဘာသာဂိုဏ်း ကွဲပေါင်း (၁၈) ဂိုဏ်းအထိ ကွဲပြားလာခဲ့သည်။ (ဒီပ၀ံသကျမ်း)
          ယခုဖော်ပြခဲ့သော ဂိုဏ်းများသည် သာသနာတော်နှစ်(၂၀၀)ခန့်အတွင်း ကွဲပြားခဲ့သောဂိုဏ်း များဖြစ် သည်။
         အသောကမင်းနန်းတက်သောအခါဝယ် ဂိုဏ်းအသီးသီးတို့သည် ကိုယ့်အင်အား နှင့်ကိုယ် ကြီးပွားနေကြပြီ ဖြစ်သည်။
        အသောကမင်းတရားလက်ထက်  အသောကမင်းတရား၏ မြှောက်စားပူဇော်မှုကို ခံယူရသောဂိုဏ်း တစ်ဂိုဏ်းမှာ ၀ိဘဇ္ဇ၀ါဒီဂိုဏ်းကြီး ဖြစ်ပေသည်။
                                   ထေရ၀ါဒနှင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်း
          အသောကမင်းကြီးသည် နိဂြောဓသာမဏေနှင့်တွေ့ပြီးနောက် ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ ချိန်တွင် မဇ္ဈိမဒေသ( အိန္ဒိယနိုင်ငံ)၌ ဗုဒ္ဓဘာသာဆိုင်ရာအရှုပ်အထွေးများ ပေါ်ပေါက်နေပြီး ဖြစ်သည်။
        သာသနာတော်၏ ပြင်ပ၌ဖြစ်သော တိတ္ထိတို့သည် ဗုဒ္ဓသာသနာတော်အတွင်းသို့အတင်းဝင်၍ ရဟန်း ပြု နေကြသောကြောင့် သံဃာ့အဖွဲ့စည်း သည်လည်းသန့်ရှင်းစင်ကြယ်သော သံဃာ့အဖွဲ့စည်း မဟုတ်တော့ ပေ။ တိတ္ထိတို့သည် သာသနာတော်အတွင်းဝင်ရောက်ပြီး ပရိယတ္တိ၊ပဋိပတ္တိ ဟူသော ဓူရနှစ်ဖြာ တရားအ လုပ်ကို အားမထုတ်ကြဘဲ တိတ္ထိတို့၏ မိစ္ဆာအယူကိုသာ ဆက်လက်အားထုတ် နေကြ၏။
      သူတို့၏ မိစ္ဆာအယူတို့ကိုသာ '' ဒီဟာက သုတ္တာန်၊ ဒီဟာက အဘိဓမ္မာ၊ ဒီဟာက ၀ိနည်း '' ဟုဟောပြော ပြသကြက၏။
     တိတ္ထိတို့ သာသနာတော်အတွင်းဝင်ရောက်လာရခြင်း၏ အဓိကသော့ချက်မှာ စားဝတ်နေရေးရှားပါးလာ ရခြင်း ကြောင့်ဖြစ်သည်။ တိတ္ထိတို့သည် စားဝတ်နေရေး လာဘ်လာဘရှားပါးလာသောကြောင့်(ရဟန်းခံ သိမ် ၀င်ခြင်းမရှိဘဲ) သူတို့ ကိုယ်တိုင် ခေါင်းရိပ် သင်္ကန်းဝတ်၍ သာသနာအတွင်းသို့ ရဟန်းအသွင်ဖြင့် ၀င် ရောက် နေထိုင်ကြသည်။ ဥပုသ်နေ့ ၊ ပ၀ါရဏာနေ့ စသော သံဃာ့ကံများကိုလည်း မပြုလုပ်ကြပေ။
       ရဟန်းစစ်ရဟန်းမှန်တို့ကလည်း တိတ္ထိရဟန်း တို့နှင့်အတူ ဥပုသ်ပြုရန်အလိုမရှိကြသောကြောင့် အ သောကရာမကျောင်းတိုက်ကြီးတွင် (၇) နှစ်တိုင်တိုင် ဥပုသ်ကံမှ ဆိတ်သုဉ်းနေခဲ့ရသည်။
     သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို အထူးလိုလားသော သာသနာ့ဒါယကာ သီရိဓမ္မာသောက မင်း ကြီးသည် သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ရန် အတွက် အမတ်တစ်ဦးအား စေခိုင်းခဲ့  သည်။ ထိုအမတ်၏ သာသနာရေး မကျွမ်းကျင် မလိမ္မာမှုကြောင့် သူတော်ကောင်းသံဃာတော် အများအပြား အသက်ဆုံးရှုံးခဲ့ရသည်။ တူတော် တိဿမထေရ်ကို အကြောင်းပြု၍ ထိုအချင်းအရာကို သီရိဓမ္မာသောက မင်း ကြီး သိရှိခဲ့ရသည်။ သတိသံဝေဂကြီးစွာလည်း ရခဲ့သည်။
ထို့နောက် သီရိဓမ္မာသောကမင်းကြီးသည် ကိုယ်တော်တိုင် ရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ် ၏ အထံတော်၌ လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာနားလည်းစေရန် သင်ယူ ခဲ့ရသည်။
သာသနာရေးနှင့်စပ်၍ လုပ်ဆောင်ကြရာတွင် သာသနာတော်နှင့်သက်ဆိုင်သော သင်ယူ သင့် သင် ယူထိုက်ရာ ပညာရပ်များကို တကယ်လေ့လာပြီး လုပ်ကိုင်ဆောင်ရွက်မှသာလျှင် အမှား အယွင်းကင်းပြီး သာ သနာတော်အားလည်း ချီးမြှောက်ရာရောက်မည် ဖြစ်သည်။ ထိုသို့မဟုတ်ပါ က သာသနာတော်ကို ချီးမြှောက် ရာမရောက်ဘဲ တိုးတက်ခြင်းမှ ဆုတ်ယုတ်အောင် ပြုလုပ်သည့် အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ 
        သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မနှင့် လက်ရှိဖြစ်ပေါ်နေသော အယူဝါဒများကို သေချာစွာ နား လည်ပြီးနောက် သံဃာတော်တို့ကို အသောကာရာမကျောင်းတိုက်ကြီး၌  တူရာတူရာစုဝေးစေပြီး-
      ''ဘုရားရှင်ဟာ ဘယ်လို  အယူဝါဒရှိပါသလဲ'' စသည်ဖြင့် မြတ်ဗုဒ္ဓ၏ အယူဝါဒကို မေးစိစစ်ခဲ့ရသည်။     ထိုမေးခွန်းကို ရဟန်းတု,ရဟန်းယောင် တို့က မှန်အောင်မဖြေနိုင်ကြပေ။
အချို့က -
   ''ဗုဒ္ဓဟာ သဿတ၀ါဒ ရှိပါတယ်''
အချို့က -
   ''ဗုဒ္ဓဟာ ဥစ္ဆေဒ၀ါဒ  ရှိပါတယ်''
အချို့က -
