****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****

Sunday, September 14, 2014

အတိတ်ဆီက ကောသမ္ဗီ

ယမုံနာကို မေးတင်
သာသနာ့ သမိုင်းဝင်
အတိတ်ဆွေးဆွေး
ဟိုတစ်ချိန်က
ကောသမ္ဗီမြို့လေးမှာပေါ့...။
ဃောသိတ၊ ကုက္ကုဋ၊ ပါဝါရိက
သူငယ်ချင်းသုံးဦး
ထူးထူးခြားခြား
ဓမ္မနှလုံးသားနဲ့လူ
ယမုံနာမြစ်နဲ့အတူ
ဗုဒ္ဓ,ဓမ္မတွေကို
စီးဆင်းစေခဲ့သူတွေပေါ့..။
ဥယျာဉ်တစ်ခုစီမှာ
ကျောင်းသုံးကျောင်းဖန်ဆင်း
ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံ
သူတို့အမည်တွေသင်းထုံလို့ပေါ့...။
ပထမအကြိမ် သံဃာ့စိတ်ထား
အချင်းချင်းကွဲပြား
သာသနာ့သမိုင်းမှာ ထင်ရှား
ပါလိလေယျကကို မြတ်ဗုဒ္ဓ
ကြွသွားခဲ့ ရဖူးတဲ့
ကောသမ္ဗီ...။
ဟို...အတိတ်ဆီကပေါ့...။
ဥတေန၊ သမာဝတီ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တာ
ကောသမ္ဗီ ရာဇဝင်မှာ
စံတင်ခဲ့တဲ့ သရုပ်ဆောင်တွေ...။
မေတ္တာ၊ အဃာတ
ဆန့်ကျင်ဘက် နှစ်ခုရဲ့
လွန်ဆွဲခဲ့တဲ့ သရုပ်သကန်
ဓမ္မ,အဓမ္မ စံတွေပေါ့...။
ကြက်မကြီးက ငါ့ကိုနိုင်
ငါကကြက်မကလေးကိုနိုင်
အပြိုင်ပြိုင်ကြဲခဲ့တဲ့ ကောသမ္ဗီ...။
အခုတော့ အုတ်ရိုးသာကျန်ပြီပဲ...။
ပြန်ကြည့်တော့တရားကျစရာ
လူ့ဘဝဆိုတာ ရေပွက်ပမာ...။
ဗုဒ္ဓရဲ့ပိဋကတ်တွေကြောင့်
ကောသမ္ဗီဟာ ရှင်သန်ဆဲ
ဘုရင်အာသောကရဲ့ကြိုးပမ်းမှုကြောင့်
ကောသမ္ဗီဟာ ထင်ကျန်မြဲ
ဟိုး..အတိတ်ဆီက ကောသမ္ဗီ...။
ဓမ္မရေးနဲ့ပဲကြည့်ကြည့်
အမျိုးသားရေးနဲ့ပဲညှိညှိ
အတိတ်ဝေဒနာတွေက
ရင်ထဲမှာ ထင်ကျန်ဆဲပါ
ကောသမ္ဗီရယ်....။
ရင်ထဲမှာ ထင်ကျန်ဆဲပါ...။
                                   အရှင်ဓမ္မိက(လောင်းလုံ)
                                         ၉.၉.၂၀၁၄ 




Saturday, September 13, 2014

အမှိုက်

          အမှိုက်ဆိုတာ အသုံးမဝင်ဘူးတဲ့..။
       
သုံးတတ်သူတို့ကတော့ ရွှေတဲ့...။

ရေလောင်းသူတွေအကြား 
ကျီကန်းမျက်လုံးအစုံကိုငှားပြီး
ပုလင်းခွံတွေဟာ ထမင်းဖြစ်နေပြန်ရော..။
စင်ပေါ်က ရမ္မက်အပူ
စက်အောက်က ဘဝအပူ
ငူတူတူ လမ်းလျှောက်ရင်း
ဟော...
လွှင့်ကျလာတဲ့ ပုလင်းတစ်လုံး
ထမင်းတစ်လုံးအဖြစ် ကောက်ယူလိုက်တယ်။
ထမင်းလုံးလေးတွေပေါင်းစပ်ရင်
တစ်ပန်းကန်ပေါ့..။
သူ့ခြေတောက် အစုံဟာလည်း 
ထမင်းလုံးလေးတွေပဲလေ
သူရပ်တာနဲ့ ထမင်းတွေပြတ်
တရစပ်လျှောက်နေလို့
တော်ပေသပ..။
သမီးဇာတာခုံနန်းက
ထီးနန်းစံမြန်းကိန်းဆိုပဲ...။
အခုတော့ ..ထီးကျန်စွာ
နေရတာကိုပြောခဲ့လေသလား ..အမေရယ်.။
သင်္ကြန်ရေ နဲ့အတူ ရောဆင်းလာတဲ့
မျက်လုံးအစုံက အပူရေစီးကြောင်းတစ်စုံ...။
စင်ပေါ်မှာတော့
စည်းလွှတ် ဝါးလွတ်..။
ကားရောင်စုံတွေပေါ်မှာလည်း
စည်းလွတ် ဝါးလွတ်...။
သူခန္ဓာယ်ကိုယ်ပေါ်က
မဲညစ်ညစ် အင်္ကျီ တစ်စုံကမှ
သန့်ရှင်းနေသေး..။
သင်္ကြန် သင်္ကြန်...
တစ်နှစ်တစ်ခါ
အမှိုက်တွေ
လမ်းပေါ်သွန်ချနေတာကိုခေါ်သလားမသိ..။
အမေပြောဖူးတာက
သင်္ကြန် ဆိုတာ ပျော်စရာကောင်းသတဲ့...။
ဟုတ်မှာပါလေ..။
သူ့အတွက် လမ်းပေါ်က ထမင်းတွေ
အရောင်သွေးစုံတဲ့
မျက်လုံးတွေကို
တစုတစည်းတည်းမြင်ရတာပဲ..။
သင်္ကြန်အတက်နေ့က
ဆေးရုံဘက်
သူမ ရောက်သွားခဲ့သေးတယ်
မျက်ဝန်းတွေမှာ
သင်္ကြန်တွေကျလို့
အတာရေတော့မဟုတ်ဘူး
သောက.. ရေတွေ
သောက...ရေတွေ...။
အေးလေ...
အမေပြောသလို
သူတို့လည်း
လောကီသားတွေပဲသမီးရယ်တဲ့...။
ဒီနေ့ နေ့လည်
ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ
စတုဒိသာ ကျွေးမလို့တဲ့
သူငယ်ချင်းတွေစု
ဗိုက်ကလေးတွေ ပုသွားအောင် 

စားလိုက်အုံးမှာ..။
သူတို့အိပ်ရာ
ညောင်ပင်ကြီးကလည်း
သင်္ကြန်ကို ကျလို့...။
'' ကိုကြီးကျော် ...တို့ကိုကြီကျော်''
ဆံပင်နီနီ ကိုကြီးကျော် ကားပေါ်က
ခုန် ဆင်းလာတဲ့ အမှိုက်ဗူး
သူလေ ဦးအောင်ယူလိုက်တယ်..။
ဒီနေ့ ...
သူ့မြွေရေခွံအိတ်
နှစ်လုံးရနေပြီ...။
အမှိုက်တွေဆီက
လွှင့်လာတဲ့
အမှိုက်တွေလေ...။
သူမအတွက်တော့
မုန့်တွေ ...
ထမင်းတွေပေါ့...။
   
                   အရှင်ဓမ္မိက(လောင်းလုံ)
                       
၁၈.၄.၂၀၁၄
                   
နှစ်ဆန်း ၂ ရက်နေ့ နေ့ကရေးခဲ့တာလေးပါ..။

 

Saturday, September 6, 2014

ခြေလှမ်းစီးချင်း


ကြပ်ကြပ်တည်းတည်း
ရန်ကုန်ညက
ခဏခဏ အိပ်ယာကနိုးစေခဲ့..။

တဝီတဝီမြည်နေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကြား
လမ်းလျှောက်နေရတဲ့
ငါ့ရဲ့ခြေလှမ်းတွေက
ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်သွား..။

ကြွေကျလာတဲ့
သစ်ရွက် တစ်ရွက်က
ကမ္ဘာကြီးရဲ့
ရေချိန်ဖြစ်နေခဲ့..။

စိတ်တွေကို ထုတ်ပိုးရင်း
စိတ်တွေက အလိုလိုဂုတ်ချိုး
ပုတ်သိုးသွားတဲ့
မှုန့်ဖက်ထုပ် တစ်ထုပ်မှမဟုတ်ပဲ..။

ငါလေ...
စိတ်တွေကိုပြန်လည်ထုပ်ပိုး
ပြန်လည် ဆယ်ယူရင်း
ခြေလှမ်းတွေကို
စီးမျောလိုက်မယ်..။
ငါဟာ ခရီးသွားပဲလေ..။

                                 အရှင်ဓမ္မိက(လောင်းလုံ)


                         



 

ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger