ခရေရနံ့တွေ ထုံသင်းနေတဲ့
ကမ္ဘာအေးကုန်းမြေ
သာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ
ဆရာနဲ့ ဆုံဆည်းခွင့်ရခဲ့တယ်။
သာသနာ့တက္ကသိုလ် ၀င်းထဲက ခရေ ရနံ့တွေနဲ့အတူ
ဆရာ့ရဲ့ အတွေးတွေကလဲ မွှေးပျံ့လို့ပေါ့...။
အကျီင်္အဖြူ လက်ရှည်လေးနဲ့
လွယ်အိတ်လေး တစ်လုံးကိုလွယ်
ဒါ..“ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန ” က
ပါမောက္ခ ရဲ့အဆောင်ယောင်လေ..။
“ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” ဆိုတဲ့
ဆရာတစ်ယောက် ..
ပိန်ပိန် သွယ်သွယ် ခန္ဓာကိုယ်ကိုထမ်းပြီး
သာသနာ့တက္ကသိုလ်ရဲ့ ခရေလမ်းမှာလျှောက်လှမ်းနေတာ
မြင်ယောင်မိတယ်..။
အနေရိုးပေမဲ့
ဆရာ့ရဲ့အတွေးတွေက မိုးပေါ်မှာလေ..။
စာသင်ရင် မတ်တပ်ရပ်ပြီး
စားပွဲပေါ် လက်နှစ်ဘက်ထောက်
ဟောပြောပို့ချနည်းနဲ့
အတွေးအခေါ်တွေ တွင်တွင်ပေး
ဦးနှောက်ကိုလည်း မလေးစေခဲ့ဘူး..။
ဆရာစာသင်ပြီး ပြန်သွားရင်
ပြောစရာ ဒဿနတွေ ကျန်ခဲ့တယ်။
ဆရာ့ရဲ့ စာသင်ချိန်ဟာ အချိန်ကုန်မြန်တယ်လို့ ထင်ခဲ့သလို
ဆရာနေခဲ့တဲ့ လူ့ဘ၀ရဲ့ ၆၅ နှစ် ဆိုတာလဲ
အချိန်ကုန်မြန်တယ်လို့ထင်မိတယ်။
''ဗုဒ္ဓဝါဒဟာ personal morality လား Social morality လား” တဲ့
ဆရာ တပည့်တွေကို မေးခဲ့တဲ့ မေးခွန်း
“မာလောနွယ်..” ၀တ္ထုထဲ ထည့် သုံးခဲ့တယ်
ဆရာ့ နာမည်ပါ သုံးလို့ပေါ့..။
“တမင်တကာ ချန်သွားတာ မဟုတ်ပေမဲ့
အပြန်မှာ ကျန်ခဲ့တဲ့ သင်္ကေတတွေ” နဲ့
ဆရာ “ပုဂံ” ရဲ့ယဉ်ကျေးမှုတွေထဲမှာ
“ကြာ” အပေါ် မှော်ဝင်စီးဆင်းခဲ့တယ်..။
အခုလည်း...
ဆရာရဲ့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ
တမင်တကာ ချန်ခဲ့တာ မဟုတ်ပေမဲ့
ဆရာ လူ့ဘ၀က အပြန်မှာ
ဆရာရဲ့ကျန်ခဲ့တဲ့ သင်္ကေတ တွေအဖြစ်..
နေရစ်လေဦးမည်...ဆရာ
နေရစ်လေဦးမည်....။
ဆရာကြီး နန္ဒာသိန်းဇံ ကောင်းမွန်သော သုဂတိဘုံဘ၀သို့ လားရောက်ပါစေရန် ဆုတောင်းလျှက်
တချိန်တခါက ဆရာ့ တပည့် ...
အရှင်ဓမ္မိက(လောင်းလုံ)
၁၄.၈.၂၀၁၁