   ''ဗုဒ္ဓဟာ သညာဝါဒ  ရှိပါတယ်''
အချို့က -
   ''ဗုဒ္ဓဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ  ရှိပါတယ်''  စသဖြင့် မဟုတ် မမှန်သော မိစ္ဆာဝါဒတို့ကို ဖြေဆိုကြသည်။ အသောကမင်းကြီးသည် ထိုရဟန်းတု ရဟန်းယောင်တို့ကို လူထွက်စေပြီးသာသနာ့ဘောင်မှ နှင်ထုတ်ပစ် ခဲ့သည်။
          အသောကမင်းကြီးသည် မြတ်ဗုဒ္ဓ၏ အယူဝါဒမှန်ကို လက်ခံကျင့်သုံးကြသည့် ရဟန်း တော်တို့အား
      ''အရှင်ဘုရားတို့ မြတ်ဗုဒ္ဓဟာ အဘယ်အယူဝါဒရှိပါသလဲ'' ဟုမေးမြန်းသည်။
     ရဟန်းတော်တို့က -
     ''မင်းကြီး မြတ်ဗုဒ္ဓဟာ သဿတအယူ၊ ဥစ္ဆေဒအယူဝါဒတွေကို ခွဲခြမ်းဝေဘန်ပြီး အမြဲ ဆိုတော်မူတတ်သော ၀ိဘဇ္ဇ၀ါဒီ ဖြစ်ပါတယ်'' ဟု ဖြေဆိုကြသည်။ (၀ိ၊ ဋ္ဌ၊ ၁။ ၄၅။ )
      မင်းကြီးသည် ထိုအဖြေကိုခိုင်မာစေရန် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်အား လျှောက်၏။
     ''မင်းကြီး ဒါဟာ မြတ်ဗုဒ္ဓ၏ အယူဖြစ်တယ်'' ဟုမထေရ်မြတ်ကဖြေကြား၏။
      ''ရဟန်းစစ် ရဟန်းမှန်တို့ကို တွေ့ရပြီ'' ဟု မင်းကြီးဆုံးဖြတ်၍ သာသနာတော်သန့်ရှင်းစင်ကြယ်ရေးကို လုပ်ဆောင်နိုင်ခဲ့သည်။
    ထိုအချိန်မှစကာ မင်းကြီးသည် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသံဃာတို့ကို ချီးမြှင့်ပူဇော်မှုကို ပြုလေတော့သည်။
   ထို့ကြောင့် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် အသောကမင်းကြီး၏ အဓိကကိုးကွယ်ရာ ဂိုဏ်းဖြစ်သည်ဟု ဆိုနိုင်ပေ သည်။
      ဤသို့ အယူဝါဒချင်း တရားဓမ္မချင်း တူညီနေသော ကြောင့်လည်း နောင်အခါတွင် ၀ိဘဇ္ဇ၀ါဒီဂိုဏ်းသည် သီးခြားဂိုဏ်းတစ်ဂိုဏ်းအဖြစ်ဖြင့် ရပ်တည် မှုမရှိဘဲ မူလထေရ၀ါဒနှင့် ပြန်လည်ပေါင်းစပ်ခဲ့သည်။
                              ထေရ၀ါဒ၊ မဟာယာနနှင့် ဟီနယာန
          အေဒီ(၄၀) ခန့်တွင် ကုသျှန်လူမျိုးတို့သည် အိန္ဒိယပြည်အနောက်မြောက်ပိုင်းဒေသ ကြီးတစ်ခုလုံး ကို သိမ်းပိုက်လျက် ကုသျှန်မင်းဆက်ကို ထူထောင်ခဲ့ကြသည်။ ထိုကုသျှန်မင်းများ အနက် အေဒီ-၁၂၀ မှ ၁၆၂ အထိ စိုးစံခဲ့သော ကနိသျှကမင်းကြီးသည် ဘုန်တန်ခိုးအကြီးဆုံး ဖြစ်၏။ မင်းကြီးသည် မူလက ပါရှင်ဘာ သာ ၀င် တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ် လာခဲ့သည်။
        ဗုဒ္ဓသာသနာထွန်းကားရေးကိုလည်း အထူးအားပေးခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ၀င်တို့က ဒုတိယ အသောကမင်းဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ထိုမင်းသည် ထေရ၀ါဒဂိုဏ်းကွဲဖြစ်သော သဗ္ဗတ္တိဝါဒဂိုဏ်းရဟန်း တို့ ကို အဓိကထား၍ ကြည်ညိုကိုးကွယ်ခဲ့သည်။ ကနိသျှကမင်းလက်ထက် တွင် အိန္ဒိယပြည်၌ ဗုဒ္ဓဘာသာဂိုဏ်း ကွဲများ အရှိန်အ၀ါကောင်းနေဆဲ ဖြစ်၏။ ဂိုဏ်းအချင်းချင်း အယူအဆရေးရားများနှင့်ပတ်သက်၍ ညီညွတ်မှု မရှိကြပေ။ သဘောတရားရေးဆိုင်ရာမာလည်း အရှုပ် အထွေးများ ဖြစ်ပွားနေ၏။         
          ကနိသျှမင်းကြီးသည် ဤကဲ့သို့ဗုဒ္ဓဘာသာအချင်းချင်း ဂိုဏ်းဂဏများကွဲပြားနေမှုကို အား ရကြေနပ် မှုမရှိဖြစ်ခဲ့ရသည်။ ဂိုဏ်းအားလုံးကို ပေါင်းစည်းညီညွတ်ရန် ဆန္ဒရှိခဲ့သည်။  ထို့ကြောင့် သဗ္ဗတ္ထိဝါဒ ဂိုဏ်းမှ ဆရာတော် ၀သုမိတြမထေရ်ကို အကြီးအမှုးပြု၍ ဂိုဏ်းပေါင်းစုံမှ ရဟန်း(၅၀၀)တို့ဖြင့် သင်္ဂါ ယနာပွဲကို ကျင်း ပပြုလုပ်ခဲ့သည်။
         ထိုသင်္ဂါယနာပွဲမှ သံဃာတော်တို့သည် သုတ်၊၀ိနည်း၊အဘိဓမ္မာ တို့၏ အဖွင့်ဖြစ်သော ၀ိဘာသာ ကျမ်းများကို ပြုစုခဲ့ကြ၏။ ယင်းတို့မှာ-
          (၁) ၀ိနယပိဋကအဖွင့် ၀ိဘာသာကျမ်း (ဂါထာတစ်သိန်း)
          (၂) သုတ္တန္တပိဋကအဖွင့် ၀ိဘာသာကျမ်း( ဂါထာတစ်သိန်း)
          (၃)အဘိဓမ္မာပိဋကအဖွင့် ၀ိဘာသကျမ်း (ဂါထာတစ်သိန်း)တို့ဖြစ်၏။
          ကနိသျှကမင်းကြီးသည် ထိုသင်္ဂါယနာမှ ထွက်ပေါ်လာသော ၀ိဘာသာကျမ်းများကို ကြေးပြားပေါ်တွင် သက္ကတဘာသာဖြင့် ရေးထိုးမှတ်တမ်းတင်၍ ကျောက်သေတ္တာကြီးများဖြင့် ထည့် သွင်းကာ ရှရီနဂရ်မြို့အနီးရှိ စေတီတစ်ဆူ၌ ဌာပနာခဲ့သည်။ ထိုဝိဘာသာကျမ်းအပြင် မဟာယာနဗုဒ္ဓ ဘာ သာ၏ မျိုးစေ့သဖွယ်ဖြစ်သော ဗုဒ္ဓစရိတကျမ်းကို အရှင်အဿဃောသက စီရင်ရေးသားခဲ့ သည်။ ကနိသျှက မင်းကြီး၏ ချီးမြှောက်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဗုဒ္ဓဘာသာပြန့်ပွားလာခဲ့ သည်။ မဟာယာနဗုဒ္ဓ ဘာသာဟူ၍လည်း ထင်ထင်ရှားရှား ဖြစ်ပေါ်လာခဲ့သည်။
          မဟာယာနဗုဒ္ဓဘာသာဟူ၍ ပေါ်ထွန်းလာပြီးနောက် အရှင်အဿဃောသ၏ တပည့်များ   ဖြစ်သော အရှင်နာဂဇုနနှင့် အရှင်ဝသုဗန္ဓတို့က ထိုမဟာယာနဗုဒ္ဓဘာသာကို ထွန်းကာပြန့်ပွားအောင် ဆောင် ရွက်ခဲ့ကြသည်။ ထိုထေရ်နှစ်ပါးသည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ် ပယ်ခြင်း များကိုပြုလုပ်ခဲ့ကြ၏။
        ဘုရားရှင်သည် ''သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝက ဗောဓိ''ဟု ဗောဓိသုံး ပါး ဟော ကြားထား၏။ ထိုကြောင့် မိမိတို့ကြိုက်နှစ်သက်ရာ ဗောဓိတစ်မျိုးမျိုးကို ကျင့်သုံးနိုင်၏။ သို့ရာတွင် ပစ္စေကဗောဓိနှင့် သာဝက ဗောဓိတို့သည် မိမိတစ်ဦးတည်း နိဗ္ဗာန် ရောက်ရန် ကျင့်ကြံသော ကြောင့် တစ်ကိုယ်ကောင်းဆန်သော လမ်းစဉ်ဖြစ်၏။ သတ္တ၀ါတို့ကို ကယ်တင်ရန် သမ္မာသမ္ဗောဓိ ကျင့်စဉ်ကို ကျင့်ကြံရမည်'' ဟု ဟောပြောရေးသား ကြ၏။ (ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွါးပုံ (ပထမပိုင်း))
       ထို့အပြင် မဟာယာန ဂိုဏ်းသားတို့သည်  မိမိတို့အယူဝါဒကို လက်ခံကျင့်သုံးမှုမရှိသော အခြား ဂိုဏ်း များ ကိုပြောင်လှောင်၍ ''ဟီနယာန''ဟု မှည့်ခေါ်ခဲ့ကြသည်။ သို့ဖြစ်၍ ထေရ၀ါဒသည်လည်း မဟာယာန၌ မပါဝင် သောကြောင့် ဟီနယာန၌ ပါဝင်သကဲ့သို့ ဖြစ်နေ၏။
        ကနိသျှကမင်းကြီးလက်ထက် သင်္ဂါယနာတင်စဉ် အခါက ဂိုဏ်းပေါင်းစုံ တက်ရောက်ခဲ့သော် လည်း လုံးဝတက်ရောက်ခြင်းမရှိသော ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့သည်။ ထိုဂိုဏ်းကား အသောကမင်း လက်ထက် သင်္ဂါ ယ နာ တင်ပွဲကို ဦးဆောင်ခဲ့ကြသော ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒီဂိုဏ်း ပင် ဖြစ်၏။  
       ထိုဂိုဏ်း သည် မူလထေရ၀ါဒနှင့် ပေါင်းစည်းခဲ့သောဂိုဏ်း ဖြစ်၏။ ဤမဟာယာနနှင့် ဟီနယာန ဂိုဏ်း ကွဲချိန်၌ ၀ိဘဇ္ဇ၀ါဒ(သို့မဟုတ်) ထေရ၀ါဒမှာ အိန္ဒိယပြည်၌ မရှိတော့ချေ။ ထို့ကြောင့်ပင် ကနိသျှကမင်း လက်ထက် သင်္ဂါယနာကို ထေရ၀ါဒက လက်ခံမှတ်တမ်းတင်ခြင်း မရှိခဲ့ပေ။
          နောက်ပိုင်းကာလတွင် မဟာယာနဂိုဏ်းကြီး မှာတိဗက်၊ဆစ်ကင်း၊ဘူ တန်၊နီပေါ၊မွန်ဂိုလီယား၊တ ရုတ်၊ဗီယနမ်၊ ကိုရီယား၊ ဂျပန် စသော နိုင်ငံအသီးသီးသို့ရောက်ရှိပြန့်ပွားခဲ့သည်။
         မူလက ''ဟီနယာန'' ဟု ခေါ်ဝေါ်သုံးစွဲမှုကိုခံခဲ့ရသော ဂိုဏ်းများမှာ အိန္ဒိယာနိုင်ငံ၌ တဖြည်းဖြည်း အားနည်းမှေးမှိန် ပျောက်ကွယ်သွားခဲ့ကြသည်။ ပင်မထေရ၀ါဒဂိုဏ်းမှာ သီရိလင်္ကာ(သီဟိုဠ်)၊ မြန်မာစသော နိုင်ငံများသို့ ရောက်ရှိပြန့်ပွားသွားခဲ့သည်။
                                       ဇင် ၀ိပဿနာဂိုဏ်း
          ယနေ့မျက်မှောက်ခေတ်တွင် ထေရ၀ါဒနှင့် မဟာယာနတို့ကဲ့သို့ ထွန်းကားနေသောဂိုဏ်းမှာ ဇင်ဝိပဿနာဂိုဏ်းပင် ဖြစ်၏။ ဂျပန်နိုင်ငံ၌ အထူးထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခု ဖြစ်၏။ ဇင်ဝါဒသည် ဂျပန်နိုင်ငံ၌သာ ထင်ရှားသည်မဟုတ်ဘဲ အနောက်နိုင်ငံများ၌လည်း လူသိများ၏။ ထိုဇင် ၀ိပဿ သနာကို အနောက်တိုင်းပညာရှင်အတော်များများ စိတ်ဝင်စားကြကြောင်း သိရှိရသည်။
        ''ဇင်သည် ပါဠိစကား''ဈာန'' နှင့် အနက်တူသော တရုတ်စကားမှဆင်းသက်လာသည်''ဟု ဆိုပါသည်။
        (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ (ဦးအေးမောင်) စာ-၃၆၀)
         စင်စစ်အားဖြင့် ဇင်သည်ဘာသာဝါဒမဟုတ်ဘဲ ၀ိပဿနာကျင့်စဉ်သာ ဖြစ်၏။ ဗုဒ္ဓလက်ထက်မှစ၍ ရှင်မဟာကဿပနှင့် အခြားမထေရ်အဆက်ဆက်တို့ ဆောင်ခဲ့ကြ၍ ခြောက် ရာစုအတွင်း၌ ဗောဓိဓမ္မ မည်သော အိန္ဒိယနိုင်ငံသားမထေရ်တစ်ပါးနှင့်အတူ တရုတ်ပြည်နှင့် ဂျပန် ပြည်သို့ ရောက်ရှိလာခဲ့၏။
          ထို 'ဇင်'၀ါဒသည် တရုတ်နိုင်ငံ၌ စတင်ပေါ်ပေါက်၍ ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာဂိုဏ်း နှစ်ခုလုံးမှ ကောင်းနိုးရာရာ ၀ိနည်းဥပဒေများကို လိုက်နာကျင့်ကြံကြ၏။ ဤသို့အား ဖြင့် ဇင်ဗုဒ္ဓဘာသာ သည် မျက်မှေက်ခေတ်တွင် ဂျပန်နိုင်ငံ၌ ထင်ရှားနေသည်။
                                          ထေရ၀ါဒ
          အေဒီ (၁၂)ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် အာရှတိုက် တစ်ခွင်၌ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားနေပြီ ဖြစ်၏။ အာရှတိုက်ဒေသအချို့တွင် အသော ကမင်း လက် ထက်၊ (သိုမဟုတ်) ထိုမင်းလက်ထက်မတိုင်မီ အခါကာလကပင် ဗုဒ္ဓဘာသာရောက်ရှိ ပြန့်ပွား နေခဲ့၏။
          ထိုတွင် မဟာယာနဗုဒ္ဓဘာသာသည် မြောက်ပိုင်းဒေသ နိုင်ငံကြီးများ၌ စည်ပင် ပြန့်ပွားနေသကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း တောင်းပိုင်းဒေသ အသီးသီးတို့၌ ထွန်းကား ပြန့်ပွားနေ၏။ ထေရ၀ါဒ နိုင် ငံ များမှာ သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား နှင့် လော(လာအို)နိုင်ငံတို့ဖြစ်၏။
          ထေရ၀ါဒဟူသည်မှာ''မထေရ်အဆက်ဆက်တို့ မပျောက်မပျက်ရအောင် ဆောင်ထား အပ်သော ထိန်းသိမ်းအပ်သော ဘုရားစကားတော်အစဉ်''ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် အရှင်မဟာကဿပ အစရှိသော မထေရ်အဆက်ဆက်တို့ မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်းစောင့်ရှောက်ထားအပ် သောဘုရားစကား ပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒကို ''ထေရ၀ါဒ''ဟု ခေါ်သည်ဟူ၍ (၀ိ၊ဋ္ဌ၊၁၊၁၇ )ဖွင့်ဆိုထားသည်။
          ထေရ၀ါဒရဟန်းတော် များသည် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း ၊ဖြည့်စွက် ခြင်း၊ နှုတ် ပယ်ခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်းခဲ့သော ပင်မ ဗုဒ္ဓဘာသာ ဖြစ်၏။
          ထေရ၀ါဒ ရဟန်းတော်တို့သည် မြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာဒေသနာတော်များကို ပါဠိဘာသာဖြင့် မူရင်းအတိုင်း နှုတ်ဆင့်ကမ်း၍လည်းကောင်း၊ စာမှတ်တမ်းဖြင့်လည်းကောင်း ထိန်းသိမ်းလာခဲ့ကြ၏။ ဘုရား ရှင်၏ သာသနာတော်ငြိုးမှိန် ပျက်စီးဖွယ် ရာ ဤအကြောင်း ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရား ဟော ဖော် တရားတော်များကို နှုတ်တက်ဆောင်ခြင်း၊ ပေထက်အက္ခရာ၊ကျောက်ထက်အက္ခရာ ပုံနှိပ်အက္ခရာတို့ ဖြင့် ရေးသား၍ သံဂါယနာတင်ခဲ့ကြရာ (၆)ကြိမ်တိုင်တိုင်ပင် ရှိခဲ့၏။ ထိုမြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာ ဒေသနာ အရပ် ရပ်ကို စုပေါင်း၍ '' ပိဋကတ်တော်''ဟုခေါ်ဆိုခဲ့ကြ၏။
     (ထေရ၀ါဒ ပိဋကတ်တော်အကြောင်းကိုနောက်ဆက်လက်တင်ပြပါမည်။)
                            မျက်မှောက်ခေတ် (မြန်မာနိုင်ငံရှိ) ထေရ၀ါဒဂိုဏ်းကွဲများ
          ကနိသျှကမင်းလက်ထက် မဟာယနနှင့် ဟီနယာနဂိုဏ်းကွဲပုံ အကြောင်းကို ရှေး၌ ပြဆိုခဲ့ပြီး ဖြစ်၏။ ထိုအချိန်က အိန္ဒိယနိုင်ငံ၌ ပျောက်ကွယ်သော ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာစသော နိုင်ငံအသီးသီးသို့ ရောက်ရှိပြန့်ပွားရာ၌ မူလထေရ၀ါဒ ဂိုဏ်းမှာပင် ဂိုဏ်းကွဲများပေါ်ပေါက်ခဲ့သည်။ ယနေ့မျက်မှောက်ခေတ် တွင် မြန်မာနိုင်ငံ၌ အသိအမှတ်ပြုထားသော ထေရ၀ါဒဂိုဏ်းကြီး ၉-ဂိုဏ်း အထိရှိ၏။ ယင်းတို့မှာ-
          (၁) သုဓမ္မာဂိုဏ်း
          (၂) ရွှေကျင်ဂိုဏ်း
          (၃) မဟာဒွါရဂိုဏ်း
          (၄) မူလဒွါရဂိုဏ်း
          (၅) အနောက်ချောင်းဒွါရဂိုဏ်း
          (၆) ဝေဠုဝန်ဂိုဏ်း
          (ရ) ငှက်တွင်းဂိုဏ်း
          (ဂ) ဂဏ၀ိမုတ်ဂိုဏ်း
          (၉) မဟာရင်ဂိုဏ်း   တို့ဖြစ်သည်။
       ထို ၉-ဂိုဏ်းအနက် သုဓမ္မာဂိုဏ်းမှာ ရှေးအကျဆုံးသောဂိုဏ်းဖြစ်ပြီး အင်အားအကြီးမားဆုံး သော ဂိုဏ်း လည်း ဖြစ်၏။ ထိုဂိုဏ်း ၉-ဂိုဏ်းလုံးမှာ ထေရ၀ါဒဘောင်အတွင်းမှပင် ကွဲပြားနေသော ဂိုဏ်း များဖြစ်၏။
          မဟာယာနဂိုဏ်းကဲ့သို့ မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မဒေသနာတော်တို့ကိုသို့မဟုတ် ပိဋကတ် တော်တို့ကိုခြေကန်၍တော်လှန်သောဂိုဏ်းများမဟုတ်ကြပေ။အလေးမထား၊မပြောပလောက်သော အသေးအမွှား အယူ အဆ အချို့ ကို အခြေခံထား၍ ကွဲပြားနေခြင်းမျှသာ ဖြစ်၏။
          ထိုသို့ ကွဲပြားနေသော ဂိုဏ်းကြီးများကို ပေါင်းစည်းလိုသည့်ဆန္ဒဖြင့် ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးကြီးကို ကမ္ဘာအေးကုန်မြေရှိ ဆဋ္ဌသင်္ဂါယနာတင်တော်မူရာ မဟာပါသာဏ လိုဏ်ဂူ တော်ကြီး ၌ ခရစ်နှစ်(၁၉၈၀)ပြည့်နှစ် ကောဇာသက္ကရာဇ်(၁၃၂၄)ခုနှစ် နယုန်လ တွင် ကျင်းပပြုလုပ် နိုင်ခဲ့သည်။ ထို ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှပင် ဂိုဏ်းပေါင်းစုံ သံဃာတော်များပါဝင်သော သံဃနာယ ကအဖွဲ့အ ဆင့် ဆင့်ကို ဖွဲ့စည်း၍ သာသနာရေးတာဝန်များကို ဆောင်ရွက်စေခဲ့ပါသည်။
                                         ထေရ၀ါဒ ပိဋကတ်တော်
          ပိဋကတ် ၏ အဓိပ္ပါယ်ကို '' သင်အပ်သော ပါဠိဟူသော အနက် တည်ရာဖြစ်သောအနက်''ဟု(၀ိ၊ ဋ္ဌ၊ ၁၊ ၁၇။)တွင် ဖွင့်ဆိုသည်။ ထိုဖွင့်ဆိုချက်တွင် တည်ရာဟူသော အနက်ကို '' ခြင်းတောင်း''ဟုလည်း ဖွင့်ဆို၏၊ လူတို့သည် သယ်ယူစရာ ပစ္စည်းများကို ခြင်းတောင်းတို့ဖြင့် သယ်ယူရ၏။ ထို့အတူဗုဒ္ဓ၏ တရား တော်တို့ကို လည်းဘုရားရှင်လက်ထက်တော်မှစ၍ ခေတ်အဆက်ဆက် မထေရ်မြတ်တို့က လက် ဆင့် ကမ်း၍ သယ်ယူခဲ့ ကြ သဖြင့် ခြင်းတောင်းနှင့် တင်စားကာ ပိဋကတ် ဟူ၍ ခေါ်ဆိုလာခဲ့ကြခြင်း ဖြစ်၏။
          ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းသယ်ဆောင်လာခဲ့သော ပိဋကများမှာ-
                   (က) ၀ိနယ ပိဋက
                   (ခ)  သုတ္တန္တပိဋက
                   (ဂ)  အဘိဓမ္မ ပိဋက ဟူ၍ သုံးမျိုးရှိပါသည်။
           ထိုသုံးမျိုးလုံးကို ပေါင်း၍ '' ပိဋကတ် '' ဟူ၍ ခေါ်ဆိုသည်။
          ( “ပိဋက”ဟု ခေါ်ပါက ပိဋက တစ်ပုံ ချင်းကို ခေါ်ဆိုခြင်းဖြစ်ပြီး '' ပိဋကတ် '' ဟု ခေါ်ပါ က ပိဋကတ်သုံးပုံ လုံးကိုခေါ်သည် ဟုသတိပြုပါ ။)
                                                   ၀ိနယပိဋက
           (က) ၀ိနယပိဋက ဟူသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများနှင့် ရဟန်းမိန်းမများ အတွက် သတ်မှတ် ပညတ်ထားသော ကျင့်ဝတ်စည်းကမ်း၊ ဥပဒေများ ဖြစ်သည်။
           ထို ၀ိနယပိဋကကို (၅)ကျမ်းခွဲထားသည်။
           ယင်းတို့မှာ-
          (၁)  ပါရာရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက် ရည်ညွှန်းထားသော သိက္ခာပုဒ်   
                                                      (၄၉)ပါးပညတ်ရခြင်း၏ အကြောင်း ၀တ္ထုနှင့် ပါရှိ၏။
          (၂)  ပါစိတ် ပါဠိတော်         = ရဟန်းတော်များအတွက် သိက္ခာပုဒ် (၁၇၈)ပါး၊ ဘိက္ခုနီတို့အတွက်
                                                   သိက္ခာပုဒ်(၃၃၁)ပါး ပါရှိ၏။
          (၃) မဟာဝါပါဠိတော်   = သံဃာတော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ လုပ်နည်း လုပ်ဟန်များကို
                                              အခန်း(၁၀၃) တို့ဖြင့် ဖော်ပြထားသည်။
          (၄) စူဠ၀ါ ပါဠိတော်      = သံဃာအဖွဲ့စည်းနှင့် ပတ်သက်သော စည်းမျဉ်း ဥပဒေတို့ကို အခန်းပေါင်း
                                             (၁၂)ခုတို့ဖြင့်ဖော်ပြထားသည်။
          (၅) ပရိဝါ ပါဠိတော်      = ၀ိနည်း သိက္ခာပုဒ်တို့ကို ကျက်မှတ်လိုသူတို့အတွက် ကျဉ်း ချုပ်ပြူ စု
                                              ထားသော ကျမ်းဖြစ်၏။
                                                  သုတ္တန္တ ပိဋက
          (ခ) သုတ္တန္တ ပိဋက ဟူသည် မြတ်ဗုဒ္ဓ ရှေးဦးစွာ ဟောကြားတော်မူအပ်သော ဓမ္မစင်္ကြာတရား တော်မှ စ၍ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူခါနီး ဟောကြားတော်မူအပ်သော သြ၀ါဒဒေသနာတော် အထိ (၄၅) နှစ်တို့ ပတ်လုံး ဟောကြားတော်မူခဲ့သည့် ဒေသနာတော် အမျိုးအစားများ ဖြစ်သည်။ဤသုတ္တန္တ ပိဋကကို နိကာယ် ၅-ရပ်ဖြင့် ဖွှဲ့စည်းထာပါသည်။ ယင်းတို့မှာ-
          ( ၁ )ဒီဃနိကာယ် = ရှည်လျားသော သုတ်တို့ကိုပေါင်းစည်းထားသောကြောင့်''ဒီဃနိကာယ်''
                                     ဟုခေါ်၏။
             ဒီဃနိကာယ် တွင်-
                                (၁) သီလက္ခန္ဓ၀ဂ္ဂ  - ၁၃ သုတ်
                                (၂) မဟာဝဂ္ဂ         - ၁၀ သုတ်
                                (၃) ပါထိက၀ဂ္ဂ       - ၁၁ သုတ်
( ၂ ) မဇ္ဈိမနိကာယ် = အလယ်အလတ်ဖြစ်သော သုတ်တို့ကို ပေါင်းစည်းထားသောကြောင့်
                            ''မဇ္ဈိနိကာယ်'' ဟုခေါ်၏။
 ထိုမဇ္ဈိမနိကယ်တွင် -
        (၁) မူလပဏ္ဏာသ  ၅၀-သုတ် ၊
                 (၂) မဇ္ဈိမပဏ္ဏာယ   ၅၀-သုတ် ၊
                 (၃) ဥပရိပဏ္ဏာသ   ၅၂-သုတ် ပါဝင်သည်။
              (၃)သံယုတ္တနိကယ် =ဒေသနာတော်နှင့်တူညီသောအချက်တစ်ခုကို မူထားစုစည်း ပေါင်းစပ် 
                                         ထား သော သုတ်များ ကို ''သံယုတ္တနိကာယ်'' ဟုခေါ်၏။      
ထို သံယုတ္တနိကာယ်၌-
             (၁) သဂါထာဝဂ် သံယုတ်ပေါင်း         ၁၁ ၊
                        (၂) နိဒါန၀ဂ် သံယုတ်ပေါင်း            ၁၀ ၊
                        (၃) ခန္ဓ၀ဂ် သံယုတ်ပေါင်း              ၁၃ ၊
                        (၄) သဠာယတန၀ဂ် သံယုတ်ပေါင်း  ၁၂ ၊
                        (၅) မဟာဝဂ် သံယုတ်ပေါင်း          ၁၂- ပါဝင်သည်။              
           ( ၄ )အင်္ဂုတ္တရနိကာယ် =ဧကနိပါတ်မှ ဧကဒသကနိပါတ်အောင်သော အပိုင်းငယ်နိပါတ် (၁၁)ခု၊ 
                                            သုတ်ပေါင်း (၉၅၇)သုတ် ပါဝင်သည်။
          ( ၅ )ခုဒ္ဒကနိကာယ် =ရှေးနိကာယ်လေးရပ်တို့မှ နောက်ထပ်ဖြစ်သော ခုဒ္ဒကပါဌစသည် ကျမ်းအစု 
                                       ကို ခုဒ္ဒကနိကာယ် ဟုခေါ်၏။
         ထို ခုဒ္ဒကနိကာယ်၌ အောက်ပါကျမ်းများ ပါဝင်သည်။
                           (၁) ခုဒ္ဒကပါဌ - တိုတောင်းသည့် အစု ၉-မျိုး ပါဝင်သည်။
                           (၂) ဓမ္မပဒ     - ၀ဂ်ပေါင်း ၂၆၊ ဂါထာပေါင်း ၄၂၃-ပါဝင်သည်။
                           (၃) ဥဒါန      -  ဗုဒ္ဓဘုရားရှင် ကျူးရင့်သော စကားများ ဖြစ်သည်။ဝဂ်ပေါင်း ၈-ခုနှင့်ဥ 
                                                  ဒါန်းပေါင်း ၈၂-ပုဒ် ပါဝင်သည်။
                           (၄) ဣတိဝုတ္တက - နိပါတ် ၄-ခု၊ သုတ်ပေါင်း ၁၂၀-ပါဝင်သည်။
                           (၅) သုတ္တနိပါတ - သုတ်ငယ်များ စုပေါင်းထားသည်။ ၀ဂ် ၅-ခု၊ သုတ် ၅၄-နှင့် ပုစ္ဆာ 
                                                     ၆၁-ခုပါဝင်သည်။
                            (၆) ၀ိမာန၀တ္ထု - ဘုံနန်းဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထား၏။ ၀ဂ် ၇- ခု၊ 
                                                   ဇာတ် ၈၃-ပုဒ် ပါဝင်သည်။
                            (၇) ပေတ၀တ္ထု - ငရဲလောက၏ ဆင်းရဲတို့ကို ဖော်ပြထား၏။ ၀ဂ်၎-ခု၊ ၀တ္ထုပုဒ်ပေါင်း
                                                   ၅၀- ပါဝင်သည်။
                             (၈) ထေရဂါထာ - မထေရ်ကြီး ၁၀၇-ပါး၏ အဆိုအမိန့်များကို နိပါတ် ၂၁-ခုဖြင့် ခွဲ 
                                                       ခြားဖော်ပြထားသည်။
                            (၉) ထေရီဂါထာ - ထေရီမယ် ၇၃-ပါးတို့၏ တင်ပြချက်များကို နိပါတ် ၁၆-ခု ဖြင့်ဖွဲ့ 
                                                    စည်း ထားသည်။
                           (၁၀) ဇာတက - ဗုဒ္ဓဘုရားရှင်၏ ရှေးဖြစ်စဉ်တို့ကို ဖော်ပြထား၏။ အပိုင်းငယ် နိပါတ် 
                                                 ၂၂-ခု၊ဇာတ်ဝတ္ထုပေါင်း ၅၄၇-ဇာတ် ပါဝင်သည်။
                          (၁၁) မဟာနိဒ္ဒေသ - သုတ္တနိပါတ်ကျမ်းလာ အဋ္ဌက၀ဂ်၏ ဝေါဟာရအဓိပ္ပာယ်တို့ကို 
                                                       ထပ်မံဖွင့်ဆိုထားသည်။
                         (၁၂) စူဠနိဒ္ဒေသ -  သုတ္တနိပါတ်ကျမ်းလာ နောက်ဝဂ် ၃-ခုကို ထပ်မံ ချဲ့ဖွင့်ထားသည်။
                         (၁၃) ပဋိသမ္ဘိဒါမဂ္ဂ - ဓမ္မ၏ အခြေခံ အချက်တို့ကို သရုပ်ခွဲ၍ ဝေဖန်ပြသည်။ ကဏ္ဍကြီး 
                                                    ၃-ခုနှင့် ကဏ္ဍငယ် များစွာ ပါဝင်သည်။
                           (၁၄) အပဒါန -မွန်မြတ်သော ကျင့်ထုံးတို့ကို ကျင့်သုံးခဲ့သော ပုဂ္ဂိုလ်တို့ အကြောင်းကို
                                  ဖော်ပြထားသည်။ ကဏ္ဍ ၅၅-ခုဖြင့် မထေရ် ၅၅၀-တို့ ဘ၀ကို ဖော်ပြထား၏။ 
                                   ထို့ပြင် ကဏ္ဍ ၄-ခုတို့ဖြင့် ထေရီ ၄၀-တို့၏ ဘ၀ကိုလည်းကောင်း၊ 
                                  နောက်ဆက်တွဲအဖြစ်ဗုဒ္ဓပဒါနနှင့် ပစ္စေကဗုဒ္ဓပဒါနတို့ကိုဆက်လက် ဖော်ပြထား 
                                  သည်။
                         (၁၅) ဗုဒ္ဓ၀ံသ -ဘုရားရှင်တို့၏ ဘ၀ဖြစ်စဉ်ကို အစီအစဉ်ဖြင့် ဖော်ပြထား၏။ ထို့ပြင်
                                 ဗုဒ္ဓပကိဏ္ဏက ကဏ္ဍနှင့် ဓာတုဘာဇနိယ ကထာတို့ကိုလည်း ထည့်သွင်း
                                  ဖော်ပြထားသည်။
                          (၁၆) စရိယာပိဋက - ဘုရားအလောင်းတော် ပါရမီ ဖြည့်ဆည်းခဲ့သည့် ဘ၀တို့ကိုဖော် 
                                                      ပြသည်။ ဗုဒ္ဓ၏ ရှေးဘ၀ပေါင်း ၃၅-ခုသာ ပါဝင်သည်။
                                                အဘိဓမ္မာ ပိဋက
          (ဂ) အဘိဓမ္မာ ပိဋက ဟူသည် ၀ိနည်း၊ သုတ္တန်တို့ထက် လွန်ကဲ့သော သဘောတရားများ နက်နဲ သော သဘာဝဓမ္မများကို စုစည်းဖော်ပြထားသောကြောင့် ''အဘိဓမ္မာ ပိဋက''ဟု ခေါ်၏။ဤ အဘိဓမ္မာပိဋ က သည် ကျမ်းအားဖြင့် (ရ)ကျမ်းရှိ၏။ ယင်းတို့မှာ-
          (၁) ဓမ္မသင်္ဂဏီ = အပိုင်းကြီးလေးပိုင်းခွဲလျက် သက်ရှိသက်မဲ့ အားလုံးတို့၏ ရုပ်နာမ်သဘောကို ရေ
                                 တွက်ပြသည့်ကျမ်း။
          (၂) ၀ိဘင်္ဂ=ဓမ္မသဘောကို အဓိပ္ပါယ်ခွဲခြမ်းပြထားသော ၀ိဘင်္ဂခေါ် အဖွင့်ပေါင်း (၁၈) ခု ပါဝင်သည်။
          (၃) ဓာတုကထာ= ပရမတ္ထတရားတို့ကို ကဏ္ဍ ၁၄-ခုခွဲကာ နည်း ၄-ပါးတို့ဖြင့် အကျယ်တ၀င့်ရှင်း 
                                   လင်းဖော်ပြထားသည်။
          (၄) ပုဂ္ဂလပညတ္တိ = ကဏ္ဍကြီး ၁၀-ခုတို့၌ ၁-မှ၁၀-အထိ ပုဂ္ဂိုလ်အမျိုးအစားတို့ကို နိဒ္ဒေသ အလိုက်
                                     ထည့်သွင်းဖော်ပြထားသည်။
          (၅) ကထာဝတ္ထု =ဗုဒ္ဓ၀ါဒဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းတင်ပြထားသည်။
                                 တို့ကို နိုင်းယှဉ်ပြထားသည်။
          (၆) ယမက      =အဘိဓမ္မာတရားသဘောများ ဖြစ်တည်နေပုံကို မူလ, ခန္ဓ,အာယတန,ဓာတု 
                            ,သစ္စ  ,  သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယ ဟူသော ယမက ၁၀-ပါး တို့ဖြင့် ဖော်
                               ပြထားသည်။
          (ရ) ပဋ္ဌာန       =ဓမ္မအနုလောမစသည်တို့၌ တိကပဋ္ဌာနစသော ပဋ္ဌာန်း၆-ပါးတို့ ဖြင့်ပွား အပ် 
                                 သည် ဖြစ်၍ ၂၄ -ပါးသော ပဋ္ဌာန်းတို့ကိုရသည်။ ပဋ္ဌာန်းတစ်ပါးစီ၌ ပဋိစ္စ၀ါရ 
                                  စသော ၀ါရ(၇) ပါးတို့ဖြင့် တန်ဆာဆင် ထားသည်။
          အထက်တွင်ဖော်ပြခဲ့သော ပိဋကတ်တော်မှတစ်ပါး အခြားသော ပါဠိကျမ်းဂန်းများလည်း ရှိသေး၏။ ထိုကျမ်းဂန်များသည် ပိဋကတ်တော်မှတစ်ပါး နောက်ဆက်တွဲ ကျမ်းများဖြစ်ပြီး အဋ္ဌကထာ ကျမ်းတို့၏ ရှေး ပြေး ဖြစ်သော ပါဠိစာများလည်းဖြစ်၏။ ယင်းတို့မှာ-
          (၁) နေတ္တိပကရက  =   ဓမ္မရေးရာနှင့် ပတ်သက်သော ဝေါဟာရနှင့် အဓိပ္ပါယ်တို့ကို  ရှင်းလင်းဖေါ်
                                           ပြထားသည်။
          (၂) ပေဋကောပဒေသ= ပိဋက ၃- ပုံမှ ကောင်းနိုးရာရာ အချက်တို့ကို စုပေါင်းဖော်ပြထားသည်။
          (၃) မိလိန္ဒပဥှာ       =   ပိဋကတ်တော်တွင် အကျယ်တ၀င်းပါရှိသော သတိ, သမာဓိ, ပညာစသည့်
                                        အကျင့်တရားများ၊ ဖဿ၊ ဝေဒနာစသော အဖြစ်တရားများကိုစေစပ်စွာ  
                                         ဆွေးနွေးတင်ပြထားသည်။
                              ထေရ၀ါဒ မှတ်တမ်းတင် ပိဋကတ်တော်တို့ကို စိစစ်ခြင်း
          ထေရ၀ါဒ ဗုဒ္ဓသာသနာသည် တရားစစ်တရားမှန်များ သန့်ရှင်းစွာတည်ရှိစေရန် (၆)ကြိမ်တိုင်တိုင် သင်္ဂါယနာတင်ခဲ့ပြီး ဖြစ်၏။ ထိုတွင် ရှေ့သုံးကြိမ်မှာ အက္ခရာဖြင့် ရေးသား၍ မှတ်တမ်းတင်မှု မပြုကြဘဲ နှုတ် ဖြင့်သာ အာဂုံဆောင်၍ သင်္ဂါယနာ တင်ခဲ့ကြသည်။ စတုတ္ထ သံဂါယနာပွဲကြီး၌ ရှေးကဲ့သို့မဟုတ်တော့ဘဲ ပေ ရွက် ပေါ်တွင် အက္ခရာရေးသား၍ တင်ခဲ့ကြသည်။ ပဉ္စမသင်္ဂါယနာပွဲကြီး၌ အလွန်တရာခိုင်ခန့်သောကျောက် ပြား ပေါ်တွင် ကျောက်စာဖြင့် အက္ခရာတင်၍ မှတ်တမ်း ပြုခဲ့ကြသည်။
          ထို စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌ သင်္ဂါယနာတင်ပွဲတို့၌ ပေစာ၊ ကျောက်စာ၊ စက္ကူစာတို့ဖြင့် ရေးထိုးမှတ် တမ်း တင်ခဲ့ကြရာတွင် အရေအတွက်တို့ကို အောက်ပါအတိုင်း တွေ့ ရှိရသည်။
          စတုတ္ထ သင်္ဂါယနာ ပေရွက်ရေ    =      ၆၃၄၅ - ရွက်
          ပဉ္စ သင်္ဂါယနာ ကျောက်စာရေ    =       ၇၂၉  - ချပ်
          ဆဋ္ဌ သင်္ဂါယနာ စာအုပ်ရေ        =         ၄၀ -  အုပ်
                             စာရွက်ရေ        =      ၆၅၄၇ -   ရွက်
                              စာမျက်နှာ         =  ၁၃၀၉၄ - မျက်နှာ
                           စာကြောင်းရေ      = ၄၀၄၀၇၀ - ကြောင်း ရှိပေသည်။
          ထိုတွင် ဆဋ္ဌသင်္ဂါယနာမှ မှတ်တမ်းပြုရာ၌ ''ဆဋ္ဌမူ'' ခေါ်စာအုပ်များဖြင့် အောက်ပါအတိုင်း ခွဲခြား၍
ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။
          ကျမ်းအမည် -     ကျမ်းရေ               စာအုပ်ရေ
          ဒီဃနိကာယ် -        ၃                         ၃
          မဇ္ဈိမနိကာယ် -       ၃                         ၃
          သံယုတ္တနိကာယ် -   ၅                         ၃
          အင်္ဂုတ္တရနိကာယ် - ၁၁                         ၃
          ခုဒ္ဒကနိကာယ် -    ၁၉                       ၁၁
          အဘိဓမ္မာ -            ၇                      ၁၂
          စုစုပေါင်း              ၅၃                     ၄၀
          ပိဋကသုံးပုံလုံး၌ ပါဝင်သော အက္ခရာလုံးရေးမှာ - ၁၁၀၂၁၇၅၀(တစ်ကုဋေ တစ်သန်း နှစ်သောင်း တစ်ထောင်  ခုနစ်ရာ ငါးဆယ်) ရှိ၏။
                                              ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ….။
                                                                                       အရှင်ဓမ္မိက(လောင်းလုံ)
  ကျမ်းကိုး - ပါရာဇိကကဏ္ဍအဋ္ဌကထာ (ပထမတွဲ)
        နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပို့ချချက် နှင့်
                  ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိပြန့်ပွါးပုံ (ပထမပိုင်း) (ဇေယျာမောင်)
                  ထေရ၀ါဒဗုဒ္ဓဘာသာ (ရေစကြို အရှင်ဧသိက)
                  ဗုဒ္ဒနှင့်ဗုဒ္ဓ၀ါဒ (ဦးအေးမောင်)
0 comments em “ဗုဒ္ဓသာသနာ နှင့် ဂိုဏ်းကွဲများ”
Post a Comment
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger