Friday, September 23, 2011
      မေခ နဲ့ မလိခ
     ပေါင်းဖက် ရာက 
     မွေးဖွားခဲ့တဲ့ ..
     ရှေး ပဝေသဏီက ဧရာဝတီ....။
     ဧရာဝတီ ရဲ့ရင်ထဲမှာ
     မြန်မာတို့ရဲ့ အသက်တွေ
     မြန်မာတို့ရဲ့ သွေးတွေ
     မြန်မာတို့ရဲ့  ချွေးတွေ
     မြန်မာတို့ရဲ့  နှလုံးသားတွေ
     မြန်မာတို့ရဲ့  ယဉ်ကျေးမှုတွေ
     ပျော်ဝင် စီးဆင်းနေတယ်....။
     မှော်ဝင် စီးဆင်းနေတယ်....။
    ဧရာဝတီ ဟာ  မြန်မာတို့ရဲ့ဘဝ
    ဧရာဝတီ ဟာ   မြန်မာတို့ရဲ့ကျက်သရေ
    ဧရာဝတီ ပျက်ရင် ဘ၀ပျက်ပြီ..
    ဧရာဝတီ မရှိရင် ဘ၀မရှိပြီ...
    ဧရာဝတီတုံးရင် ဘ၀ပြုန်းပြီ...
    အခု ဧရာဝတီ ငိုနေရပြီ..။
   ဧရာဝတီ မြစ်ကမ်းဘေးက 
   တစ်ချိန်က  ထင်ရှားခဲ့တဲ့ 
   နန်းမြို့တွေ...
   ပုဂံ..
   အင်းဝ...
   သရေခေတ္တရာ...
   စစ်ကိုင်း...
   အမရပူရ.... စတာတွေ
   သူတို့လဲ  ဧရာဝတီ နဲ့ အတူ
   စီးဆင်းခဲ့တယ်...။
  သူတို့ ဧရာဝတီကို မရောင်းစားခဲ့ဘူး..။
   တစ်နပ်စာ တစ်ထပ်စာ ကြည့်သူတွေ
   ဧရာဝတီရဲ့ လည်မြိုကိုညှစ်
   ဧရာဝတီရဲ့ သွေးကိုဖောက်
  “ယွမ်” နဲ့လဲသောက်ကုန်ပီ..။
  ဧရာဝတီကို ခြေတော်တင်ကြကုန်ပီ..။
  ဧရာဝတီကို ကုန်ခမ်းအောင်
  ဧရာဝတီ ကုန်ကူးကြကုန်ပြီ...။
  ပတ္တမြားငမောက်ကို 
  အခုခေတ် တန်ဖိုးဖြတ်ချင် ဖြတ်လို့ရမယ်..။
  ဧရာဝတီကို တန်ဖိုးဖြတ်လို့မရဘူး.။
  ဧရာဝတီနဲ့အတူ ငိုနေကြရပြီ..။
  မဟာနဒီ ဧရာဝတီရဲ့ မျက်ရည်
  မြစ်ထဲ မပြည့်မီ.....
  ဧရာဝတီ အငိုတိတ်ဖို့အရေး
                           ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါကြောင်း... 
                                                                      အရှင်ဓမ္မိက(လောင်းလုံ)
Tuesday, September 13, 2011
ရွှေလက်စွပ် မချွတ်ပစ်ပါလေနှင့်
           မနက်က မောင်ထွန်းထံက ကြားလိုက်ရသောစကားကြောင့် သူ့စိတ်အစဉ်က စိုးရိမ်မှတ်သို့ ရောက်
သွားခဲ့သည်။
          ထိုစိုးရိမ်မှတ်ကို ဘာသာတရားဖြင့် တိုင်းတာခဲ့သည်လား၊ အတွေ့အကြုံအရ အုပ်စု၏ သမဂ္ဂီသဘော
နှင့် ချိန်ညှိခဲ့သည်လား ဆိုသည်ကိုတော့ သူချက်ချင်း မဆုံးဖြတ်နိုင်ခဲ့။
          ထမင်းတစ်အိုး အကျက်မညီလျှင် စား၍မဖြစ်တော့ ထမင်းဝိုင်းအတွင်း သားသမီးများအကြိုက်ကွဲပြား နေလျှင် မိဘတို့ အခက်ကြုံမည်။ ထို့အတူ သူသာသနာပြုတာဝန်ကျရာ အုပ်စုအတွင်း အယူဝါဒ ကာလာစုံ ရောယှက်မှုများ လာပါကလည်း စုစည်းရပိုခက်သည် ဟု သူမြင်မိသည်။ ထို့ကြောင့်လည်း သည်ခရီးကို ရွေး ချယ်ခဲ့ပြီး သည်တောင်ကြီးကို သူချီတက်နေရခြင်းဖြစ်သည်။
                                            xxxxxxxxxxxxxxxxxxxxxxxx
          သာသနာ့တက္ကသိုလ်သို့ ရောက်ပြီဆိုကတည်းက တစ်နေ့ တောင်တန်းဒေသသို့မလွဲမသွေ သွားရ မည် ဖြစ်ရာ တောင်တန်းက သူ့ဦးနှောက်၏ အကန့်တစ်ကန့်အတွင်းနေရာ ယူထားခဲ့သည်။ အင်တာဗျူး ဖြေ ဆိုစဉ်ကပင်''အရှင်ဘုရား တောင်တန်းဒေသကို သွားနိုင်ပါမည်လား'' ဟု ဆရာတော် တစ်ပါး၏ အမေးကို  ''သွားနိုင်ပါသည် အရှင်ဘုရား'' ဟု သူတက်တက်ကြွကြွ ဖြေဆိုခဲ့သည်ကို မှတ်မိနေသည်။
သို့ရာတွင် ဤနေရာ ဤဒေသသို့ ရောက်လိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဘူး။
          သူ ဘူးသီးတောင်ဒေသသို့ စရောက်ကတည်းက ဘာသာခြား တိုင်းပြည်တစ်ခုသို့ရောက်နေသလို ခံစားရသည်။ ”လူလည်းတထွေ ရေလည်းတခြား” ဟူသော ဆရာကြီးမင်းသုဝဏ်၏ရသစာတမ်း တစ်ပုဒ်ကို သတိရမိသည်။
      ဘ/ကကျောင်းကို အုပ်ချုပ်ရသူအဖြစ်ဆိုရန်မှာလည်း စိတ်ကူးပင် မရှိခဲ့ပါ။  
      မြို ခမီးတိုင်းရင်းသားတို့၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းသည့်အနေဖြင့် ဦးက္ကုန္ဒကနှင့်တွဲဖတ်၍ ဘကကျောင်းကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ဦးဣန္ဒကတာဝန် ပြီးဆုံး၍ ပြန်ကြွသွားတော့ ကျောင်းကို အုပ် ချုပ်ရသူအဖြစ် မည်သူမျှမခန့်ရဘဲ ကျောင်းအုပ်ရာထူးကိုအလိုလို ရောက်သွားတော့သည်။
          အရာဝတ္ထုတစ်ခု၏ အသွင်သဏ္ဍာန်ကိုသာကြည့်၍ ဆုံးဖြတ်တက်ကြသော လူတို့အဖို့ ဤကျောင်း သားလေးတွေကို မည်သို့ ရှု မြင် ဆုံးဖြတ်ကြလေမည်နည်း ဟုလည်း သူမေးခွန်းထုတ်နေမိသည်။
       သူ့အဖို့ကတော့ ဤကျောင်းသားလေးများသည် မြန်မာပြည်မှာနေ မြန်မာ့ရေကိုသောက် မြန်မာ့ မြေ မှာ မွေးဖွား၍ရှင်သန်နေကြသော တောင်ပေါ်တိုင်းရင်းသားလေးတွေအဖြစ်သာ မြင်မိသည်။
          တစ်နေ့က ကျောင်းအားလပ်ချိန် ကျောင်းသားလေးတစ်ယောက် ထမင်းခဲလေးတစ်ခဲကို ကိုင်လာ သည်ကို တွေ့ရသည်။
       '' စာအုပ်စုတ်ပြဲသွားလို့ ကော်အဖြစ်အသုံးပြုမည် ထင်ပါရဲ့'' ဟု သူတွေးနေမိစဉ် ကျောင်းသားလေးက ထမင်းခဲလေးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို မြင်ရတော့ သူငယ်စဉ်ကျောင်းသားဘ၀ အမေပေးသော မုန့်ဖိုးတစ်မတ်ကို နည်းသည်ဟုဆိုကာ ကြမ်းပြင်ပေါ်ပစ်ထားခဲ့ပြီး ခြေဆောင့်ထွက်ခဲ့သည်ကို သတိရနေမိ သည်။
          သလူပြားရွာတွင် ဈေးဆိုင်မရှိ ဈေးဝယ်မည်ဆိုလျှင်( ဗုဒ္ဓဟူး)ဈေးနေ့ရောက်မှ သုံးနာရီကျော်ကျော် တောင်ပေါ်ခရီးကို ခြေလျှင်ဖြတ်ကျော်ကာ စိုင်းတင်ဈေးရွာသို သွားဝယ်ကြရသည်။ ထို့ကြောင့် ကျောင်းအား လပ်ချိန်ကို မုန့်စားဆင်းချိန်ဟု သက်မှတ်၍လည်း မရနိုင်ပြန်။ ဘူးသီးတောင်မြို့က ပညာရေမှူးဦးသာလူချေ လက်ထောက်ပညာရေးမှူး ဦးဘထွီးစိန်တို့  လှူဒါန်းထားသော အားကစားပစ္စည်းလေးများဖြင့် ကျောင်းသား လေးတွေ အားလပ်ချိန်ကို အချိန်ကုန်ကြရသည်။ ကျောင်းဝင်းအတွင်း အလေးအပေါ့သွားရန် ရေလောင်း
အိမ်သာပြုလုပ်ပေးထားသော်လည်း ကျောင်းသားလေးတွေက ကျောင်းအပြင်ဘက် တောစပ်တို့သာ သွား ကြ၏။
        ကျောင်းသားလေးတွေသာမဟုတ် '' အုပ်စုအတွင်း ကျန်းမာရေးနှင့်ညီညွတ်အောင်အိမ်သာဆောက် ကြပါ'' ဟု သူပြောတော့ ရွာသားတွေက “ဆရာတော် ငါတို့အတွက် အိမ်သာမလို ၀က်တွေရှိတယ် ” ဟုပြန် ပြောကြသည်။
         သူတို့ ပြောသည့်အတိုင်းပင် နံနက်မိုးပင် မလင်းသေး တောခြုံအုံကြားဝက် သံကိုကြား နေရတတ် သည်။
          ''သံသရာခရီးတစ်လျှောက်ဆွေမျိုး မတော်စပ်ခဲ့ဖူးသူမရှိ''ဟု မြတ်ဗုဒ္ဓ၏စကားအရဆိုလျှင် သည်နေ ရာ သည်ဒေသကို ရောက်နေသောသူသည်လည်း ပုဗ္ဗေကတစက်တစ်ခုအနေဖြင့်လည်ပတ်ခဲ့ခြင်းကြောင့် ပင်လောဟု ဆင်ခြင်မိ၏။
      လုပ်သလိုမဖြစ်သော အရာများကို ဖြစ်သလိုလုပ်နေရသည်များလာတော့ အချို့အလေ့အထလေးတွေ က သူ့မှာမသိမသာ ကပ်ပါလာသည်။
          ဘုန်းကြီး ရဟန်းသံဃာများနှင့် စကားပြောလျင် ''ငါ''နေရာမှာ''တပည့်တော်''ထည့်ပြောရန် လူကြီး များကို သင်ပြသော်လည်း တစ်ယောက်စနှစ်ယောက်စကလွဲ၍ ပြောတုန်းကခဏသာ''တပည့်တော်'' ကြ သည်။ နောက်တော့လည်း သူ့နုတ်ဖျားသည်ပင်''ငါ''ဟူသော နာမ်စားလေးတစ်ခုကမသိမသာကပ်ပါလာ သည်။
         သစ်ရွက်ခြောက်လေး တစ်ရွက်က သူ့ခြေဖမိုးပေါ်သို့ ရောက်လာသည်။ ပြန့်ကျဲနေသော သစ်ရွက် ခြောက်များကို ဒုတ်ကလေးဖြင့် သူထောက်ပြရင်း ''၀မ့်တယာ့ ၀မ့်တယာ့''ဟု ပြောလိုက်သည်။
          ကျောင်းသားလေးတွေက ''တိန်ပေါင်,ဒိန်ဝီ,တိန်ပေါင် ဒိန်ဝီ''ဟုအော်ကာ ခုန်ပေါက်၍ သူ့ရှေ့သို့ ပြေးလာကြ၏။ သစ်ရွက်ခြောက် အမှိုတ်များကို သူ့ထက်ငါ အရင်ရအောင် လိုက်ကောက်ကြသည်။
          မြိုလို ''၀မ်တယာ့ ၀မ်တယာ့''ကို မြန်မာလို''လာကြ လာကြ'' ငှက်ပျောဖူးကို ''တိန်ပေါင်'' ငှက်ပြောသီးကို ''ဒိန်ဝီ'' ဟုခေါ်ကြောင်းကို ကျောင်းသားလေးတွေထံက သူသိထားသည်။
         ညစဉ်ဘုရားဝတ်တက်အပြီး သကြားလုံး မဝေခင် သူသိလိုသောမြိုဝေါဟာရလေးများကိုကျောင်းသား လေးတွေထံကတစ်ဆင့်မေးမြန်းရင်းသင်ယူရသည်။ မတူညီသော စကားကို မတူညီသောလေသံဖြင့် သူ ပြောလျင် ကျောင်းသားကျောင်းသူလေးတွေက၀ိုင်းရယ်ကြ၏။ ဤသည်ပင်လျှင် ဆရာနှင့် တပည့်တို့၏ နွေး ထွေးသောရင်းနှီးမှုတစ်မျိုးဟု သူမြင်မိသည်။
       ထိုနေ့က ငှက်ပျောဖူးနှင့် ငှက်ပျောသီးကို မြိုလိုမေးပြီး စကားမမေ့စေရန် ဝေနေကြ သကြား လုံးနှစ် လုံးကို''တိန်ပေါင်၊ဒိန်ဝီ''ဟုဆိုကာ တစ်ဦးချင်းကို ဝေခဲ့ရာက ကျောင်းသားလေးတွေ၏ နုတ်ဖျား''တိန်ပေါင်၊ ဒိန်ဝီ''ဖြစ်သွားရသည်။
      သူ့မျက်စိအစုံက ကျောင်းတိုင်လုံး၌ ပေနေသော သွေးများဆီ ရောက်သွားသည်။ ဒီသွေးတွေကို ဘယ် သူသုတ်ထားပါလိမ့်၊ ခွေးအချင်းချင်းကိုက်ကြရာက ကျန်နေခဲ့တဲ့ သွေးတွေလား၊ ခွေးတွေရဲ့ သွေးဆိုရင် ဒီ လောက်အမြင့်တွင်ရှိမည်မဟုတ်။ အခုတိုင်မှာပေနေတဲ့ သွေးတွေက သူ့ခါးလောက်အမြင့်တွင် ရှိနေသည်။ သူစဉ်းစားမိသည်။ ဟော. .အမှတ်ရပြီ။ ညကအဖြစ်လေးတစ်ခု။
          ညက ဘုရားရှိခိုးအပြီး ကျောင်းသားများ ကျောင်းပေါ်ကဆင်းသွားကြသည်။ ခဏအကြာ ကျောင်း သားတစ်ယောက်၏ ငိုသံက ကျောင်းပေါ်ပြန်ရောက်လာသည်။
        ''ဟဲ့..ရွှေထွန်း အောက်မှာ ဘာဖြစ်လည်းမသိဘူး အမြန်ဆင်းကြည့်''
         ကျောင်းဆရာ မောင်ရွှေထွန်းကို အရင်ဆင်းခိုင်းပြီး သူနောက်မှ လိုက်သွားသည်။
        လဆန်းစ မှုန်ပျပျလရောင်၏အောက်တွင် ကျောင်းဆရာမောင်ရွှေထွန်းကို ကျောင်းသားများ ၀ိုင်းအုံ နေကြသည်ကို တွေ့ရသည်။ မောင်ရွှေထွန်း၏ အသံက ကျောင်းသား၏ ငိုသံအောက်တွင် ပျောက်နေသည်။  
        ''ဟေ့ ...ဘာဖြစ်တာလဲကွ''
        ''အင်္ဂါဦး သကလုံးလုပါရေ လတ်သီးနဲ့ ထိုးပြီးကေ ခြေထောက်နဲ့လည်း ကျောက်ပါရေ ဆရာတော်''
         ကျောင်းသားသက်နိုင်ဦးက ရခိုင်သံဝဲ၀ဲဖြင့် လျှောက်ထားသည်။ အင်္ဂါဦးက သကြားလုံးလုပြီး လက် သီးနဲ့လည်း ထိုးသေး ခြေနဲ့လည်းကန်သေးဆိုပါလား။ ဘယ်သူကိုပါလိမ့် ဘာဖြစ်သွားပါလိမ့် ”   
       သူစိုးရိမ်သွား၏။ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ ငိုနေသူမှာပထမတန်းကကျောင်းသား မောင်ရိုင်လိုက် ဖြစ်နေသည်။ နှာခေါင်း ပါးစပ်ကို ပိတ်ထားသောလက်ပေါ်တွင် သွေးတွေက စီးဆင်းနေသည်။ သွေးကိုမြင်
တော့ သူစိုးရိမ်ပိုသွားသည်။  ကျောင်းသားလက်ကို ဖယ်ကြည့်၏။ သွေးက နှာတံမှ ယိုစီးနေသည်။
          ''ရွှေထွန်း...ရေအိုးဆီမြန်မြန်သွား သွေးမထွက်အောင်လုပ်ပေးခဲ့''
          ခဏအကြာ ကျောင်းသားနှင့် ကျောင်းဆရာရောက်လာသည်။ ကျောင်းသား၏နှာတံက သွေးတိတ် နေပြီ။ မောင်ကျောင်းသားက အငိုမတိတ်သေး။ လက်သီးနဲ့ ထိုးသည်ဆိုသူ ကျောင်းသား အင်္ဂါဦးကို သတိရ ၍ ကြည့်တော့ အင်္ဂါဦးမတွေ့ရတော့။ ရွာထဲဝင် ပြေးသွားပြီ။
        ''ကဲ ကဲ မငိုနဲ့တော့ မနက်ဖြန်ဆရာတော် အင်္ဂါဦးကို ဆုံးမမယ်''ဟု ပြောပြီး သကြားလုံးသုံးလုံးဖြင့် နှစ်သိမ့်လိုက်ရသည်။
          မနက်ရောက်သည်နှင့် သူသတိမရတော့။ တိုင်လုံးပေါ်ပေနေသော သွေးကိုမြင်ရမှ ညကအဖြစ်ကို သတိရလာသည်။ ကျောင်းသားအင်္ဂါဦးကို သူကြည့်လိုက်တော့ အင်္ဂါဦးက မောင်ရိုင်လိုက်နှင့်အတူ အမှိုက် တောင်းကို အတူတူကိုင်ကာ အမှိုက်ကောက်နေသည်။ အမှတ်အတေး မထားတက်သော ကလေးများ၏ ဖြူစင်သောစိတ်ထားလေးများကို နှစ်သက်စရာအဖြစ် မြင်မိတော့သူပီတိဖြစ်မိသည်။
          “သြော်...သာသနာပြု သာသနာပြု ”
          ''သာသနာပြုရာတွင် အခက်ခဲများ စိတ်ညစ်စရာများ မတွေ့ရပါရစေနဲ့''ဟု ဆုတောင်းမည်ဆိုပါက ဆုတောင်းပြည့်ဖို့ သူမမြင်။ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုပါက'' တွေ့ကြိုရသော အခက်ခဲများ၊ပြဿနာ များကို လွယ်ကူစွာ ဖြေရှင်နိုင်ရပါလို၏''ဟု သူ ဆုတောင်းမိမည်လား မပြောတတ်။
      ထိုကြောင့် ရှေးဆရာတော်ကြီးများက ''စိတ်ရှည် ဇွဲသန်၊သည်းညည်းခံ၊ ပြုရန်သာသနာ''ဟုမိန့်ဆိုခဲ့ကြ ဟန်တူသည်။ ထိုမိန့်ဆိုချက်သည်သူ့အတွက်တော့လက်တွေ့ ဖြစ်နေ၏။
          ''ဆရာတော်''
          နောက်က အသံကြောင့် သူလှည့်ကြည့်မိသည်။ ရွာထဲက မောင်ထွန်းမောင် သူ့ကို ဦးချနေသည်။ ပြီးတော့ လက်ဖ၀ါးနှစ်ဘက်ကို ပွတ်ရင်း-
       ''ဆရာတော်...ညောင်ချောင်းရွာကိစ္စ ကြားပြီးလား''
       ဘာကိစ္စပါလိမ့် ပြဿနာလာပြန်ပြီလားမသိ။ တစ်ခါတစ်ခါ ရွာထဲက လူမှုရေး ပြဿနာများ ဘုန်းကြီး ဆီ အားကိုးတကြီး ယူလာတတ်သည်။ ဘုန်းကြီးအမှု ရွာပတ်ရသည်မရှိဘဲ၊ ရွာအမှု ဘုန်းကြီးဆီလာပတ် သည်က များသည်။ ရဟန်းတော်တို့နှင့် မသက်ဆိုင်သော ပြဿနာအချို့ကို အုပ်စုဥက္ကဋ္ဌ ကိုခင်မောင်လွင် ဆီသို့ပို့ရသည်။ ထို့ကြောင့် ''ကိစ္စ''ဟုဆိုလာလျှင် ပြဿနာ တစ်ခုခု ဖြစ်နေတတ်သည်။
          ''ဘာကိစ္စလဲကွ မောင်ထွန်းမောင်''
         “ ညောင်ချောင်းရွာက တပေါင်းလပြည့်နေ့မှာ နှစ်ခြင်းဝင်မယ်ကြားတယ်ဆရာတော်... အဲဒါ...''
          မောင်ထွန်းမောင်၏ ''အဲဒါ'' သည် သူ့ကို ရည်ညွန်းနေပြီဖြစ်သည်။ သူ့စိတ်ထဲ ဖော်ပြ၍ မတတ်သော စိုးရိမ်မှုတစ်ခု ဖြစ်သွားသည်။
         သူ သာသနာပြုဌာနကို ရောက်ကတည်းက အုပ်စုအတွင်းရှိ ရွာ ၂၀-သို့ အကုန်မရောက်သေး ကျောင်းသားလေးတွေ စာမေးပွဲပြီးမှ ရွာများဆီသို့ လှည့်လည်မည်။ ဗုဒ္ဓဘာသာဝင်အိမ်များကို ဗုဒ္ဓပုံတော် ဓာတ်ပုံလေးတွေ တစ်အိမ်တစ်ပုံ ပူဇော်စေမည်။ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဖြစ်တော်စဉ်ကို ပြောပြမည်။ ဤသို့ ရည် ရွယ်ထားသည်။ အခုတော့ စာမေးပွဲ ပြီးသည်ထိ အချိန်ကို ဆွဲဆန့်၍ မဖြစ်တော့။အုပ်စုထဲသွားမှဖြစ်
တော့မည်။ သူဆုံးဖြတ်ချက်ချမှတ်လိုက်ရသည်။
           ''ထွန်းမောင် ဒီနေ့ နေ့ ဆွမ်းဘုဉ်းပြီး ညောင်ချောင်းကို သွားမယ်''    
           ''တောင်ကျော်သွားရမယ် ဆရာတော်''
          ''တောင်ကျော်လည်း ကျော်ပေါ့၊ ဒါနဲ့...ဒီနေ့ စာကမ်းအလှည့် ဘယ်သူလဲ''
          ''ကောင်းယိုင် အလှည့် ဆရာတော်''
         “ အေး ဒီလိုဆိုရင် ကောင်းယိုင်ကို ပါခေါ်ခဲ့''
           ဤသို့ဖြင့် သူနှင့် တကာနှစ်ယောက် နေ့ ဆွမ်းဘုဉ်းအပြီး ကျောင်းမှထွက်လာခဲ့သည်။
                                                xxxxxxxxxxxxxxxxxxx
          လတပေါင်း၏ နေအရင့်က အရှိန်မြင့်လာနေသည်။ ခန္ဓာကိုယ်ကို လွှမ်းထားသောသင်္ကန်းဝတ်ရုံလွှာ က ချွေးဇရုံးအိမ်ဖြစ်နေသည်။ သူ့ဘယ်လက်က ဘယ်ဘက်ပခုံးပေါ် ခိုစီးလိုက်ပါလာသော လွယ်အိတ်၏ နုတ်ခမ်း အစုံကို ကိုင်ထားသည်။ ညာဘက်လက်ကလည်း သုံးတောင်သာသာ ၀ါးအစိမ်းတုတ်တစ်ချောင်းကို တောင်ဝှေးအဖြစ် အသုံးပြုလျက် ခန္ဓာကိုယ်ကို ဟန်ချက်ညီစေရန် မြေကြီးကိုထောက်ကာ ထောက်ကာ လိုက်ပါလာသည်။ ကျောက်ခဲတို့၏ ပြောင်ချော်ချော်ကျောကုန်းပေါ်သို့ ထောက်မိလျင် တစ်ခါတစ်ခါ ဟန် ချက်ပျက်သွား၏။ ခြေနှစ်ဖ၀ါး သာသာရှိ လမ်း၏ တောင်ခါးပန်းရံသို့ ရောက်လာတော့ သတိကိုပိုတင်ရသည် တစ်ဖက်က မျက်စိအဆုံး မမြင်နိုင်သော ချောက်ကမ်းပါးကြီးက အသင့်ကြိုနေသောကြောင့်ပင်။
          ''ဆရာတော်...အဆင်ပြေလား''
          မြိုတိုင်းရင်းသား ကောင်းယိုင်းနဲ့ ထွန်းမောင်က နောက်ပြန်လှည့်ကာ လှည့်ကာ မေးရှာသည်။  
          ကောင်းယိုင်နဲ့ ထွန်းမောင်က တောင်ပေါ်လမ်းကို မြေပြန့်ပမာ သွားနေကြသော်လည်းသူ့ခြေ တောက်အစုံကမူ ခရုတစ်ကောင် သွားနေသည့်နှယ်ဖြစ်နေသည်။ တောင်ခြေမှ စတင်ထွက်ခွာလာစဉ်က သစ်ရိပ်ဝါးရိပ်တို့က ထီးသဖွယ် နေကိုကာကွယ်ပေးထားသော်လည်း တောင်အမြင့်ကို ရောက်လာသည်နှင့် နေက အရှိန်မြင့်လာသည်။ အရိပ်ကလည်း ကင်းလာ၏။ လမ်းဘေး ၀ဲယာတွင်သစ်ပင်ကြီးငယ်တို့ကမီး လောင်ဒဏ်များ ကိုယ်စီဖြင့် အတုန်းအရုံး လဲနေကြသည်။ ၀ါးပင်ငယ်လေးတွေအကြားဖြူညစ်ညစ် ရိုးပြတ် များက တောင်ယာဟောင်း၏ အသွင်သဏ္ဍာန် တစ်ခုအဖြစ်ကို ပြနေ၏။
      တောင်ကျောတစ်လျှောက် မြင်ရသော တောင်ယာဟောင်းများ တောင်ယာသစ်များက ဖာထေးရာ ဗလပွရှိ ပုဆိုးဟောင်း တစ်ထည်ကို ဖြန့်ခင်းထားသည်နှင့် တူနေသည်။
          ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲမြစ်များ အရှိန်ပြင်းပြင်း ပျော်ဝင်စီဆင်းနေချိန်၊ သစ်တော သစ် ပင်တွေကလည်း ၀မ်းမီး၏လောင်မြိုက်ခြင်းကို ခံနေရသည်။
          ''ဥတုရာသီ တောကိုမှီ၏'' ဟုဆိုငြားသော်လည်း မြို၊ ခမီးတိုင်းရင်းသားတို့ အဖို့ တောင်ယာကိုသာ မှီနေရသည်။ သစ်တောပြုန်းတီးမှုကြောင့် သဘာဝရာသီဥတုမညီမျှဖြစ်မည်ကို သူတို့ မသိ။တောင် ယာမီး ရှို့ရာက ထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ကြောင့် လေထုညစ်ညမ်းမည်ကိုလည်း သူတို့နားမလည်။  
         သူတို့ သိနားလည်ထားသည်က တောင်ယာစပါး အညီအမျှ ရရှိရေးနှင့် စပါးမရရှိပါကစိတ်ညစ်ရမည် ကို သာပင် ဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် လူနှင့်သဘာဝပတ်ဝန်းကျင်တို့ဆက်ဆံမှု ဂေဟစနစ်
ပျက်စီးသွားမည်ကို လည်းသူတို့မပူ။ တောင်ယာစပါးခင်းကို တောဝက်များ ကြွက်များ အုံလိုက်သင်းလိုက် ဖျက်ဆီးခံရမည်ကိုသာ သူတို့ တွေးပူသည်။
        ထို့ကြောင့် တောင်ယာသည် မြို၊ ခမီးတိုင်းရင်းသားတို့၏ဘ၀၊ မြို၊ ခမီးတိုင်းရင်းသားတို့၏ အလှဖြစ်နေ ၏။
          တောကြက်တစ်ကောင်က သူ့ရှေ့က ဖြတ်ပျံသွားသည်။ သူနှဖူးပေါ်က ချွေးစီးကြောင်းကလည်း မျက်နှာပြင်သို့ ဖြတ်သန်းစီးဆင်းလာ၏။ ဦးခေါင်းကို ရှေ့သို့ အနည်းငယ်စောင်း၍ လက်ညှိုးဖြင့် နဖူးက ချွေး ကို သပ်ချလိုက်သည်။ တောင်အတက်သည် မောဟိုက်ခြင်းကို တပါတည်း ခေါ်ဆောင်လာသည်။ခြောက် သွေ့လာသော အာခေါင်ကလည်း ရေးကိုတောင်းဆိုလာ၏။ လမ်းရှေ့တည့်တည့် မလှမ်းမကမ်းတွင် အရိပ်ရ သစ်ပင်ကြီးတစ်ပင်။ ထိုသစ်ပင်အောက် ရောက်လျှင် ခဏနားအုံးမည်ဟု ဟု သူဆုံးဖြတ်လိုက်သည်။
          ''ဟေ့ ထွန်းမောင်... ဟိုးရှေ့က သစ်ပင်အောက်မှာ ခဏ နားမယ်''
          သစ်ပင်အောက်သူရောက်လာသည်။ ပင်စည်၏ မျက်နှာပြင်တွင် ဓားဒဏ်ရာ ဗလပွရှိနေသော အ ရိပ်ရသစ်ပင်ကြီးက တည်ကြည်ငြိမ်သက်လျှက်။ တောင်ဝှေးကို ပင်စည်၌ ထောင်လိုက်သည်။လမ်းပေါ်ထိုး ထွက်နေသော သစ်မြစ်ပေါ်သူထိုင်လိုက်ကာ လွယ်အိတ်ထဲက ရေဗူးကို ထုတ်ပြီး ဦးခေါင်းကိုမော့၍''တဂွတ် ဂွတ်'' သောက်လိုက်သည်။ အိုအေစစ်ရေတစ်ပေါက်ကဲ့သို့ ရင်ထဲ အေးမြသွား၏။  
       လေပြေလေးကလည်း ၀ါးပင်တွေကို တိုးဝှေ့၍ ရောက်လာသည်။ သူအမောပြေသွားသကဲ့သို့ရှိသည်။ လွယ်အိတ်ထဲကနာရီကို ထုတ်ကြည့်မိတော့ နာရီမျက်နှာပြင်က နေ့ လည် ၁-နာရီ၁၅မီနစ်ရှိပြီဖြစ်ကြောင်း ပြောနေသည်။
          ''နောက် ၁-နာရီဆက်လျှောက်ရင် ရေဆူရွာကို ရောက်မယ်ဆရာတော်''
          ကောင်းယိုင် အပြောကြောင့် ရှေ့ဆက်ရမည့် ခရီးကိုတွက်ဆမိသည်။ ကျောင်းက ထွက်လာခဲ့သည် မှာ ၂-နာရီ ပြည့်တော့မည်။ ရေဆူရွာနှင့် ညောင်ချောင်းရွာက နောက်ထပ် မီနစ် ၄၀-ခန့်ဆက်သွားရမည်ဟု မောင်ထွန်းမောင်ထံက သိထားသည်။ ခရီးဆုံးသို့မရောက်သေးဘဲ အရိပ်အာဝါသကောင်းသည့် သစ်ပင် အောက် ကြာကြာ နားခိုနေမိလျှင် သွားလိုသော ခရီးအတွက် နှောင့်နှေးကြန့်ကြာနေလိမ်မည်။ ထို့ကြောင့် ကြာကြာနား၍ မဖြစ်တော့။
          ''ကဲ... ကောင်းယိုင် တို့ ခရီးဆက်အုံးစို့”
          သစ်ပင်၏ ပင်စည်တွင် မှိန်းစက်အနားယူနေသောတောင်ဝှေးကို သူကိုင်လိုက်သည်။ ဆက်သွားရမည့် ခရီးကိုလမ်းကို ကြည့်မိတော့ မပြောင်းလဲသော နေအပူအရှိန်က သူကို ဖိတ်ခေါ်နေသည်။ နေအပူသည် သူ့၏ ရင်ထဲက ဆန္ဒကို ထိုးဖောက် နိုင်စွမ်းရှိမည်မဟုတ်။ မြင့်မာသော တောင်သည်လည်း သူ၏ ဦးတည်ချက်နှင့် ယှဉ်လျှင် ခြေဖ၀ါး အောက် သို့ ရောက်သွားပေတော့မည်။
          ရေဆူရွာက ထွက်လာတော့ ညနေ ၃-နာရီရှိပြီ။ ကျောင်းအတွင်းရေးမှုး ဦးစံသာအောင်က သူလည်း လိုက်မည်ပြောသောကြောင့် ရေဆူရွာ၌ နာရီဝက်ခန့် ကြာသွားသည်။ ရွာထိပ်ရောက်နှင့် ၀ါးပင်တို့ အုပ်မိုး ထားသော လှျိုမြောင်တစ်ခုကို စတင် ဖြတ်ရသည်။ ရေကဒူးဆစ်ကို မိတ်ဆက်နေ၏။
          ရွှေဝါရောင် ၀ါးရွက်တို့က ရေပြင်တွင် ပြန့်ကျဲနေသည်။ သဘာဝတောတောင်၏ အေးမြသော အငွေ့ အသက်သည် သူ့စိတ်ကို လန်းဆန်းသွားစေ၏။ မြောင်၏ ယာဘက်ကျောက်တုံးတွေကို နင်းလျှက် တောင် ပေါ်က ခုန်းဆင်းလာသော ရေတံခွန်လေးတစ်ခုကို တွေ့ရတော့ ဂရိအတွေးအခေါ်ပညာရှင်“ဟေရာကလိုက် တပ် ” ၏ ဒဿနကို သတိရစေသည်။
          “လူတစ်ယောက် မြစ်ထဲသို့ နှစ်ကြိမ်မဆင်းနိုင်။ အဘယ့်ကြောင့်ဆိုသော် ရေတို့သည် အမြဲစီးဆင်းနေသောကြောင့်တည်း”
         ဟေရာကလိုက်တပ်၏ ဒဿနသည် မြတ်ဗုဒ္ဓဟောကြားခဲ့သော မျတ်စိတစ်မှိတ် လျှက် တစ်ပြက်အ တွင်း ကုဋေတစ်သိန်းမက ချုပ်ပျက်ပြောင်းလွဲနေသော စိတ်တို့ ရုပ်တို့၏ ဖြစ်ပျက်နေမှု နိယာမသဘောတွင် သက်ဝင်နေ၏။
          ''သဘာဝတရားသည် အမြဲပြောင်းလဲနေ၏။ လူတို့သည်လည်းပြောင်းလဲနေသည်။ ထိုပြောင်းလဲနေသောသဘောသည်ပင် မပြောင်းလဲဘဲ တည်ရှိနေသည်''
          စာသင်ခန်းထဲက ဆရာကြီးနန္ဒာသိန်းဇံ၏ ပို့ချချက်ကိုလည်း သတိရမိသည်။
         မမြဲသောအနိစ္စသည် ထင်ရှားရှိနေသော်လည်း ပြောင်းလဲတက်သော သင်္ခါရသဘောအရ ညောင် ချောင်းရွာသားတို့၏ စိတ်အစဉ်ကို ဗုဒ္ဓဘာသာအပေါ် တန်ဖိုးထားတက်အောင် ပြောဆိုရအုံးမည်။ မြစ်ထဲသို့ နှစ်ကြိမ်မဆင်းနိုင်သောလည်း တောင်တက် တောင်ဆင်း ခရီးဖြင့် တိုင်းရင်းသားတို့ထံ အကြိမ်ကြိမ်ခရီး ဆက်ရအုံးမည်။
          လောကနိယာမများအရ စကြာဝဠာအတွင်းရှိ အရာဝတ္ထုများသည်ဆန့်ကျင်ဘက်(ပဋိပက္ခ)သဘော ကို ဆောင်နေကြသော်လည်း ရေများရေနိုင် မီးများမီးနိုင် ဆိုသည့်သဘောလည်း ရှိနေသေး၏။
        ဓမ္မ၀ါဒထွန်းကားလျှင် လောကကြီးသည် ငြိမ်းချမ်းမည်။ အဓမ္မ၀ါဒ ထွန်းကားလာလျှင် လောကကြီး ပူလောင်ဆူပွတ်မည်။ ဤသဘောသည်ပင် တူညီသော ပေါင်းစည်းမှုသဘော ဖြစ်နေပြန်၏။
          ထို့ကြောင့် အရှင်မဟာကဿပမထေရ်မြတ်ကြီးက-
         ''ပုရေ အဓမ္မော ဒိဗ္ဗတိ။''စသည်ဖြင့် မသူတော်တရား မထွန်းကားမီ အဓမ္မ၀ါဒ မထွန်းကားမီ ဓမ္မ၀ါဒ အားမနည်းမီ ဓမ္မ(သုတ်၊ အဘိဓမ္မာ)ကိုလည်းကောင်း ၀ိနယ ကိုလည်းကောင်းသင်္ဂါယနာတင်ကြပါကုန်စို့''ဟု နိုးဆော်ကာ ပထမသင်္ဂါယနာကို တင်တော်မူခဲ့သည်။
          အရှင်မဟာကဿပမထေရ်မြတ်ကြီးသာ ထိုသို့မလုပ်ဆောင်ခဲ့လျင် ပထမသင်္ဂါယနာသာ မတင်ခဲ့ လျှင် ကျန်သော ဒုတိယ၊ တတိယစသောသင်္ဂါယနာများသည်လည်း ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့။ အရှင်မဟာကဿပနှင့် သံဃာတော်တို့၏ ကျေးဇူးတရားကိုသင်္ဂါယနာများက ထွန်းပပေးနေ၏။ သင်္ဂါယနာ အကြောင်းကို သိရှိနားလည်လျှင် သံဃာတော်တို့၏ ကျေးဇူးတရားကိုလည်းနားလည်မည်ဟု သူယုံကြည်မိ သည်။
          ''ဆရာတော် တောဖျားချောင်းကို ရောက်လာပြီ ဒီချောင်းက ပုဏ္ဏားကျွန်းအထိ ရောက်တယ်''
        ခြေလှမ်းများက စည်းချက်မှန်မှန်လျောက်လှမ်းနေသော်လည်း သူ့စိတ်အစဉ်ကစွန်တစ်ကောင်လိုဝဲပျံ နေခဲ့ရာတောဖျားချောင်းသို့ရောက်မှန်းမသိ။ မောင်ထွန်းမောင်စကားကြောင့်သာ တောဖျားချောင်းဆို သည် ကို ကြည့်လိုက်မိသည်။ တောဖျားချောင်းသည် ညင်ညင်သာသာ စီးဆင်းနေ၏။မြောင်ကဲ့သိုဝါးရွက် များအ မှိုက် သရိုက်များမရှိ။ ပကတိ ကြည်လင်အေးဆေးစွာ စီးဆင်းနေသည်။
          ''ရေဆိုတာ အမြဲစီးဆင်းနေမှ ကြည်လင်သန့်ရှင်းတယ်။ ရဟန်းဆိုတာလည်း အမြဲတမ်းသွားလာလှုပ်ရှားနေမှ ကြည်လင်သန့်ရှင်းတယ်''ဟူသောအီတာလျံဘုန်းတော်ကြီးဦးလောကနာထ ၏ မိန့်ဆိုချက်ကိုလည်း သတိရ၏။
         ''ဗဟုဇနဟိတာယ ဗဟုဇန သုခါယ''ကို အရင်းခံ ဓမ္မနှင့် အညီလှုပ်ရှားမှသာလျှင်ကြည်လင်သန့်ရှင်း ပေမည်။
          ''တောဖျားချောင်းကို ရောက်ရင် ညောချောင်းရွာကို ရောက်ပြီ''ဟုမောင်ထွန်းမောင် စကား အတိုင်း ပင် ချောင်းတစ်ဘက်ကမ်း ကျောက်လွှာတို့ဖြင့် ဖွဲ့စည်းထားသော ချောင်းနံရံကို တက်လိုက်သည်နှင့် သရက် ပင်ကြီးများ အောက် ခိုဝင်နေသောညောင်ချောင်းရွာကိုတွေ့ရတော့သည်။ 
          ပလိုင်းကိုယ်စီလွယ်ကာ မိမိတို့သိုက်မြုံသို့ ပြန်လာနေသော ခမီးတိုင်းရင်းသားများကိုတွေ့ရသည်။ ဆန်ထောင်းခြင်းကိုရပ် ကျည်ပွေ့ကို ရင်ခွင်အပ်ကာ သို့တို့အလာကို ကြည့်နေသောခမီးတိုင်းရင်းသူကိုလည်း တွေ့ရ၏။ ရွာလည်ဝါးဇရပ်အနီး ပိုက်ကျော်ခြင်း ၀ိုင်းက လူတစ်ယောက်ပြေးထွက်လာသည်။
          ''ဆရာတော် ကြွလာမယ်လို့ မထင်ပါဆရာတော် တပည့်တော် ၀မ်းသာတယ်''ဟုပြောကာ ကိုခင်မောင်ဝင်းက ရွာလည် ၀ါးဇရပ်သို့ ပင့်သည်။ တောင်ပေါ်ဒေသရွာတိုင်း ရွာတိုင်းတွင် ဧည့်သည်အာဂန္တု များ တည်းခိုနိုင်ရန် ၀ါးဇရပ်လေးတွေဆောက်ထားကြသည့် အလေ့အထတစ်ခုသည်နှစ်သက် ဖွယ်ကောင်း နေ၏။
          ညအမှောင်၏ ခြေလှမ်းတို့က တစ တစ ၀င်ရောက်လာခဲပြီ။ ညောင်ချောင်းရွာသည် ညအမှောင်၏ အောက်တွင် နစ်မြုတ်သွား၏။ မှုန်ပျပျရေနံမီးခွက်၏ အရောင်က ဇရပ်အတွင်းရှိ အမှောင်ထုကိုဖြိုခွင်းပေး ထားသည်။ ခွေးဟောင်သံနှင့်အတူကလေးတစ်ယောက်၏ငိုသံက အမှောင်ထုကို သက်ဝင်လှုပ်ရှား သွားစေ ၏။ သူနားမလည်သော စကားဖြင့် မိန်မတစ်ဦး၏ အော်ငေါက်သံက နားထဲသို့ ဖြတ်ဝင်လာသည်။                  
            ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ဇရပ်ပေါ်သို့ ရောက်လာကြသည်။ အချို့က ဆေးတံ၊ အချို့ကဆေးလိပ် တို့ကို အဖော်ပြုလာကြ၏။ ဆေးတံမှထုတ်လွှတ်သော စူရှရှ အနံ့ကို သူမခံသာသော ကြောင့် ဆေးတံ ဆေးလိပ်သောက်ခြင်းမှ ခေတ္တရပ်ပေးပါရန် ပြောရသည်။
          ''ဆရာတော် သူကကျောင်းဆရာ မောင်ရွှေထွန်းရဲ့ အဖေ''
          သူ့ကို ဦးချနေသူ တကာကြီးတစ်ယောက်ကို ကိုခင်မောင်ဝင်းက မိတ်ဆက်ပေးသည်။    
          ''နာမည်ဘယ်လိုခေါ်လဲဒကာကြီး''
          ''စံရွှေဘော် ခေါ်ပါရေ ဆရာတော်''
          ''ဒီနှစ်ဝမ်းစာကော ဘယ်လိုလဲ''
          ''ဤနှိုက် ၀မ်းစာမရပါ ဆရာတော် စပါးတိ ကြွက်စားပါရေ မိုးတွင်းပိုင်းဆိုကေ စားဝတ်နေရေး အ ဆိုင်မပြေ ဖြစ်ဖို့ဟိပါရေ ဆရာတော်''
          ဦးစံရွှေဘော်၏ အပူက သူ့ကို လာဟပ်သည်။ ဇရပ်အပေါ် လူစုံလောက်ပြီ။သူဖယောင်းတိုင်နှစ်တိုင်ကို ထွန်းညှိလိုက်သည်။ ဇရပ်အပေါ်သို ရောက်လာသူများမှာ ယော ကျာ်းများသာ ဖြစ်ကြသည်။ တောင်ပေါ်ဒေသ၌ အမှုကိစ္စမှန်သမျှ ယောကျာ်းတို့သာဦးစီးလုပ်ကိုင်သော ကြောင့် ''အိမ်ထောင်ဦးစီး''အမည်ကို ပိုင်ဆိုထား နိုင်ကြသည်။
          သူ့မှာ ပါလာသည့် ဘုရားပုံတော်လေးတွေကို တစ်အိမ်တစ်ပုံကျ စတင်ဝေငှသည်။ ပြီးတော့ သူ  ဗုဒ္ဓဖြစ်စဉ်  ဗုဒ္ဓ၀င်ကို စတင်ပြောသည်။ ဘုန်းကြီးရဟန်းတိုအား ရှိခိုးခြင်းနှင့် ဆွမ်းလှူဒါန်းခြင်းကိုသာ ဗုဒ္ဓ ဘာသာဝင်ဟု ခံယူထားကြသော တိုင်းရင်းသားများ ဗုဒ္ဓ၏အကြောင်းကို စိတ်ပါဝင်စားစွာ နားထောင်သည်။ သုမေဓာသူဌေးသား ပစ္စည်း ဥစ္စာတို့ကို စွန့်လွှတ်မှု အလောင်းတော် သိဒ္ဓတ္ထမင်းသားထီးနန်းစည်းစိမ်အား လုံးကို စွန့်လွတ်ကာ တောထွက်သော အခန်းတို့သည်  သူတို့အတွက် အထူအဆန်း ဖြစ်နေ၏။
          ညောင်ချောင်းရွာသို့လာရောက်စည်းရုံးသော ဘာသာထက် ဗုဒ္ဓဘာသာက နှစ်ပေါင်း ၆၀၀-ကျော် စောပြီး ပေါ်ကြောင်ပြောပြတော့ သူတို့ အံ့သြကြသည်။
         ''နိဗ္ဗာန်''ဟူသော ဝေါဟာရနှင့် ဝေးကွာနေသေးသော တိုင်းရင်းသားတို့အတွက် ငါးပါးသီလနှင့် သမ္ပဒါ တရားလေးပါးကို လူမှုဘ၀နှင့်အံဝင်ခွင်ကျဖြစ်အောင် ပြောပြရသည်။
          မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ဝင်စံခြင်းအခန်းကို ပြောအပြီး-
        ''မိမိတို့လက်ထဲရောက်နေတဲ့ ဗုဒ္ဓပုံတော်လေးတွေကို ပြန်ကြည့်ကြပါ'' ဟု သူပြောတော့ ဓာတ်မီးလေး တွေ ထွန်းလျက် ကြည့်ကြသည်။
          ''ကဲ...မြတ်ဗုဒ္ဓဟာ လောကအတွက် အများကြီး ပေးဆပ်ခဲ့တယ်ဆို ဒကာကြီး ဦးစံရွှေဘော် သိပြီး မဟုတ်လား''
          ''သိပါရေ ဆရာတော်''
          ''အခု ရွာသားတွေ ခံယူထားကြတဲ့ ဗုဒ္ဓဘာသာဆိုတာဟာ အဘိုးအဘွားတွေရဲ့ အမွေအနှစ် ရွှေလက် စွပ် တစ်ကွင်းလိုပဲ တန်းဖိုးကြီးပါတယ်။ ရွှေလက်စွပ်လေးဟာ လက်မှာ စွပ်ထားတာ ကြာလာတော့ အညစ် အကြေးတွေ အထပ်ထပ်တက်လာတယ်။ကြာလာတော့လက်မှာ စွပ်ထားတဲ့လက်စွပ်ကို အဖိုးတန် တဲ့ရွှေ လက်စွပ်မှန်း မသိကြတော့ဘူး၊ တိုင်းရင်းသားတွေရဲ့လက်စွပ်ကလည်း ရွှေရောင်မပေါ်တော့တာကိုး.....။
          ''ရွှေရောင်မပေါ်တော့ပေမဲ့ လက်စွပ်ကို အခြားဘာသာဝင်တွေက ရွှေလက်စွပ်မှန်းသိကြတယ်။ သိ တော့ရွှေကိုလိုချင်တယ်။ လိုချင်တော့ ပစ္စည်းဝတ္ထုနဲ့လဲတယ်။ ငါးသိန်တန်တဲ့လက်စွပ်ကို ဆန် ၁၀-သိုက်နဲ့ လဲမယ်ပေါ့'' (ဆန် ၁-သိုက် နို့ဆီခွက်ဖြင့် ၄-ဗူး)
          ''ဒီဟာကြီးလက်မှာ စွပ်ထားတာ အလကားဖြစ်နေတာနဲ့စာရင် ဆန်၁၀-သိုက်ရတာနည်းလား ဆိုပြီး တော့ လက်စွပ်ကို လဲလိုက်ပြီ ဆိုပါတော့''
          ''ကဲ...ကိုခင်မောင်ဝင်း ဆန် ၁၀-သိုက်ကို ဘယ်လောက်စားရမှာလဲ''
          ''မိသားစု ၅-ယောက်ရှိရင် ၂-ရက်ကျော်ကျော်စားရင် ကုန်ပြီဆရာတော်''
          ''အေး..ဒီလိုဆိုတော့ ငါးသိန်းတန်လက်စွပ်ကို ဆန် ၁၀-သိုက်နဲ့လဲတာ တန်ရဲ့လား''
          ''မတန်ပါ ဆရာတော်''
          ''ဘာကြောင့် မတန်တာလဲ ဦးစံသာအောင်''
          ''လက်စွပ်က တန်ဘိုးကြီးပါရေ ဆရာတော်''
          ''အေး...ဒီလိုပဲပေါ့၊ အခု ဦးစံသာအောင်တို့ ဦးစံရွှေဘော်တို့ အဘိုးအဘွားတွေ လက်ထက်က လက် ခံ ထားတဲ့ ဗုဒ္ဓဘာသာဆိုတာဟာ အဖိုးတန်တဲ့ ရွှေလက်စွပ်နဲ့ တူတယ်။ တန်ဘိုးကြီးတယ်။ တန်ဘိုးကြီးတဲ့ ဗုဒ္ဓဘာသာ ဆိုတဲ့ ရွှေလက်စွပ်ကို ထိန်းသိမ်းထားနိုင်တဲ့ လူဟာလည်း တန်ဘိုးရှိတဲ့လူ ဖြစ်တယ်။
          ''ဒါကြောင့် တန်ဘိုးရှိတဲ့လူတစ်ယောက်ဖြစ်စေချင်ရင် ဗုဒ္ဓဘာသာဆိုတဲ့ အဘိုးအဘွားတွေရဲ့ အမွေ ရွှေလက်စွပ်ကို ထိန်းသိမ်းကြရမယ်။
          ''ဒီနေ့ဆရာတော် လာတယ်ဆိုတာဟာလည်း ဦးစံရွှေဘော် တို့မှာရှိတဲ့ ဗုဒ္ဓဘာသာဆိုတဲ့ လက်စွပ် ဟာ ရွှေဖြစ်တယ်။ အဘိုးထိုက်တန်တယ်ဆိုတာ သိရအောင် ကြေး(ဂျီး)တွေကိုလာ ဆေးပေးတာ။
          ''ကဲ...ဦးစံရွှေဘော် ရွှေလက်စွပ်မှန်းသိပြီလား''
          ''သိပါပြီ ဆရာတော်''
          ''ရွာသားအားလုံးကို ဆရာတော်မေးမယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ရွှေလက်စွပ်ကို ထိန်းသိမ်းကြမှာလား၊ ထိန်းသိမ်းပါ့မယ်လို့ကော ကတိပေးနိုင်မလား''
          ''ထိန်းသိမ်းပါ့မယ်လို့ ကတိပေးပါတယ် ဆရာတော်''
          တညီတညွတ်တည်း ထွက်ပေါ်လာသော ရွာသားများ၏ ၀န်ခံကတိပြုသောအသံသည် အမှောင်ထု ကို ပိုမိုလှုပ်ရှားသက်ဝင်သွားစေ၏။ ထိုလှုပ်ရှားသက်ဝင်မှုအောက်တွင် သူ၏ ပူပင်သောကများပျော်ဝင်စီး ဆင်းသွားခဲ့ရ ပြီ။
          ထို့အတူ ညောင်ချောင်းရွာသားတို့၏ နှလုံးသားထဲ မြတ်ဗုဒ္ဓရောင်ခြည်တို့သည် နှစ်ပေါင်းကြာရှည်စွာ တောများ ချောင်းများနှင့်အတူ စီးမြဲစီးဆင်းနေမည်ဟုလည်း သူယုံကြည်နေမိပါတော့သည်။
                                                                                         အရှင်ဓမ္မိက(လောင်းလုံ)
 ဓမ္မရတနာဓမ္မမဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်ပါသည်။   စာရေးသူရဲ့တောင်တန်းသာသနာပြုခရီး ညောင်ချောင်း ရွာက အမှတ်တရတစ်ခုပါ..။
Saturday, September 10, 2011
ကံ အကြောင်း တစေ့တစောင်း
      ကံအကြောင်းကိုတွေးမိတိုင်း ကံရဲ့အကျိုးးပေးပုံတွေကို အမေးခံရတိုင်း ပုံပြင်လေးတစ်ပုဒ်ကို သတိ တရ ပြောဖြစ်တယ်။
    ပုံပြင်လို့ဆိုတာထက် ပုံဝတ္ထုသာဓကလို့ ဆိုရင် ပိုပြီးတော့ မှန်လိမ့်မယ်ထင်တယ်။ သာဓကပုံဝတ္ထုလေး တွေဟာ မှတ်သားရလွယ်ကူပြီး ဆိုလိုချက် သင်္ခန်းစာတွေလေးတွေကိုလည်း ထုတ်ယူနိုင်ရင်ထုတ်ယူနိုင် သ လောက် အကျိုးကျေးဇူးတွေကလည်း များပါတယ်။
     တစ်ခါက ရင်းနှီးတဲ့ တကာတစ်ယောက် မိမိနေတဲ့ကျောင်းဆောင်ကို လာရင်း စကားစပ်မိတာနဲ့ တကာ က-
   “ ဦးဇင်း တပည့်တော်တို့က လူလောကမှာ ကျင်လည်နေရတော့  လူတွေရဲ့အကြောင်းပိုပြီးသိရပါသတဲ့ တပည့်တော် မြင်နေရ သိနေရတဲ့ လူမှုပတ်ဝန်းကျင်တွေထဲမှာ တစ်ချို့က ကောင်းတာလုပ်ပြီး ကောင်းကျိုး တွေမရတဲ့အပြင် ဒုက္ခတွေတသီကြီးဝင်လာရတာတွေ တစ်ချို့က မကောင်းတာတွေလုပ်ပြီးကြီး ပွားချမ်းသာ နေကြတာတွေကို မြင်ရတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ “ကောင်းမှုကုသိုလ်ပြုလုပ်လေ့ရှိသောသူသည် ကောင်း သောအကျိုးကိုခံစားရ၏။ မကောင်းမှုအကုသိုလ်ကိုပြုလေ့ရှိသောသူသည်မကောင်းမှုအကုသိုလ်၏ အကျိုးကို ခံစားရ၏။ ” ဆိုတဲ့ စကားကိုနားမလည် ဖြစ်ရပါသတဲ့  သူတွေမြင်နေရတဲ့ ပတ်ဝန်းကျင်ကို သာဓ က ပြုပြီးပြောလာပါတယ်။
     တကာပြောပြီးတာနဲ့ မိမိရဲ့ဦးနှောက်ထဲကို အဦးဆုံးဝင်ရောက်တာက မှတ်သား ဖူးခဲ့တဲ့ ပုံဝတ္ထု လေးတစ် ခုပါ။   ဒီ ပုံဝတ္ထုလေးကိုပဲ တကာကို အရင်ပြောမိတယ်။ 
     “ တခါက အရက်သမားတစ်ယောက်ရှိတယ်တဲ့ အရက်သမားဆိုတဲ့အတိုင်း သူ့ရဲ့အဖော်မွန် ဆို တာဟာ အရက်ပါပဲ့တဲ့ ၊ အရက်သမားဆိုပေမဲ့ သူ့မှာအတတ်ပညာတစ်ရှိတယ်။ သူဟာခဲ တစ် လုံး ကို ကောင်းကင် ထက်ကို ပျောက်ကွယ်သွားတဲ့အထိ တော်တော်မြင့်မြင့် ရောက်အောင်ပစ်နိုင်တာ။
      တနေ့မှာတော့ အရက်မူးပြီး ကောင်းကင်ထက်ကိုခဲတစ်လုံး ပစ်တင်လိုကပြီး။ မူးမူးနဲ့ လမ်းဆက် လျောက်လာရင်းက ဆွမ်းခံကြွလာတဲ့ ရဟန်းတော်တပါးနဲ့တွေ့တယ်။ ဒီအခါ အရက်သမား က စဉ်း စား တယ် “ သူများတွေမှာတော့ သာသနာဘောင်ဝင်ပြီးရဟန်းပြုလို့..၊ ငါ့မှာတော့ အကုသိုလ်တွေ များ လိုက် တာ ..၊ ဒီအတိုင်းနေလို့ကတော့ မဖြစ်သေးပါဘူး ကုသိုလ်ရအောင်လုပ်အုံးမှာပဲ ဆိုပြီး ရဟန်းကို သုံးကြိမ်ဦး ချ ကန်တော့လိုက်တယ်။
      အဲဒီအချိန်မှာပဲ သူစောစောက သူပစ်တင်လိုက်တဲ့ ခဲဟာသူ့ခေါင်းပေါ်ကို တည့်တည့်ကျလာတော့ တာပဲ။ အဲင်္ဒီ အခါမှာ အရက်သမားက အရမ်းစိတ်ဆိုးသွားပြီး -
     “ ကြည့်စမ်း ဒီလောကကြီးကရိုင်းလိုက်တာ ပြောင်းပြန်ကြီး မူးရစ်ယမ်းကားပြီး အကုသိုလ်တွေ လုပ်နေ တုန်းကတော့ ငါ့ကို ဘယ်သူမှ မစော်ကားရဲဘူး၊ ဒီင်္လောက်နာကျင်တဲ့ ဝေဒနာလည်းမခံစား ရဖူးဘူး၊ အခု ကု သိုလ်ကောင်းမှုလည်းလုပ်ရော နာလိုက်တာ ထိပ်ပါပေါက်သွားတယ်။ ဟောဒီလော ကကြီးဟာ ပြောင်း ပြန် ကြီး၊ အကုသိုလ်လုပ်ရင် ကုသိုလ်ဖြစ်တယ်။ ကုသိုလ်လုပ်တော့ အကုသိုလ်ဖြစ် တယ်” ဆိုပြီးကြွေး ကြော် တယ်။
     အဲဒီအခါ ရဟန်းတော်ကလဲ ခဏစဉ်းစားပြီး အခုလိုပြောလိုက်တယ်။
    “ ခဲလုံးဟာ အလွန်မြင့်တဲ့ အရပ်က ကျလာတာတွေရတယ် ဒကာ..။ ဒီနားတစ်ဝိုက်မှာ ခဲလုံးကို တော် တော်အမြင့်ရောက်အောင် ဘယ်သူပစ်နိုင်သလဲ” လို့မေးလိုက်တဲ့ အခါကျတော့ အရက် သမား က  “ ဒီနား တစ်ဝိုက်မှာတော့ ခဲလုံးကိုမြင့်မြင့်ပစ်နိုင်တာဆိုလို့ တပည်တော်တစ်ယောက် တည်းပဲရှိပါ တယ်ရှိပါတယ် ဘု ရား ” လို့ပြန်လျှေက်လိုက်တယ်။
     ရဟန်းက “ ဒါဆိုရင် ကျလာတဲ့ ခဲလုံးဟာ ဘယ်သူ့ခဲလုံးလဲ” လို့ဆက်မေးတယ်။
     အရက်သမားက “ တပည့်တော်ပစ်တင်လိုက်တဲ့ခဲလုံးပါ” လို့ဝန်ခံတယ်။
     ဒီအခါ ရဟန်းကဆက်ပြီး “ အေး..အဲဒါပါပဲ ဒကာ၊ အရင်ကပြုခဲ့ဖူးတဲ့ အကုသိုလ်ကံဟာ အခုအ ကျိုးပေး လိုက်တာပါပဲ..။ အခုပြုနေတဲ့ ကုသိုလ်ကံက အကုသိုလ်အကျိုးပေးတာမဟုတ်ဘူး..။
     “ ဒါပေမဲ့ အကုသိုလ်ဟာ အကုသိုလ်ပြုနေတဲ့အချိန်မှာ အကျိုးမပေးဘဲ ကုသိုလ်ပြုတဲ့အချိန်ကျမှ လာ အကျိုးပေးတာကတော့  ဒကာအတွက် ကံဆိုးရုံတင်မကဘူး ဥာဏ်ပါဆိုးသွားစေတယ်။ အဲဒါ ကုသိုလ်ပြုလို့ အကုသိုလ်အကျိုးပေးတာမဟုတ်ဘူး။ အရင်က အကုသိုလ်ပြုခဲ့လို့ အခုအကုသိုလ်အကျိုး ပဲ လာပေးတာ။ လတ်တလောဖြစ်စဉ်တစ်ခုကို သေသေချာချာ မစဉ်းစား မတွေးခေါ်တတ်ရင်တော့ကု သိုလ်ကောင်းမှု လုပ် ပါရက်နဲ့ မကောင်းတဲ့ရလာဘ်တွေ အကုသိုလ်တွေ ဖြစ်တယ်လို့ အထင်လွဲ မှားစ ရာရှိတယ်..။ လောက ကြီး ဟာ ပြောင်းပြန်မဟုတ်ဘူး အတည့်အတိုင်းပါပဲ။ လူတွေရဲ့အတွေး အမြင် တွေကသာ ဖောက်ပြန် နေကြတာ ပါ ” လို့ပြောဆိုဆုံးမပြီး ရဟန်းတော်ဟာ ဆွမ်းခံလမ်းအတိုင်း ဆက် ကြွသွားပါတော့တယ်။
          ဒီသာဓက ပုံဝတ္ထုကိုကြည့်ပြီးပြောရရင် တကာကြီးရဲ့ ပတ်ဝန်းကျင်မှာမြင်တွေ့နေတဲ့ ပုဂ္ဂိုလ်တွေထဲ မှာ ကောင်းတာလုပ်ပြီးကောင်ကျိုးတွေ မရတဲ့အပြင် ဒုက္ခတွေတသီကြီးဝင်လာရတာတွေဟာအရင်ကပြုခဲ့တဲ့ အကုသိုလ်ကံတွေက အကျိုးပေးခွင့်ရနေပြီး အခုပြုလုပ်တဲ့ ကုသိုလ်ကံက အ ကျိုးပေးခွင့်မရသေး သလိုဖြစ် နေတတ်ပါတယ်။ နောက်ပြီး ကံ, ဥာဏ်, ၀ိရိယ ဆိုတဲ့ အထဲ ခွဲခြားဝေဘန်တတ်တဲ့ ဥာဏ်ချို့တဲ့မှုေဲကြာင့် လည်းဖြစ်နိုင်ပါတယ်။ တစ်ချို့က မကောင်းတာတွေလုပ်ပြီးကြီး ပွားချမ်းသာနေတာ တွေဟာလည်း ခုနက ပြောသလို အရင်ကပြုခဲ့တဲ့ ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရနေပြီး အခုပြုလုပ်တဲ့ အကုသိုလ်ကံက အကျိုး ပေးခွင့်မရသေးသလိုဖြစ်နေတတ်ပါတယ်။
    သက်ရှိသတ္တ၀ါမှန်သမျှ ကံနဲ့ကင်းကြတာမဟုတ်ဘူး။ ကံနှင့်မကင်းသလိုပဲ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ဆို တဲ့ အချိန် ကာလသုံးရပ်နဲ့လည်းမကင်းနိုင်ကြဘူး။ တစ်ဦးတစ်ယောက်တည်းပြုလုပ်တဲ့ ကံတွေမှာကိုပဲ ကောင်း, ဆိုး နှစ်မျိုးရောပြီး ဒွန်တွဲပြီးပါဝင်နေလေတော့။ ဒီကံတွေရဲ့ အကျိုး ပေးပုံကိုလည်း ဖော်ပြဖို့ မ လွယ်ကူဘူး။ ရင့်ကျက်ပြီး အင်အားရှိတဲ့ ကံတွေ ကစောစောအကျိုး ပေးခွင့်ရတယ်ဆိုတာ မှန်ပေမဲ့လဲ အတိ အကျပြောဖို့ မလွယ်။   ကံ တွေကလဲအများကြီးရှိတော့ ဒီအထဲ တကာကြီးကို ကာလသုံးပါးနဲ့ ပိုင်းခြား သတ်မှတ် တဲ့ ကံတစ်ဆယ့်နှစ်မျိုးကိုပဲပြောပြမယ်။ ဒီကံ ၁၂-မျိုးက ပဋိသမ္ဘိဒါမဂ်ပါဠိမှာလာတဲ့ ကံတွေပါ။
      “အချိန်ရသေးတယ်မဟုတ်လား“
      “ ရပါတယ်ဘုရား ”
      တကာကြီးက ရပါတယ်ဆိုမှ မိမိလည်းစာအုပ်စင်ထဲမှ စာအုပ်တစ်အုပ်ကိုဆွဲယူလိုက်သည်။ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် ကျောင်းတက်ခဲ့ စဉ်က B.A (Buddhism) ဘွဲ့အတွက် ရေးခဲ့ ရ တဲ့“ သမန္တစက္ခုဒီပနီကျမ်း (ဒုတိယတွဲ) လေ့လာခြင်း ” စာတမ်းဖြစ်သည်။
        ကံ ၁၂ ပါး က -
      အတိတ်ကာလနဲ့စပ်တဲ့   ကံ ၆-ပါး
      ပစ္စုပ္ပန်ကာလနဲ့စပ်တဲ့    ကံ ၄-ပါး
      အနာဂတ်ကာလနဲ့စပ်တဲ့  ကံ ၂-ပါး   စုစုပေါင်း ၁၂ ပါးပေါ့။
      အတိတ်ကာလနဲ့စပ်တဲ့   ကံ ၆-ပါး ဆိုတာက
 ၁။ အတိတ်ဘ၀ကပြုခဲ့ပြီး အတိတ်မှာပဲ့ အကျိုးပေးတဲ့ ကံ။
၂။ အတိတ်ဘ၀ကပြုခဲ့ပြီး အတိတ်ဘ၀မှာ အကျိုးမပေးတဲ့ ကံ။
၃။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ကံဟာ အတိတ်ဘ၀မှာ အကျိုးမပေးဘဲ ပစ္စုပ္ပန်ဘ၀မှာ လာအကျိုးပေးတဲ့ 
     ကံ။
၎။ အတိတ်ကပြုခဲ့တဲ့ ကံဟာ အတိတ်မှာရော ပစ္စုပ္ပန်မှာပါအကျိုးပေးခွင့်မရဘဲ ''အဟောသိကံ'' ဖြစ်သွားတဲ့ 
     ကံ။
    တကာကြီး နားလည်အောင်ပြောရမယ်ဆိုရင် ''အဟောသိကံ''ဆိုတာ ဒီဘ၀မှာ ရဟန္တာဖြစ်သွားလို့ နိဗ္ဗာ န်ကိုရောက်သွားလို့  ကံကတော့ ဖြစ်ခဲ့တယ် ကံ၏အကျိုးကတော့ မရှိတော့ဘူး “ ဒေ၀ါလီ” ခံသွား တယ်လို့ ပြောရမလားပဲ။
၅။ အတိတ်ကပြုလုပ်ခဲ့တဲ့ ကံဟာ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အကျိုးမပေးဘဲ အနာဂတ်ဘ၀မှာ လာပြီး အ
    ကျိုးပေးတဲ့ ကံ။
၆။ အတိတ်ဘ၀ကပြုလုပ်ခဲ့ပြီး လာမယ့်ဘ၀၌ အကျိုးမပေးတဲ့ ကံ။
    ဆိုလိုတာက အတိတ်ကပြုလုပ် ခဲ့တဲ့ကံဟာ ကာလကျော်လွန်ပြီး၊ အနာဂတ်ဘ၀မှာ အကျိုးးမပေးမီ ပရိ နိဗ္ဗာန်ပြုမှာ ဖြစ်လို့ မို့ဖြစ်သွားတဲ့ကံ။
    အခုပြောခဲ့တဲ့ ကံ ၆-မျိုးမှာ အတိတ်မှာပြုလုပ်ခဲ့သောကံဟာ အတိတ်ကာလမှာ အကျိုးပေးမှု၊ မပေးမှု အနေနဲ့ နှစ်မျိုး။ ပစ္စုပ္ပန်ကာလမှာ အကျိုးပေးမှု၊ မပေးမှု အနေနဲ့ နှစ်မျိုး၊ အနာဂတ် ကာလမှာ အကျိုးပေးမှု၊ မပေး မှု အနေနဲ့ နှစ်မျိုး ပါဝင်နေတာတွေ့ရမယ်။
        ပစ္စုပ္ပန်ကာလနဲ့စပ်တဲ့    ကံ ၄-ပါး ဆိုတာက -
 ၁။ ပစ္စုပ္ပန်ဘ၀မှာပြုလုပ်ပြီး ပစ္စုပ္ပန်ဘ၀မှာပဲ အကျိုးပေးတဲ့ ကံ။
 ၂။  ပစ္စုပ္ပန်ဘ၀မှာပြု လုပ်ပြီး ပစ္စုပ္ပန်ဘ၀မှာ အကျိုးမပေးတဲ့ ကံ။
၃။  ပစ္စုပ္ပန်ဘ၀မှာပြုလုပ်ပြီး အနာဂတ်ဘ၀မှာအကျိုးပေးမယ့် ကံ။
၎။  ပစ္စုပ္ပန်ဘ၀မှာပြုလုပ်ပြီး လာမယ့်ဘ၀မှာ အကျိုးမပေးတဲ့ ကံ။
         အခုပြောခဲ့တဲ့ ကံ ၄-မျိုးမှာ ပစ္စုပ္ပန်မှာ ပြုလုပ်ခဲ့တဲ့ကံဟာ ပစ္စုပ္ပန်မှာ အကျိုးပေးမှု ၊ မပေးမှု အနေနဲ့ နှစ် မျိုး။ အနာဂတ်၌ အကျိုးပေးမှု၊ မပေးမှု အနေနဲ့ နှစ်မျိုး ပါဝင်နေတာတွေ့ရမယ်။
     အနာဂတ်ကာလနဲ့စပ်တဲ့  ကံ ၂-ပါး  ဆိုတာက-
၁။ အနာဂတ်ဘ၀မှာပြုလုပ်ပြီး အနာဂတ်ဘ၀နှာ အကျိုးးပေးတဲ့ ကံ။
၂။ အနာဂတ်ဘ၀မှာပြုလုပ်ပြီး အနာဂတ်ဘ၀နှာ အကျိုးးမပေးတဲ့ ကံ။
   ဆိုလိုတာက အနာဂတ်ဘ၀မှာပြုလုပ်မည်ဖြစ်တဲ့ကံဟာအကျိုးပေးနိုင်တဲ့ ကာလလွန်သွားမှု ပရိနိဗ္ဗာန်ပြုမှု တွေကြောင့် အကျိုးပေးခွင့်မရ ဖြစ်ခဲ့တယ်။
  အခုပြောခဲ့တဲ့ ကံ ၂-မျိုးမှာ အနာဂတ်မှာဖြစ်မယ့်ကံဟာအကျိုးပေး မှု အကျိုးမပေးမှု အနေနဲ့ နှစ်မျိုးပါဝင် ပါ တယ်။
    ဒီကံတွေအကြောင်းကို နောက်ထပ် ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့ နာရဒဇာတ်တော်မှာလာတဲ့ အင်္ဂတိမင်း ကြီးနဲ့ သမီးတော် ရုစာဒေ၀ီအကြောင်း သိရရင်တော့ပိုပြီး ရှင်းလင်းသွားလိမ့်မယ်။
                                           နာရဒဇာတ်
          တစ်နေ့မှာတော့  မင်းကြီးဟာ စိတ်ပျော်ရွှင်နိုင်တဲ့ နည်းလမ်းတွေကို အလာတစစ်သူကြီး၊ သုနာမ အ မတ်ကြီး နဲ့ ၀ိဇယအမတ်ကြီး တွေကို မေးတယ်။ ၀ိဇယအမတ်ကြီးရဲ့ ပေးတဲ့အကြံဥာဏ်ကြောင့် မင်းကြီးနဲ့ အမတ်တွေဟာ ကဿပတက္ကတွန်းထံ ချဉ်းကပ်မိကြတယ်။
        ကဿပတက္ကတွန်းရဲ့ အယူ အဆများတွေဖြစ်တဲ့ ''တရားကျင့် သောသူအား ကောင်းကျိုးမရှိ၊ မ ကောင်းကျိုးလည်းမရှိ၊ နောက်ဘ၀ဆိုတာမရှိ ၊ သံသရာဆိုတာမရှိ၊ ဒါနပြုရန်မလို၊ သီလ ဆောက် တည် ရန် မလို၊ လက်ရှိ ဘ၀မှာပဲ မကြောင့်မကြ ပျော်ရွှင်စွာ နေထိုင်ရန်လိုအပ်သည်'' စတဲ့ နတ္ထိက ၀ါဒရှိ သည့် စကား တွေကို ကြားကြရတယ်။
        ကဿပတက္ကတွန်းရဲ့ စကားကိုကြားရတဲ့အခါ မင်းကြီးနဲ့ ပါလာတဲ့ အလာတစစ်သူကြီး က သူဟာ ရှေးဘ၀က ဗာရာဏသီပြည်မှာ ပိင်္ဂလဆိုတဲ့နာမည်နဲ့  နွားသတ်သမားဖြစ်ပြီးတော့ ကျွဲ, နွား, ၀က်, ဆိတ် တွေ ကိုသတ်ပြီး မကောင်းမှုတွေအမြောက်အများကို ပြုခဲ့တဲ့အကြောင်း၊ ဒီ နွားသတ်ယောကျာ်းဘ၀မှ သေ လွန်ပြီး တော့ မိထိလာပြည် စစ်သူကြီး မျိုးရိုးမှာ အခု အလာတစစ်သူကြီးတစ်ယောက်အနေနဲ့ ဖြစ်လာတဲ့ အ ကြောင်း ပြောဆိုတယ်။ ဒီလိုဖြစ်တဲ့အတွက် မကောင်းမှုဆိုတာ အကျိုးမရှိပါ။ အမှန်တကယ် အကျိုးရှိတယ် ဆိုရင် အခုအချိန် မှာသူဟာ ငရဲကိုကျရောက်နေရမယ် စစ်သူကြီးဖြစ်စရာ အကြောင်းမရှိ ။ဒီလိုပြောဆိုပြီး တော့ ကဿပတက္က တွန်းရဲ့စကားကို ထောက်ခံပြောဆိုတယ်။
          အလာတစစ်သူကြီး၏ အတိတ်အကြောင်း အမှန်က ဒီလိုပါ။   အလာတစစ်သူကြီးဟာ ကဿပဘု ရားရှင် လက်ထက်တော်က မြတ်စွာဘုရားရှင်ရဲ့ စေတီတော်ကို အနေဇာပန်းကုံးတွေနဲ့ ပူဇော်ခဲ့ ဖူးတယ်။ ဒီလို ပူဇော်ခဲ့တဲ့ ကုသိုလ်ကံဟာ ဖုံးလွှမ်းနေခဲ့တယ်။ ဒါပေမဲ့ သံသရာထဲမှာလိုက်လာပြီးတော့ နွားတွေကို သတ်ဖြတ်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။ အဲဒီ နွားသတ်သမားဘ၀က နေကွယ်လွန်ပြီးတော့မှ ကဿပ မြတ်စွာ ဘုရားရဲ့ စေတီတော်ကို ပူဇော်ခဲ့ဖူးတဲ့ ကုသိုလ်ကံသည် ဘ၀ခြားပြီး လာအကျိုးပေးခွင့်ရလာခဲ့ တာ ။ ဒီ ကုသိုလ်ကံတွေကြောင့် စစ်သူကြီးမျိုးရိုးမှာလာပြီး အလာတစစ်သူကြီး လာဖြစ်တာ။
          ကဿပတက္ကတွန်းနဲ့ အလာတစစ်သူကြီးတို့ရဲ့စကားကို ကြားရတဲ့ ဗီဇကကျွန် ဟာ ရှိုက်ကြီးတငင် ငိုကျွေးတယ်။ မင်းကြီးက“ဘာကြောင့်ငိုတာလဲလို့” မေးမြန်းတော့-
          ဗီဇကကျွန်က ''သူဟာ ရှေးဘ၀က သာကေတပြည်မှာသီတင်းသီလစောင့်ထိန်းတဲ့ ဘာဝ ဆိုတဲ့ သူ ဌေးကြီး ဖြစ်ခဲ့တဲ့အကြောင်း၊ ကောင်းမှုကုသိုလ်တွေကိုပဲ ပြုလုပ်ခဲ့ပြီးတော့ အကုသိုလ်ဖြစ်စေမယ့် မကောင်း မှုမှန်သမျှ မပြုလုပ်ခဲ့ကြောင်း၊ ဒါပေမဲ့လည်း ဘာဝသူဌေးဘ၀က ကွယ်လွန်ပြီးတော့ မိထိလာပြည်မှာ အိုး ထိန်းသည် ကျွန်မရဲ့သား လာဖြစ်ပြီး အခု ဆင်းဆင်းရဲရဲနဲ့ နေရတယ်” ဆိုပြီးပြောတယ်။
          ဗီဇကကျွန်ရဲ့ အတိတ်အကြောင်း အမှန်ကလဲ ဒီလိုပါ။   ဗီဇကဟာ ကဿပဘု ရားရှင် လက်ထက် မှာပဲ မထင်မရှားနဲ့ အမျိုးသားတစ်ယောက်လာဖြစ်တယ်။ သူမှာနွားတွေလည်း ရှိတယ်။ တနေ့သူ့နွား ပျောက် တာနဲ့ တောထဲမှာ နွားကိုလိုက်ရှာနေတဲ့ အချိန်မှာပဲ တောထဲမှာ မျက်စိလည် လမ်းမှားနေတဲ့ ရဟန်းတော် တစ်ပါးကို တွေ့ရတယ်။ ရဟန်းက လမ်းမှန်ကို မေးတော့ နွားးပျောက်ရှာတဲ့ယောကျာ်းဟာ နွားကိုရှာ မ တွေ့ စိတ်ကလဲ ပင်ပင်ပန်းပန်းရှိတာနဲ့ စကားမပြော ပဲနေတယ်။ ရဟန်းကလည်း နောက်ထပ်မေးတယ်။ နွား ပျောက် ယောကျာ်းဟာ ဒီတော့ ဒေါသထွက်ပြီး ''သင်ဟာ ကျွန်မသားရဟန်းလော၊ အလွန် နှုတ်ကြမ်း တယ်” ဆိုပြီး ကျွန်မ သားဆိုတဲ့ ၀စီကံနဲ့ ပြစ်မှား ခဲ့ဖူးတယ်။ ဒီ မကောင်းမှုကံဟာ အကျိုးမပေးသေးဘဲ မီးခဲပြာဖုံး ဘ၀နဲ့ နေပြီး။ အခြား အကျိုးပေးခွင့်ရတဲ့ကံက နွားပျောက်ယောကျာ်းဘ၀မက ကွယ်လွန်တော့ သာကေ  မြို့မှာ ဘာဝ သူ ဋ္ဌေးကြီးဖြစ်ခဲ့တယ်။
          ထိုသူဌေးကြီးဟာ ကုသိုလ်ကောင်းမှု တွေအမြောက်အများပြုတယ်။ ဒီဘာဝသူဌေးကြီးဘ၀က ကွယ် လွန်တော့ ဘာဝသူဌေးကြီးဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေဟာ အကျိုးးမပေးသေးဘဲ ကဿပ ဘုရား ရှင်လက်ထက် နွားပျောက်ယောကျာ်းဘ၀က ရဟန်းတစ်ပါးကို ပြစ်မှားခဲ့တဲ့ ၀စီကံ မကောင်းမှုက အခုမှ လာပြီးအကျိုးးပေးတာ။ ဒီတော့အိုးထိန်းသည် ကျွန်မရဲ့သား ဗီဇကကျွန်အဖြစ်နဲ့လာဖြစ်တော့တာ။ ဒီလိုဖြစ် တာ ကို ဗီဇကက သူဘာဝသူဌေးဘ၀က ပြုခဲ့တဲ့ ကု သိုလ်ကောင်းမှုတွေကြောင့် ကျွန်ဖြစ်ရတယ်ဆိုပြီး ထင် ပြီး တော့ ကောင်းမှု၏ အကျိုးဆိုတာမရှိ လို့ဆိုတဲ့ ကဿပတက္ကတွန်းရဲ့ယူဆချက်ကိုထောက်ခံတာ။
          အင်္ဂတိမင်းကြီး ဟာ ကဿပတက္ကတွန်းရဲ့ အယူ၊ အလာတစစ်သူကြီးရဲ့ထောက်ခံချက်၊ ဗီဇကကျွန် ရဲ့ ထောက်ခံချက်တွေကြောင့် အယူမှားသွားတယ်။
         ဒါနဆိုတာ အကြွေးဆပ်ခြင်း တစ်မျိုး၊ သီလဆိုတာ အငတ်ခံခြင်း တစ်မျိုးဆိုပြီးအလှူမဏ္ဍပ်တွေကို ဖျက်ခိုင်းတယ်။
          ဒီနေရာမှာ တကာကိုပြောလိုတာက အယူအဆတစ်ခု မှားယွင်းသွားပြီဆိုရင် သိပ်ကြောက် စရာ ကောင်း တာ ဒီမှားယွင်းတဲ့အယူအဆတွေကြောင့်ပဲ လူမှုအဖွဲ့အစည်းတွေ လူမှုပတ်ဝန်းတွေက ပြောင်း က ပြန် တွေ ဖြစ် ကုန်ကျတော့တာ။ မှားယွင်းတဲ့ အယူဆ အဓမ္မ၀ါဒတွေကြောင့် လူ့လောကကြီးဟာလဲ ငြိမ်းချမ်း မှုမရနိုင် တော့ ဘူး။
        အင်္ဂတိမင်းကြီးမှာ ရုစာဒေ၀ီလို့ခေါ်တဲ့  သမီးတော်တစ်ပါး ရှိတယ်။ အင်္ဂတိမင်းကြီးရဲ့ သမီး တော် ဟာ အ ကျင့်သီလပြည့်စုံတယ်။ ဒါနပြုရာမှာလည်း မရောင့်ရဲနိုင်ဘူး။ မင်းကြီးဟာ သမီးတော် လှူဒါန်းနိုင်ရန်အ တွက်ဆိုပြီး တစ်ပတ်မှာတစ်ကြိမ် ငွေအသပြာတစ်ထောင်ပေးတယ်။
     ရုစာဒေ၀ီမင်းသမီးရဲ့ စိတ်ထဲမှာ အယူလွဲမှားနေတဲ့ သူ့ရဲ့ ခမည်းတော် မင်းကြီးကို လမ်းမှန်ရောက် အောင် ဘယ်လိုလုပ်ရမလဲဆိုပြီးတော့သာ အမြဲတွေးတောကြံစည်နေတာ။  တစ်ပတ်ပြည့်သောအခါ, ခါတိုင်းလိုပဲ ရုစာ ဒေ၀ီဟာ ခမည်းတော် မင်းကြီးထံ အသပြာတစ်ထောင်ယူရန် သွားခဲ့ တယ်။
     အင်္ဂတိမင်းကြီးဟာ သမီးတော် တောင်းတဲ့ အသပြာငွေတစ်ထောင်ကို အလွယ်တကူ ထုတ်မပေးသေးဘဲ ကဿပတက္ကတွန်းရဲ့ အယူဝါဒအတိုင်း လှုဒါန်းခြင်းဟာ အကျိုးမဲ့ဖြုန်းတီးပစ်တာဖြစ်ကြောင်း၊ သီလ စောင့် ခြင်း ဟာလည်း အစာငတ် ဆင်းရဲခံတာပဲ ဖြစ်ကြောင်း၊ တမလွန်လောက ဆိုတာဟာ မရှိတဲ့အကြောင်း ပြော ဆိုနေပါတော့တယ်။
          ခမည်းတော်မင်းကြီးရဲ့ စကားကိုကြားရတဲ့အခါ ရုစာဒေ၀ီဟာ  ခမည်းတော်မင်းကြီးကိုပြောတယ် '' ခမည်းတော် လှေပေါ်မှာတင်တဲ့ဝန်ဟာ အနည်းငယ်ဆိုရင် မသိသာပေမဲ့ တဖြည်းဖြည်း ခဏ ခဏတင်ပါ များရင်  လှေဟာ ၀န်ပိပြီး သမုဒ္ဒရာမှာ နစ်မြုပ်သလိုပဲ လူမိုက်တွေလည်း  မကောင်းမှုအနည်းငယ်ကို အ ကြောင်း ပြုပြီး တော့ မကောင်း မှုတွေ တစ်စတစ်စ များလာမယ်ဆိုရင် ငရဲမှာနစ်တတ်ပါတယ်'' စတဲ့ ဥပမာ ဥပမေယျ အမျိုးမျိုးပြပြီး တရား ဟောပါတော့တယ်။
          ရုစာဒေ၀ီဟာ လွန်ခဲ့တဲ့ ခုနစ်ဘ၀၊ နောက်လာမယ့် ခုနစ်ဘ၀တွေကိုမြင်တယ်။ ဒီဘ၀တွေကို မင်းကြီးအား ပြောပြတယ်။
                       ရုစာဒေ၀ီမင်းသမီးရဲ့ ရှေးအတိတ် ၇-ဘ၀ကတော့
          ၁။ ရာဇဂြိုဟ်ပြည်မှာ ရွှေပန်းထိမ်သည်ရဲ့သားဖြစ်တယ်။ အဲဒီဘ၀မှာ မကောင်းတဲ့ မိတ်ဆွေသူငယ် ချင်းတွေနဲ့ ပေါင်းပြီးသူများရဲ့သားမယားတွေကို ကျုးလွန်ပြစ်မှားစော်ကားတဲ့ ( ကာမေသုမိစ္ဆာစာရ ) အကျင့် တွေကိုကျင့်တယ်။
          ၂။ ဒီ ပန်းထိမ်သည်ဘ၀ကနေ ကွယ်လွန်တော့ ဒီ မကောင်းမှုဟာ အကျိုးမပေးသေးဘဲ ၀ံသတိုင်း၊ ကောသမ္ဗီပြည်မှာ ချမ်းသာတဲ့ သူဌေးသားသွားဖြစ်တယ်။ မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ပေါင်း မိပြီး တော့ ကုသိုလ်ကောင်းမှုအမြောက်များ ပြုဖြစ်တယ်။
          ၃။ ဒီ သူဌေးသားဘ၀မကနေ ကွယ်လွန်တော့ သူဌေးသားဘ၀က ပြုလုပ်ခဲ့သော ကုသိုလ်ကောင်း မှုဟာ အကျိုးမပေးသေးဘဲ ရွှေပန်းထိမ်သည်ဘ၀က ပြုခဲ့တဲ့ မကောင်းမှုက အကျိုးပေးခွင့်ရပြီး ရောရုဝ ငရဲ မှာကြာမြင့်စွာခံရတယ်။
          ၄။ ဒီ ရောရုဝငရဲကနေ ကွယ်လွန်တော့ ဘိန္နာဂတပြည်မှာ ဝှေးစေ့ထုတ်ခံရတဲ့ ဆိတ်ဖြစ်ပြန်တယ်။ ဒီလိုဝှေးစေ့ထုတ်ခံရတ်ာဆိုတာဟာ သူ့များမယားတွေကို ပြစ်မှားခဲ့တဲ့ မကောင်းမှုရဲ့ အကျိုး တွေပါပဲ့။
          ၅။ ဒီ ဆိတ်ဘ၀က ကွယ်လွန်တော့ တောထဲမှာ မျောက်သွားဖြစ်တယ်။ မိခင်မျောက်ဟာ သားက လေးကို ဖခင်မျောက်ဆီကိုခေါ်ပြီးသွားပြတယ်။  ဖခင်မျောက်က သူ့သားကိုကြမ်းကြမ်း တမ်းတမ်း ဖက် တော့သား ငယ်မျောက်အော်တော့တာပေါ့။ ဒီလိုအော်တော့ ဖခင်မျောက်က  သားမျောက်ရဲ့ဝှေးစေ့ကို ကိုက်ထုတ်ပစ် လိုက်တယ်။ ဒီလိုဖြစ်ရတာဟာလည်း ရွှေပန်းထိမ်သားဘ၀က သူ့များမယားကို ပြစ်မှားကျူး လွန်ခဲ့တဲ့ မကောင်း မှု၏ အကျိုးပါပဲ တဲ့။
          ၆။ အဲဒီ မျောက်ဘ၀ကကွယ်လွန်ပြန်တော့ ဒဿနတိုင်း၌ ဝှေးစေ့ထုတ်ခံရတဲ့ နွားသွားဖြစ်ပြန်တယ်။
          ၇။ ဒီနွားဘ၀က တော့ ၀ဇ္ဇိတိုင်းမှာ ရွာသူကြီးမျိုးရိုါ်ထဲမှာ လူသွားဖြစ်တယ်။ ဒါပေမဲ့ မိန်း မမဟုတ်၊ ယောကျာ်းမဟုတ် နပုံးပဏ္ဍုတ် ဖြစ်ခဲ့ရတယ်။ ဒီလိုဖြစ်ရတာဆိုတာကလည်း ရွှေပန်းထိမ်သားဘ၀ က သူ့များ မယားကို ပြစ်မှားကျူးလွန်ခဲ့တဲ့  မကောင်းမှု၏ မကောင်း မှု၏ အကျိုးပါပဲ တဲ့။
                                   ရုစာဒေ၀ီမင်းသမီးရဲ့ နောက် ၇-ဘ၀ကတော့
          ၁။ ဒီ မိန်း မမဟုတ်၊ ယောကျာ်းမဟုတ် နပုံးပဏ္ဍုတ် ဘ၀က ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်၊ နန္ဒ၀န်ဥယျာဉ်၌ သိကြားမင်းရဲ့အလုပ်အကျွေးနတ်သမီးဖြစ်လာတယ်။ ( ဒီနတ်သမီးဘ၀မှာ ရှေးခုနစ်ဘ၀၊ နောက် လာမည့် ခုနစ်ဘ၀တွေကို မြင်တယ်။)
          ၂။ အဲဒီ နတ်သမီးဘ၀က ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာပဲ နှစ်ကြိမ်မြောက် သိကြား မင်း ရဲ့အလုပ်အကျွေး နတ်သမီးဖြစ်ပြန် တယ်။
        ၃+၄။ အဲဒီ နတ်သမီးဘ၀က ကွယ်လွန်ပြန်တော့ တာဝတိံသာနတ်ပြညမှာပဲ  တတိယအကြိမ်၊ စတု တ္ထအကြိမ် သိကြားမင်းရဲ့အလုပ်အကျွေး နတ်သမီးဖြစ်ပြန်တယ်။
          ၅။ စတုတ္ထအကြိမ် နတ်သမီးဘ၀က ကွယ်လွန်ပြန်တော့ တာဝတိံသာနတ်ပြည်မှာပဲ ငါးကြိမ်မြောက် ဇ၀နနတ်သားရဲ့ မိဖုရားကြီး နတ်သမီးဖြစ်ရတယ်။
          ၆။ ဒီပဉ္စမဘ၀မှ ကွယ်လွန်ပြန်တော့ မိထိလာပြည်၊ အင်္ဂတိမင်းကြီး၏ သမီးတော် ရုစာဒေ၀ီ မင်းသ မီးဖြစ်လာတယ်။
          ၇။ ထိုရုစာဒေ၀ီ မင်းသမီးအဖြစ်မှ ကွယ်လွန်ရင် တာဝတိံသာနတ်ပြည်မှာ တန်ခိုးကြီးတဲ့နတ်သားဖြစ် မယ်ဆိုတာကိုမြင်တယ်။  ခုနစ်ကြိမ်မြောက်သောဘ၀ရောက်မှ မိန်းမအဖြစ်မှ လွတ်မယ်လို့မြင်တယ်။  
           အဲဒီလို ဘ၀တွေကို ခမည်းတော်မင်းကြီးကို ပြောပြတယ်။ ဒါပေမဲ့ ခမည်းတော်မင်းကြီးဟာ နောက် ဘ၀ဆိုတာကိုမယုံဘူး။ ဒီတော့ မှ ရုစာဒေ၀ီဟာ သူမနဲ့ ဖခင်တော်စပ်ခဲ့ဖူးတဲ့ နာရဒဗြဟ္မာကို ပင့်ဆောင် ရ တော့တယ်။      
       နာရဒဗြဟ္မာဟာ ရသေ့အသွင်နဲ့ ရောက်လာတယ်။ အရောင်အ၀ါတွေ တောက်ပနေတဲ့ နာရဒရသေ့ကို မင်းကြီးမြင်တော့ အံ့သြပေမဲ့ လေးစားမှုကိုတော့ မပြဘူး။
          မင်းကြီးက နာရဒရသေ့ကို “နောက်ဘ၀ရှိသလား ”  ဆိုပြီးမေးတယ်။
         “နောက်ဘ၀ဆိုတာရှိတယ် ”လို့ နာရဒရသေ့က ဖြေတယ်။ ဒီလိုဖြေတော့ အင်္ဂတိမင်းကြီးက ပြက်ရယ်ပြုပြီး-
       '' ဒီလိုဆိုရင် ငွေငါးရာကို ချေးပါ၊ နောက်ဘ၀ရောက်မှ တစ်ထောင်ပြန်ပေးမယ်” လို့ပြောတယ်။
          နာရဒရသေ့က ''မင်းကြီး သင်ဟာ လွဲမှားနေတဲ့အယူနဲ့  သေရင် ငရဲမှာကျရောက် ခံစား ရမယ် ဆို တာ မြေကြီးလက်ခတ် မလွဲပဲ။ ငရဲမှာခံနေရတဲ့ သင့်ထံမှာ ငွေတစ်ထောင်ကို ဘယ်သူလာတောင်းနိုင်ပါ့မလဲ'' ဒီလိုပြောပြီး မင်းကြီး၏ ယုံမှားသံသယများကို ဥပမာ၊ ဥပမေယျ တွေနဲ့ရှင်းပြတယ်။
          အင်္ဂတိမင်းကြီးဟာ သူ့ရဲ့မှားယွင်းမှုတွေက ကြီးနေတော့ သေရင် ငရဲရောက်မယ်လို့  နာရဒရသေ့ အဘိညာဉ်တန်ခိုးရှင်က အတိအကျ ပြောလာတော့ အရမ်းကြောက်သွားတယ်။
          နောက်ဆုံး မင်းကြီးဟာ အယူတွေမှန်ပြီး ဒါန စတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်ပြီးလုပ်ဆောင် တယ်။ သီလကိုလည်း ပြန်စောင့်ထိန်းတယ် ။ အလှူမဏ္ဍပ်တွေကိုလည်းပြန်ဆောက်လုပ်ပြီး နေ့စဉ်အလှူပေး တယ်။
          ဒီဝတ္ထုသာဓကတွေကို ကြည့်ရင် ချက်ချင်းအကျိုးပေးတဲ့ကံနဲ့ တစ်ဘ၀၊ နှစ်ဘ၀စတဲ့ ဘ၀ တွေခြားပြီး မှ အကျိုးပေးတဲ့ကံတွေ ကိုရှင်းရှင်းလင်းလင်း  သိမြင်လိမ့်မယ်လို့ ထင်တယ် တကာ လို့ သိသမျှပြောပြ လိုက် ပါ တယ်။ ဆရာကြီး ဦးညွန်မောင် ရေးတဲ့ ကံနှင့်သတ္တလောက စာအုပ် ၊ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ အခြေပြုပဌာန်း စာအုပ်နဲ့ အခြေပြုပဌာန်း တရား နာကြည့် ဖို့ပါတိုက်တွန်းလိုက် မိပါသေးတယ်။
         နောက်တော့ တကာလဲ မိမိကို ဦးချကန်တော့ပြီး ကျောင်းပေါ်မဗဆင်းသွားခဲ့တယ်။
          စာဝါသံချောင်းလဲ ခေါက်နေပြီ မို့ ၊မိမိလည်း ပထမကြီးတန်းအတွက် အဘိဓာန် အလင်္ကာ စာဝါပို့ချဖို့ အတွက် စာသင်ဆောင်ဆီ ဦးတည်ထွက်လာခဲ့တယ်။ ဒီနေ့ အကြောင်းလေးတွေကို စာသင်သားတွေကို ကြုံ ရင်တော့ ပြောပြရအုံးမှာပေါ့။
              တကာ ကိုအေးမင်း(ပဲခူး) အတွက် အမှတ်တရ
                                                                  ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
                                                                                  အရှင်ဓမ္မိက(လောင်းလုံ)
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger