****နမော တဿဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ****
Sunday, May 29, 2011
တူညီသော လမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်ကြပါစို့
၂၀၁၁ မေလ ၁၆-ရက်နေ့ (၃) နာရီ အမေရိကန်ပြည်ထောင်စု နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီး ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ  တင်သွင်းဖတ်ကြားခဲ့သော စာတမ်း
အလွန်အရိုသေပြုအပ်ပါသော ရဟန်းသံဃာတော်များ၊  ဂုဏ်သရေရှိ သံတမန်များအဖွဲ့ဝင်များ၊  ချစ်ခင်လေးစားရပါသော ပရိသတ်အားလုံးကို လှိုက်လှဲစွာ နှုတ်ခွန်းဆက်ပါတယ်။
            ဒီနေ့ဟာ ၀ိသာခပုဏ္ဏမာရယ်လို့ ဗုဒ္ဓဘာသာလောကမှာ လူသိများထင်ရှားတဲ့ မေလရဲ့ လပြည့်နေမှာ မြတ်ဗုဒ္ဓဖွားမြင်တော်မူခြင်း၊ သစ္စာတရားကို ဖော်ထုတ်သိမြင်၍ ဗုဒ္ဓအဖြစ်သို့ရောက်ရှိခြင်းနှင့် ဘ၀နှင့်ခန္ဓာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်း (ပရိနိဗ္ဗာန်စံခြင်း) ဟူသော ထူးမြတ် သည့် ဖြစ်ရပ်ကြီးများ ဒီတနေ့တည်းမှာပဲ ကျရောက်ခဲ့တာဖြစ်လို့ ဗုဒ္ဓဘာသာလောကတစ်ခုလုံးမှာ အလွန်ထူးမြတ်သော နေ့ထူး တစ်ခု ဖြစ် ပါတယ်။
            ယခုလို လူနတ်လောကကြီးတစ်ခုလုံး၏ ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို အောင့်မေ့တသ ပူဇော်သော အားဖြင့် နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ကြီးမှူး ကျင်းပတဲ့ နှစ် (၂၆၀၀)ပြည့် ဗုဒ္ဓနေ့ အခမ်းအနားနှင့် ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲကြီးမှာ တက်ရောက်ပါဝင် စကားပြောခွင့်ရတဲ့အတွက် အလွန်နှစ်သက် ကျေနပ်ရုံမျှမက တကယ့်ကိုပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
          ဤကဲ့သို့ ဘုရားဖြစ်သည့် နှစ် (၂၆၀၀) ပြည့်မြောက်သည့်အခါတော်ဝယ် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် အထွေထွေ ညီလာခံ ခန်းမဆောင်ကြီးမှ နေ၍ ကျွန်ုပ်၏ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သောဆု ဆန္ဒမွန်များ အေးချမ်းသောမေတ္တာတော်များ၊ ငြိမ်း ချမ်းသော ကရုဏာဓာတ်များကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သတ္တ၀ါအားလုံးထံ ပို့လွတ်ပါတယ်။ သတ္တ၀ါလောကတစ်ခုလုံး စစ်ဘေးနှင့် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။ ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ အမြန်ဆုံး ရရှိနိုင်ကြပါစေ။
           မြတ်ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသည့်နောက် ဗုဒ္ဓအဖြစ်ဖြင့် (၄၅) နှစ် နေခဲ့ပါတယ်။ (၄၅) နှစ် အတွင်းမှာ ဟောပြောဆုံးမ သွားတဲ့ စကားရပ်အားလုံးဟာ ‘‘ဓမ္မ’’ ဆိုတဲ့ လှပတဲ့စကားလုံးထဲမှာ ပါဝင်ပါတယ်။ ဗုဒ္ဓရဲ့ဓမ္မဟာ religious system မျိုး မဟုတ်ပါဘူး။ တကယ်တော့ ဓမ္မဆိုတာဟာ သင်ဘို့၊ ကျင့်ဘို့၊ လေ့ကျင့်ဘို့၊ သိနားလည်ဘို့ ဖြစ်ပါတယ်။ ဘ၀ရဲ့စာမျက်နှာသစ်တစ်ခုလုံးကို ဖွင့်လှစ်ဘို့ စိတ်အား သန်ကြတဲ့ လူတွေဟာ ဓမ္မကို သင်ကြ ကျင့်ကြပါတယ်။ လောကရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဓမ္မဟာ တန်ခိုး စွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်ပေါင်း မြောက်များစွာတို့ဟာ လူ သားတွေရဲ့ ဘ၀ပြဿနာတွေကို ဖြေရှင်းဘို့ မြောက်များစွာသော အသင်းအဖွဲ့တွေကို ဖွဲ့စည်းကြပါတယ်။ ဒီကုလသမဂ္ဂအသင်းကြီးဟာ စံနမူနာယူလောက်တဲ့ တစ်ခုတည်းသော အသင်းကြီးဖြစ်ပါတယ်။
           သို့-- ညီညွတ်ခြင်းထဲမှ ကွဲပြားခြင်း၊ ကွဲပြားခြင်းထဲမှ ညီညွတ်ခြင်း၊ ချစ်ခြင်းထဲမှ မုန်းခြင်း၊ မုန်းတီးခြင်းထဲမှ ချစ်ခြင်း၊ လက်တွဲခြင်း ထဲမှ လမ်းခွဲခြင်း၊ လမ်းခွဲခြင်းမှာ ပြန်တွဲခြင်းဆိုတဲ့ ဒွန္ဒ၀ါဒ၊ နှစ်ခုတွဲသဘောတွေဟာ အပြန်အလှန်ရှိနေကြပါတယ်။ ဘယ်သူ ဘယ်အဖွဲ့ကမှ ကမ္ဘာ့လူသားတို့၏ ပြဿနာများရဲ့ နောက်ဆုံးအဖြေကို ယနေ့အထိ ရှာဖွေလို့ မတွေ့နိုင်ကြသေးဘူး။ သိပ္ပံပညာ နည်းပညာတို့ဆိုတာ ဟာလည်း လူ့စိတ်နှင့်ဆိုင်သော အဆုံးသတ်အဖြေကို ရှာဖွေ မပေးနိုင်ပါဘူး။ သုတေသနတွေ ဘယ်လိုပဲ လုပ်လုပ် သိပ္ပံနည်းပညာသည် ရုပ်ဝတ္ထုအဖြေကိုသာ ရှာဖွေနိုင်ကြတာ ဖြစ်ပါတယ်။ သိပ္ပံနည်းပညာအရ သုတေသန အကြိမ်ကြိမ်လုပ်၍ ရုပ်ဝတ္ထု၏အဖြေကို ရှာဖွေရာ မှာပင် နောက်ဆုံးပြီးနောက်ဆုံး နောက်ဆုံးပြီး နောက်ဆုံးတွေပဲဖြစ်နေပါတယ်။ အပြီးသတ် အဖြေကို သိပ္ပံမှာ ရှာမရဘဲ ဖြစ်နေပါတယ်။
လူသားတွေရဲ့ဘ၀ဟာ ရုပ်ဝတ္ထုတစ်မျိုးတည်းနှင့် ဖွဲ့စည်းတည်ဆောက်ထားတာ မဟုတ်ပါဘူး။ ရုပ်ဝတ္ထုနှင့် စိတ်စေတသိတ်တို့ ဟန်ချက် ညီညီ ဖွဲ့စည်းပေါင်းစပ် တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းတည်ဆောက်ရာမှာ ရုပ်ကတော့ လေယာဉ်၊ ရေယာဉ်၊ ကုန်းယာဉ် တစ်ခုလို ဖြစ်ပါတယ်။ စိတ်စေတသိတ်ဆိုတဲ့ နာမ်တရားတွေကတော့ ယာဉ်မောင်းသမားနဲ့ တူပါတယ်။                    
              ယာဉ်တွေကို ကောင်းကောင်း နိုင်နိုင် မကိုင်နိုင်တဲ့ ယာဉ်မောင်းသမားဟာ ယာဉ်စီးတဲ့ ခရီးသည်တွေကိုသာမက သူကိုယ်တိုင်ကိုပါ သတ်ဖြတ်နှိပ်စက်သူ ဖြစ်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးဗိသုကာ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေး သတင်းစကား များစွာထဲက စကားတစ် ခွန်းလောက် ပြောပြ ချင်ပါတယ်။
          ‘‘မနော ပုဗ္ဗင်္ဂမာ ဓမ္မာ’’ ဆိုတဲ့စကားပါပဲ။ ‘‘စိတ်သည် လူ့ဘ၀၏ ရှေ့ဆောင် ခေါင်းဆောင်’’ ဖြစ်ပါတယ်။ စိတ်သည် ဆင်းရဲချမ်းသာ အကောင်းအဆိုး အားလုံးကို ဖန်ဆင်းပါတယ်။ ဒါ့ကြောင် ကောင်းစိတ်သည် ဘ၀ကောင်း တစ်ခုကို ဖန်ဆင်းမှာ ဖြစ်ပြီး မကောင်းသော စိတ်သည် ဘ၀ဆိုးတစ်ခုကို ဖန်ဆင်းပါလိမ့်မယ်။ လူသားတွေရဲ့ ဘ၀ဗိသုကာဟာ လူသားတွေရဲ့ စိတ်ပါပဲ။ လှပသောဘ၀တစ်ခု တည်ဆောက် လိုလျှင် စိတ်ကို လှပအောင် ပြုပြင်ရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလျှင်တော့ အရုပ်ဆိုးသော ဘ၀ကိုရကြမှာပဲ။ ယနေ့ ကမ္ဘာလောကကြီးဟာ ညစ်ညမ်းမှုတွေ၊ ပြစ်မှုတွေ အမည်းစက်တွေ၊ လုယတ်လွန်ကြူးမှုတွေ၊ သောင်းကျန်းမှုတွေ၊ သတ်ဖြတ်မှုတွေ၊ စစ်ပွဲတွေနဲ့ အပြည့်ပါပဲ။ ဒီလို အရုပ်ဆိုးနေတဲ့ လောကကို စိုးရိမ်ပူဆွေးခြင်း၊ ဆင်းရဲခြင်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းတာ မဟုတ်ပါဘူး၊ ထို့ကြောင့် ငြိမ်းချမ်းသော သာယာ လှပသော ကမ္ဘာကြီးကို ဖန်ဆင်းဘို့ကတော့ ဆိုးသွမ်းသော စိတ်ဓာတ် ကို ကောင်းမြတ်သော စိတ်ဓာတ်သို့ ပြောင်းဘို့ လိုပါတယ်။
          အလွန်စိတ်ဆင်းရဲဖွယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ကြီးတွေနဲ့ စီးပွားရေးနှင့် လက်နက်ပြိုင်ဆိုင်မှုတွေဟာ အတ္တသန်သောကမ္ဘာ မှာ  တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ်က စတင်ကြတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးစကားများစွာထဲက စိတ်ဝင်စား ဖွယ်ကောင်းသော စကားတစ်ခွန်းမှာ ‘‘အတ္တမှ အနတ္တသို့ ပြောင်းလဲမှု’’ပဲ ဖြစ်ပါတယ်။ ပြီးတော့ ‘‘ဣဿာမှ မုဒိတာသို့’’‘‘ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့’’ ဟူသော ဘ၀စာမျက်နှာသစ် ဖွင့်လှစ်ဘို့ အကြိမ်ကြိမ် မိန့်ကြားခဲ့ပါတယ်။
          ဤယနေ့ဟာ နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဤထူးမြတ်သည့် အခါတော်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံခန်းမဆောင်ကြီးမှာ အစည်းအဝေးသို့ ရောက်ရှိလာကြကုန်သော ဘာသာရေးခေါင်းဆောင်များအားလုံး နိုင်ငံရေးခေါင်ဆောင်များ အားလုံး သံတမန်များ အားလုံး လူ့လောကကြီး၏ အတွင်းရန်သူကြီးဖြစ်တဲ့ ယုတ်မာသော စိတ်ဓာတ် (ပဒုဋ္ဌစိတ်)ကို မွန်မြတ်သော စိတ် (ပသန္နစိတ်)သို့ ၀ိုင်းဝန်းကြိုးပန်း ပြောင်းလဲကြပါစို့ဟု တိုက်တွန်းလိုပါသည်။ မြတ်ဗုဒ္ဓ၏ငြိမ်းချမ်းရေး တည်ဆောင်မှုအတွက် နောက်ထပ် သတင်းစကားတစ်ခုကတော့ ခန္တီတရားပဲဖြစ်ပါတယ်။ အက္ခန္တီ (၀ိဟိံသ)တရားသည် ဘာသာရေး နိုင်ငံရေး လူမှုရေးအားလုံးတို့၏ ရန်သူကြီးတစ်ပါးဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သူ၏တပည့်တွေကို အမြဲတန်းပြောတာကတော့ မည်သူက မည်သို့ပင် မကောင်းစေကာမူ ထိုသူကို စိတ်မဆိုးဘို့၊ မကျေမနပ်မဖြစ်ဘို့ပင်ဖြစ်ပါသည်။ အကယ်၍ မိမိအား မကောင်းပြု မကောင်းပြော မကောင်းကြံလာသော သူအား အမျက်ထွက်လျှင် ‘‘ မိမိသည်ပင် မိမိကိုယ်ကို စိတ်ဓာတ်ရေးရာမှာ ဆုံးရှုံးခြင်းဟူသော အန္တရာယ်အတွင်းထဲသို့ ပို့လိုက်ပြီ ဖြစ်သည်ဟု မှတ်ယူရမည်။
           အခြားလေးနက်သော မြတ်ဗုဒ္ဓ၏ဆုံးမချက်များမှာ- သတ္တ၀ါအမျိုးအစား မခွဲခြားဘဲ မေတ္တာတရား ဖြန့်ချီထားရခြင်း ပင်ဖြစ်သည်။ မေတ္တာနှင့်  ခန္တီ စိတ်ဓာတ်နှစ်ပါးကို ဘာသာရေး နိုင်ငံရေးခေါင်းဆောင် အားလုံး တည်ဆောက်ရမည်။ ညီအစ်ကို မောင်နှမစိတ်၏ အခြေခံအုဌ်မြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် အလေးအနက် ညွှန်ပြခဲ့သည်။ မေတ္တာ ခန္တီ ကရုဏာ တရားတို့ရဲ့ အရည်အသွေးကို ပညာဖြင့် တောက်ပြောင်စေဘို့ အစဉ်တစိုက် ဆုံးမတော်မူသည်မှာလည်း ကြီးမြတ်သောဆရာ မြတ်ဗုဒ္ဓပင်ဖြစ်သည်။ ဤမေတ္တာ ကရုဏာ ခန္တီ ပညာတရားများဟာ လောကသားတို့ရဲ့ ကယ်တင်ရှင်များပါပဲ။ ဤတရားများဖြင့် လူမျိုး လူတန်းစား ခွဲခြားမှုဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အတားအဆီးများကို ရှင်းလင်းဖယ်ရှားနိုင်ပါတယ်။
          ဘာသာရေး ယုံကြည်ချက်နှင့် နိုင်ငံရေး လူမျိုးရေး ယဉ်ကျေးမှုများ မတူခြားနားကြသော်လည်း မွန်မြတ်သောစိတ်များဖြစ်ကြသည့် ခန္တီ မေတ္တာ ကရုဏာ ပညာဟူသော ဤကျင့်စဉ်များအပေါ်မှာ အားလုံးသော ကျွန်ုပ်တို့လူသားတွေ လက်တွဲလမ်းလျှောက်ကြရမှာ ဖြစ်လို့ ဘုံလမ်းကြောင်းတစ်ခု (Common Platform) လို့ ဆိုလိုချင်ပါတယ်။ အကယ်၍သာ ဒီလမ်းကြောင်းပေါ်မှာ ကျွန်ုပ်တို့ နိုင်ငံရေး ဘာသာရေး လူမှုရေးခေါင်းဆောင်များဟာ ခန္တီ မေတ္တာ ကရုဏာ ပညာ ဟူသော မွန်မြတ်သော စိတ်ဓာတ် (ပသန္နစိတ်)တို့ဖြင့် မတွေ့ဆုံနိုင်၊ တွဲမလျှောက်နိုင်ကြဘူးဆိုလျှင် ကျွန်ုပ်တို့ ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် အတူယှဉ်တွဲ နေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေဟာ မအောင်မြင်ရုံမျှမက ဆုံးရှုံးသွားကြဘွယ်သာ ရှိပါတယ်။
           ရိုသေလေးစားအပ်ပါသော ဘာသားရေးခေါင်းဆောင်များ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ အထူးသဖြင့် ဤအစည်းဝေးကြီးကို ဦးဆောင်စည်းရုံးခဲ့တဲ့ သီရိလင်္ကာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတန်းသံအမတ်ကြီး ‘‘ဒီလုပ ဥာဏယကရ’’၊ ထို့ပြင် နိုင်ငံ (၁၆) နိုင်ငံမှ ကိုယ်စားလှယ်တော်များ၊ တက်ရောက်လာကြသော မြန်မာမိသားစု ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ ကျွန်ုပ်တို့ အားလုံးမှာ မတူညီသော အချက်တွေ များစွာ ရှိပေမဲ့ ခန္တီ မေတ္တာ ကရုဏာ ပညာ ဆိုတဲ့အပေါ်မှာ ဘာမှငြင်းခုံစရာ မရှိပါဘူး။                
             ဒီတရား လေးပါးဟာ ကျွန်ုပ်တို့လူသားအားလုံးရဲ့ ဘုံလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီဘုံလမ်းကြောင်းကို ၀ိုင်းဝန်း တည်ဆောက်ကြပါစို့၊ ဤဘုံလမ်းကြောင်းပေါ်မှာ လက်တွဲ လျှောက်လှမ်းကြပါစို့။ လူသားလောကကြီးတစ်ခုလုံးရဲ့ အတားအဆီး အနှောက်အယှက် ရန်သူမှန်သမျှ ၀ိုင်းဝန်းကာကွယ် တားဆီးကြပါစို့-ဟု တိုက်တွန်းတောင်းဆိုလိုက်ရပါကြောင်း။ ။
လူသားအားလုံး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စစ်ဘေး စစ်ဒဏ် အန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ။
လူသားအားလုံး စိုးရိမ်ပူဆွေး ငိုကြွေးခြင်းမှ လွတ်မြောက်ကြပါစေ။
ဒေါက်တာအရှင်ဥာဏိဿရ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာနိုင်ငံ
http://www.sitagustar.net/  မှတဆင့်ပြန်လည်မျှဝေပါသည်။
Thursday, May 26, 2011
သြရမတောင်တန်းပေါ် စီးဆင်းခဲ့သောနေ့ရက်များ (၆)
                                                               ဘူးသီးတောင်သို့ခရီး
                                                                      ဓည၀တီသင်္ဘော
          နံနက် ၁၀ နာရီကျော်ကျော်  ခြေတော်ရာမြစ်ကို   စတင်ဖြတ်သည်။ မြောက်ဘက်မှစီးဆင်လာသော
မေယုမြစ်နှင့်ခြေတော်ရာမြစ်တို့ပေါင်းဆုံသွားသည်။မဆေးကျွန်းကိုလဲတွေ့ရသည်။ကျွန်းပေါ်ကတောင်ပေါ်
တွင် ဦးကင်းဓာတ်စေတီရှိသည်။ စစ်တွေနှင့်ရသေ့တောင်၏ နယ်စပ်လည်းဖြစ်သည်။ သင်္ဘောသည်
ခြေတော်ရာဘုရားအနီမှဖြတ်သွားသည်။ ထိုခြေတော်ရာသည် မြတ်စွာဘုရား၏ လက်ဝဲပါဒ ခြေတော်ရာဖြစ်
်သည်ဟု ဆို၏။ ခြေတော်ရာဘုရား၏ အဆောက်အဦး တန်ဆောင်းများက သစ်လွင်တောက်ပနေသည်။ အမိုးကနီနီ မြန်မာမူ မြန်မာဟန် တည်ဆောက်ထားသော အဆောက်အဦး အဖြစ် တွေမြင်လိုက်ရသည်။
       သင်္ဘောသည် ခြေတော်ရာချောင်း ဆုံးသည်နှင့် တင်းကုတ်ချောင်းထဲဝင်သည်။ ချောင်းကလည်းကျဉ်းမြောင်းလာပြန်သည်။ အရှေ့ဘက် အနောက်ဘက် တောင်တန်းကြီးတို့က မြေပြင်ကို အနားကွပ်ပေးထားသကဲသို့ဖြစ်၏။ အရှေ့ဘက်တောင်တန်းက သြရမတောင်တန်း အနောက်ဘက်က မေယုတောင်တန်းဟုဆိုသည်။ မေယုမြစ်သည် မေယုတောင်တန်းကိုအမှီပြု၍ ခေါ်ဆိုခဲ့ဟန်တူသည်။ 
       ၁၁ နာရီထိုးသည်နှင့် သူတို့နေသည်သင်္ဘောအခန်းအတွင်းသို့ဆွမ်းလာပို့ပေးသည်။ ဆွမ်းလာပို့သူက ထိုဆွမ်းကို လှူဒါန်းသည်ဟုပြောသည်။ 
      “ အခုဦးဇင်းတို့စီးမယ့်သင်္ဘောက ဓည၀တီဆိုတော့ ကြီးလည်းကြီးတယ် သင်္ဘောပေါ်မှာပဲဆွမ်းကပ်တယ် အောင်တံခွန်သင်္ဘောကတော့ ငယ်လည်းငယ်တယ် သင်္ဘောပေါ်မှာလဲ ဆွမ်းဝယ်စားကြရတယ် ဘာပဲဖြစ်
ဖြစ် သင်္ဘောပေါ်ကတော့အားလုံးအဆင်ပြေပါတယ် ” 
       ဦးပုညပြောလိုက်သော စကားကိုသူသတိရမိသည်။ 
       “ လိုအပ်တာရှိရင်ပြောပါ ” 
       ဆွမ်းလာပို့သူ ဒကာလေးသည် သူတို့အားပြောပြီ သင်္ဘောအခန်းထဲကထွက်သွားသည် ။
       ဆွမ်းလာပို့သောဟင်းများမှ ငါးဟင်း ၂ ခွက်၊ ဟင်းချို ၂ ခွက် ၊ တို့စရာနှင့် ငရုပ်သီးထောင်းတို့ဖြစ်သည်။ ဘူးသီးတောင်၊အလင်းရောင်ကျောင်းကဦးဝါသ၀နှင့်သင်္ဘောပေါ်တွင်ခင်မင်မိသည်။ဦးဝါသ၀ နှင့်တကာမ
သုံးယောက်က မြောက်ဦးဘုရားဖူးပြီးပြန်လာသည်ဟုဆိုသည်။ထိုကြောင့်ဦးဝါသ၀နှင့်အတူ ဓည၀တီသင်္ဘော
ပေါ်မှာဆွမ်းဘုဉ်ပေးသည်။ဦးဝါသ၀ တကာမကပ်သောဟင်းကလည်းပါသေး၏။
                                                   သင်္ဘောပေါ်က ကပ်သောဆွမ်းနှင့်ဆွမ်းဟင်း
       ၁၁ နာရီ မီနှစ် ၂၀ လောက်အကြာပန်းကန်များလာသိမ်းသည်။ 
       သင်္ဘောအပေါ်ဆုံးထပ်သို့သူတက်ကြည့်မိပြန်သည်။ရသေ့တောင်မြို့ကိုစတင်မြင်ရပြီ။၁၂ နာရီလည်းထိုး
နေပြီ။မြို့၏မြောက်ဘက်စူးစူးတောင်ပေါ်တွင်ရွှေရောင်ဝင်းနေသောစေတီတစ်ဆူကိုဖူးတွေ့ရသည်။
စေတီပေါ်သို့တက်သည့်စောင်းတန်း၏ သွပ်မိုးဖြူဖြူများကိုလည်းတွေ့ရသည်။သူအနီးရှိတကာတစ်ဦးကို
မေးကြည့်တော့ဦးကင်းတော်စေတီဟု ခေါ်ကြောင်းသိရသည်။ ရသေ့တောင်စေတီဟုလည်းခေါ်သည်ဟု
လည်း ဆို၏။ 
       ၁၂ နာရီမီနှစ်၂၀ ခန့်တွင်ရသေ့တောင်ဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်သည်။သင်္ဘောအနီးသို့ချည်း
ကပ်လာနေသောလှေလေးတွေကိုလည်း တွေ့ရသည်။ 
                                                       ရသေ့တောင်မြို့ဆိပ်ကမ်းနှင့်လှေများ
          ဆိပ်ကမ်းကွန်ကရစ်တံတားပေါ်တွင်လူများတိုးဝှေ့နေကြသည်။သင်္ဘောသည်တဖြေးဖြေးတံတားဆီသို့ကပ်
ဝင်နေသည်။ သင်္ဘောသည် တံတားဆီသို့ ပင်မရောက်သေးလူတချို့သင်္ဘောပေါ်ခုန်တက်ကြသည်။
ခုန်တက်သူတို့ကိုမြင်ရသည်မှာသဲထိတ်ရင်ဖိုစရာပင် ။ 
“ ပြုတ်ကျသွားမှဖြင့် ”ဟု သူစိုးရိမ်မိသေးသည်။ 
                                                                  ရသေ့တောင်မြို့
                                                      ရသေ့တောင်ဆိပ်ကမ်းတံတားပေါ်ဝယ်
        ဈေးသည်များသင်္ဘောပေါ်တက်လာကြသည်။ ဈေးသည်တစ်ယောက်သူတို့အခန်းဝသို့ ရောက်လာကာ ပုဇွန်ခြောက်ဝယ်ရန် လာပြောသည်။ သူတို့မ၀ယ်တော့ သူတို့အခန်းရှေ့ကဈေးသည်ပြန်လှည့်သွားသည်။
သင်္ဘောအောက်တွင် ထမင်းထုပ် ရောင်းသူ၊ ပုဇွန်ကြော်ရောင်းသူ၊ ငါးကင်ရောင်းသူတို့ အသံက ဆူညံနေ၏။ မမှီမကမ်း သင်္ဘောပေါ်သို့ဈေးရောင်းသည် ။ ၀ါးလုံးထိပ်တွင် စားစရာအိပ်ကိုချိတ်တွယ်၍ သင်္ဘောပေါ်သို့
ဈေးရောင်းသည်။ ဈေးဝယ်သူများကလည်း သင်္ဘောပေါ်ကနေ ငွေကိုခေါက်၍ ပစ်ချပေးသည်။ ရသေ့တောင်ဆိပ်ကမ်းတွင် ၁၅ မီနှစ်ခန့်အကြာသင်္ဘောရပ်နားသည်။ 
      သင်္ဘောသည် က္ကုနြေ္ဒရရ ရသေ့တောင်ဆိပ်ကမ်းမှ ထွက်ခွာပြီးမြောက်ဘက်သို့ဦးတည်ခုက်မောင်းသည်။ 
လေကတဖြူးဖြူး တိုက်ခက်လျက်ရှိသည်။သူ၏သင်္ကန်းဝတ်ရုံလွှာများသည်ပင်လေထဲတွင်တဖျတ်ဖျတ်ဖြစ်နေ
သောကြောင့် ချိုင်းအောက်သို့ညှပ်သွင်းထားရသည်။ရသေ့တောင်ဘုရားကထင်ထင်ရှားရှားဖူးမြင်နေရသေး
သည်။
                                                                  ရသေ့တောင်ပေါ်ကစေတီ
        မြတ်စွာဘုရား ဆဒ္ဒန်ဆင်မင်းဘ၀ဖြစ်စဉ် မေယုမြစ်အနီး ရာဇပဗ္ဗတတောင်ပေါ်တွင် ကျင်လည်ခဲ့ဖူးသည်ဆို၏ မြတ်စွာဘုရား၏ ဦးကင်းတော်ဓာတ်ကို စေတီတည်ရန် ဗျာဓိတ်တော်ပေးခဲသည့် အတွက် ဓည၀တီခေတ် သူရိယစက္ကမင်းကြီး တည်ထားခဲ့ရာက စေတီတစ်ဆူ ဖြစ်လာသည်ဟုဆိုသည်။ 
ထိုတောင်ပေါ်တွင် တချိန်က ရသေ့တစ်ပါး ဂူအောင်းကာ ကျင့်ကြံ  အားထုတ်နေထိုင်ခဲ့ရာက ထိုတောင်ကို ရသေ့တောင်ဟု ခေါ်ဆိုခဲ့ပြီး စေတီကိုလည်းဦးကင်းဓာတ်စေတီ(သို့)ရသေ့တောင်စေတီသည်ဟုဆိုသည်။ ရသေ့တောင်မြို့သည်လည်းထိုတောင်တည်ရှိရာမြို့အဖြစ်ထင်ရှားသော အမည်တစ်ခုအဖြစ်တည်ရှိနေ
လေပြီ။ 
       ရသေ့တောင်မြို့သည် ဝေး၍ဝေး၍ ကျန်ရစ်ခဲ့လေပြီ။ 
       မေယုမြစ်သည် ကြည်လင် နေသည်။ မြစ်ပြင်ထဲတွင် လောင်လှေကလေးများ၊ ငါးဖမ်းလှေလေးများ ၊ရွက်
လှေလေးများက မြစ်ကိုတန်ဆာဆင်ထားသကဲ့သို့ဖြစ်နေ၏။ 
                                                     မေယုမြစ်နှင့် မေယု(ခေါ်)မယူတောင်တန်း
        သူအခန်းထဲသို့ပြန်ဝင်လာပြီးလက်ဆွဲအိပ်ထဲတွင်ပါလာ သောရခိုင်ပြည်နယ်မြေပုံကိုထုတ်ကြည့်မိသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ရမည်ဆိုကတည်းကဆူးလေစေတီ အနီးက ပိုစတာဆိုင်တစ်ဆိုင်တွင်
ကျပ်ငါးရာဖြင့်ဝယ်ယူခဲ့သောမြေပုံဖြစ်သည်။ မြေပုံအရ ရခိုင်ပြည်နယ်၏ မြောက်ဘက်တွင် ချင်းပြည်နယ် ၊ တောင်ဘက်တွင် ဧရာဝတီတိုင်း ၊ အရှေ့ဘက်တွင် ရခိုင်ရိုးမတောင်တန်း ၊နောက်ဘက်တွင်ဘင်္ဂလာပင်လယ်
အော်တို့ ၀ိုင်းရန်နေသည်။ ဘင်္ဂလားဒေရှ် ပြည်သူ့သမ္မတနိုင်ငံနှင့်လည်း ထိစပ်နေသည်။ ရခိုင်ပြည်နယ်သည်
မြန်မာနိုင်ငံ၏ အနောက်ဘက်ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ်၏ တောင်ကုန်းတောင်တန်း ပေါများမှုများ
ကို မြင်တွေ့နေရပြီ။ ရခိုင်ပြည်နယ်တွင်ထင်ရှားသော နတ်မြစ်၊ မယူ(ခေါ်)မေယုမြစ် ၊ ကစ္ဆပနဒီ( ခေါ် ) ကုလားတန်မြစ်၊ လေမြို့မြစ်ဟူသော ထင်ရှားသောမြစ်ကြီးများထဲမှ တစ်ခုဖြစ်သော မေယုမြစ်အတွင်းသို့ သူတို့ရောက်ရှိနေရသည်။ မေယုမြစ်၏ အနောက်ဘက် မေယုတောင်တန်းကြီးကိုလည်း တွေမြင်နေရပြီ။ 
      မေယုမြစ်သည် အထက်သို့ရောက်လာလေလေ ကျဉ်းမြောင်လာလေလေ ဖြစ်သည်။ လယ်ကွင်းအချို့မှာ မြစ်ရေ၏ တိုက်စားမူဒဏ်ကြောင့် မြစ်ထဲသို့ တဖြေးဖြေးဆင်းသက်နေကြသည်။ သင်္ဘောပေါ်ကနေမြင်ရ သောရွာများမှာ  ကုလားရွာချည်းဖြစ်နေသည်။ 
       သူ၏အာရုံထဲမြင်လာသည်မှာ မေဃ၀တီ ဆရာတော်ဦးနာရဒ ၏ ကိုယ်တော့်ကရုဏာထဲက မေယုမြစ် ၊ မေယုမြစ်အတွင်းကဘူးသီးတောင်သင်္ဘောတစ်စီး၊လူ အဆမတန်တင်ဆောင်ခဲ့သော ထိုဘူးသီးတောင်
သင်္ဘော၊ထိုသင်္ဘောနှင့်အတူမေယုအမြစ်အတွင်းစတေးခဲ့ကြရသောတိုင်ရင်သားများ၊ထိုတိုင်းရင်သားများ၏ 
အော်ဟစ်ဆူညံသံများသည် သူ၏ စိတ်နားထဲကြားယောင်လာမိသည်။ မေယုမြစ်အတွင်း စတေးခံခဲ့ရသော
သင်္ဘောသည် ဘူးသီးတောင်ဆိပ်ကမ်းက ထွတ်ခွာစတွင်ဖြစ်သည်ဟုဆိုသည်။ 
    သင်္ဘော၏ ၀ရန်တာတွင် ဦးပညာဓဇနှင့် တကာတစ်ယောက်စကားပြောနေသည်။တကာသည်ဗမာစကား ပြောနေသောကြောင့် ၀န်ထမ်းဖြစ်မည်ဟုမှတ်ချက်ပြုမိသည်။ သူဝရန်တာသို့ထွက်လိုက်သည်။ 
       “ ဒီက ဦးဇင်းက ဘူးသီးတောင်မှာတာဝန်ကျတယ် ”
        ဦးပညာဓဇက သူကိုညွန်ပြကာမိတ်ဆက်ပေးသည်။
      “ တပည့်တော်ကရန်ကုန်ကပဲ ဘုရား ဘူးသီးတောင်မြန်မာရုပ်မြင်သံကြားမှာ တာဝန်ထမ်းဆောင်နေတာ ဘူးသီးတောင်ရောက်တာတော့ကြာပါပြီ ခုဘူးသီးတောင်မှာပဲ အိမ်ထောင်ကျနေပြီ ” 
     တကာကသူကိုပြောသည်။  
     “ဦးဇင်းကဘူးသီးတောင်မှာဘယ်နေရာကိုတာဝန်ကျတာလဲ ဘုရား” 
     “ ဦးဇင်းကဘူးသီတောင်မင်းကိုင်သာသနာပြုဌာနမှာ တာဝန်ကျတယ် တကာကြီးသိလား ဒီနေရာကို” 
     “ တပည့်တော်တော့မသိဘူးဘုရား ဟိုဘက်ခန်းမှာတော့ မယကဥက္ကဋ္ဌပါတယ် ဥက္ကဋ္ဌသိမယ်ထင်တယ်  ”
     “ဦးဇင်းလဲ  ဘူးသီးတောင်ရောက်ရင် မယကဥက္ကဋ္ဌဆီမှာ ဘူးသီတောင်ရောက်ကြောင်း လက်မှတ်ထိုးရ
အုံးမယ် ”    
   တကာသည် သူတို့အခန်ထဲသို့ဝင်လာကာ သူတို့နှင့်အတန်ကြာစကားပြောနေမိသည်။ နာရီဝက်ခန့်ကြာ အခန်းထဲမှပြန်ထွက်သွားသည်။ခဏကြာပြန်ရောက်လာသည်။နောက်သူ့ကိုမယကဥက္ကဋ္ဌထံသို့ပင့်သွားသည်။
     သူကဘူးသီတောင်သို့ရောက်လာရခြင်းအကြောင်းကိုပြောပြသည် သူတာဝန်ထမ်းဆောင်မည့်သာသနာ
ပြုဌာန၏ နာမည်ကိုပြောပြတော့ မယကဥက္ကဋ္ဌက မင်းကိုင်သာသနာပြုဌာနဆိုတာသူမသိ မင်းလှကိုင်း
ရွာတော့သိသည်ဟုဆိုသည်။ သူလည်း ဥက္ကဋ္ဌနှင့်စကားအနည်းငယ်ပြောပြီး သူအခန်းဆီသို့ ပြန်လာခဲ့သည်။  
     နေ့လည်၂း၅၆ နာရီရှိပြီ ။သင်္ဘောသည်ရွာတစ်ရွာသို့ဆိုက်ကပ်သည်။ထိုရွာသည်ညောင်ချောင်းရွာ
ဟုဆိုသည်။ သင်္ဘောဆိုက်ကပ်သည့် သစ်သားတံတားထိပ်တွင်စားသောက်ဆိုင် တစ်ဆိုင်ကိုလည်းတွေ့ရ
သည်။ ညောင်ချောင်းရွာတွင် ဆယ်မီနှစ်ခန့်ကြာသည် ။ 
                                                          ညောင်ချောင်းရွာဆိပ်ကမ်း
     နေလုံးသည် မေယုတောင်စွယ်ဆီသို့ တရွေ့ရွေ့ဆင်းနေလေပြီ ။ ဓည၀တီသင်္ဘောသည်လည်း အေဆေးတည်ငြိမ်စွာပင် သွားမြဲတိုင် သွားနေသည်။ မေယုတောင်တန်းသည်စိမ်းစိမ်းစိုစိုမဟုတ်တော့ မြူတို့
အကြား မှိုင်းမှုန်မှုန်ဖြစ်လာသည် ။ မေယုမြစ်သည် နေခြည်ကြောင့် ရွှေရည်သန်းလာသည် ။ဗျိုင်းတစ်အုပ်က
ဝဲပျံသွားသည်။       
   နာရီကြည့်တော့ ညနေလေးနာရီထိုးတော့မည်။ ဘူးသီတောင်ခရီးသည် ဤမျှရှည်ကြာလှပါကလား ။
      “ လေမျက်နှာဘုရား တွေ့ပြီ ဘူးသီတောင်ရောက်တော့မယ် ” 
အတူ စေတီလိုလို အရာတစ်ခုကိုတွေ့ရသည်။ 
                                                      နေ၀င်ဆည်းဆာနှင့် လေးမျက်နှာစေတီ
      လေမျက်နှာဘုရားနှင့်နီးသည်ထက်နီးလာသည်။စေတီလေးကိုမျက်နှာလေးဘက်လေးထောင့်ပုံသဏ္ဍာန်
တည်ထားသည်။နာရီဝက်ခန့်အကြာ ဓည၀တီသင်္ဘောသည် ဘူးသီးတောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်သည်။ သင်္ဘောပေါ်သို့တက်ခဲ့စဉ်ကလိုပင် သင်္ဘောပေါ်ကဆင်းပြန်တော့လည်း ရုတ်ရုတ်သဲသဲပင် ဖြစ်သည်။သင်္ဘောဝရန်တာပေါ်သို့ခုန်ကျော်တက်လာသောကုလားနှစ်ယောက်ကပစ္စည်းများသယ်ပေးမည်ဟု လာပြောသည်။ စစ်တွေသင်္ဘောဆိပ်မှ သင်္ဘောသို့တက်ခဲ့စဉ်က သန်းထွန်းနှင့် ဦးပုည၏ ကူညီပေးမူကြောင့် ပစ္စည်းထုပ်များအဆင်ပြေခဲ့သော်လည်း အခုဘူးသီးတောင်ဆိပ်ကမ်း သို့အရောက်တွင်သင်္ဘောပေါ်မှ ဆင်းမည်ဆိုတော့ သူတို့၏ပစ္စည်းထုပ်ပိုးများကို ကူညီပေး မည့်သူမရှိ။ထို့ကြောင့်ပစ္စည်းသယ်ရန်လာစပ်သော
ကုလားနှစ်ယောက်ကိုပင်ငှားကာသင်္ဘောပေါ်ကဆင်းလိုက်ရသည်။
                                                           ဘူးသီးတောင်ဆိပ်ကမ်း
       သင်္ဘောဆိပ်ဆိုက်ကားဂိတ်ရောက်တော့သင်္ဘောပေါ်တွင်တွေ့ခဲ့ရသော ဘူးသီးတောင်ရုပ်မြင်သံ
ကြားတွင်တာဝန်ထမ်းဆောင်သည် ဆိုသော ထိုတကာကပင် သူတို့အား ဘူးသီးတောင်သာသနာရေးမှူးအိမ်
သို့ ပို့ပေးရန် ဆိုက်ကားသမားကို ပြောကာ ဆိုက်ကားပေါ်တင်ပေးလိုက်သည်။   
    သူနှင့် ဦးပညာဓဇဘူးသီးတောင်မြို့ထဲသို့ဆိုက်ကပေါ်ကနေယောင်လည်လည် လိုက်ပါသွားရပါတော့
သည်။
                                                                                             အရှင်ဓမ္မိက (လောင်းလုံ)
Sunday, May 22, 2011
သာသနာတော်နှစ် ၂၅၅၅ -ခုနှစ်၊ကဆုန်လပြည့် ဗုဒ္ဓနေ့ အမှတ်တရပုံရိပ်များ
                      အိန္ဒိယနိုင်ငံ၊ဘီဟာပြည်နယ်၊ဗုဒ္ဓဂယာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ                                   မြန်မာကျောင်းသားရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့(Myanmar Monk-students' Welfare Association of India) ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော
                           မဂဓတက္ကသိုလ်၊ပညာသင် မြန်မာကျောင်းသား ရဟန်းတော်များ၏ 
       သာသနာတော်နှစ် ၂၅၅၅-ခုနှစ်၊ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ ၌ ဗောဓိပင်နှင့် ရွှေပလ္လင်အားပူဇော်မှုမှတ်တမ်း
                                                             မဟာဗောဓိစေတီတော်
                                မြတ်ဗုဒ္ဓ သဗ္ဗညုတဥာဏ်တော် ရရှိတော်မူသည့်ဗောဓိပင်နှင့်ရွှေပလ္လင်
                                                မဟာဗောဓိစေတီတော်အတွင်းရှိ မြတ်ဗုဒ္ဓ
Saturday, May 21, 2011
သြရမတောင်တန်းပေါ်က စီးဆင်းခဲ့သောနေ့ရက်များ (၅)
                                                             မြို့စစ်တွေ
         သူတို့ရောက်ရှိနေသောစစ်တွေသည်စစ်တွေမြို့အမည်ဖြင့်မတည်ရှိခင်က ကျွန်းတစ်ကျွန်းမျှသာ
ဟုဆိုသည်။ဓည၀တီရခိုင်ဘုရင်တို့၏သွေးသာက်ရေတပ်ဖွဲ့ကိုရှေ့ကာကင်းအဖြစ်ထားခဲ့သောနေရာဟုလည်း
မှတ်သားဖူး၏။အင်္ဂလိပ်တို့ရခိုင်ပြည်ကိုစတင်တိုက်ခိုက်သောအခါ သည်ကျွန်းကိုအမြောက်ပစ်၍၀င်ရှင်းခဲ့
သည်။အင်္ဂလိပ်တို့ မြောက်ဦးဘုရင့်စံနန်းမြို့တော်ကို သိမ်းပိုက်တိုက်ခိုက်နိုင်ရန် ရေကြောင်းချီတပ်ဖွဲ့ကို သည်ကျွန်းပေါ်တွင်စတင်အခြကုပ်ယူခဲ့သည်။
       စစ်တွေမြို့တည်ရှိရာကျွန်းသည်  ပင်လယ်ကမ်းခြေ သမုဒ္ဒရာအနီးတွင်တည်ရှိသောကြောင့် ရှေးအခါက သမုဒ္ဒဂီရိကျွန်းဟုခေါ်တွင်ခဲ့သည်။ လေးမြို့ခေတ်တွင် ရဟန္တာသစ္စဗန္ဒ၀ဂူအောင်းကာ သီးတင်းသုံးနေခဲ့သော
ကြောင့် “ဗန္ဒမော်” ဟုလည်းခေါ်သည်ဟုဆို၏။
         စစ်တွေကျွန်းပေါ်သိွုှ့င်္ဂလိပ်တို့မရောက်မီက သည်ကျွန်းပေါ်တွင် ခမီးမျိုးနွယ်စုများနေထိုင်ခဲ့သည်။
ခမီးမျိုးနွယ်စုထဲတွင် ပါဝင်သော “ကတ်တိန်နွယ်စု”တွင်“အာကျာ”ဆိုသူက အာကျိတ်တော်ကုန်းနေရာတွင် အိမ်ခြေ သုံးဆယ်ဖြင့်“အာကျပ်ရွာ”ကိုတည်ထောင်ခဲ့သည်။“မတ်အေနွယ်စု” တွင်“ရူပ”ဆိုသူက အိမ်ခြေ ၆၀-ဖြင့် “ရူပရွာ”ကို တည်ထောင်ခဲ့သည်။ 
        စစ်တွေနေရာကို ခမီးမျိုးနွယ်စုတိုက “အာကျာပါရာ”ဟုခေါ်ဆိုကြပြီး။အင်္ဂလိပ်တို့ရောက်လာသော  အကျာဘ “AKYAB” ဟုခေါ်ခဲ့ကြသည်။ 
         ဗြိတိသျှတို့ မြို့တော်မြောက်ဦးမှ စစ်တွေနေရာသို့ ပြောင်းရွှေ့လာကြပြီး ကြက်ကိုင်းတန်းအရပ်၌ “စစ်တဲ”များထိုးကာတပ်စွဲ၍ စခန်းများချထားသည်။ 
         ခရစ်နှစ် (၁၈၂၆) ကောဇာသက္ကရာဇ် ၁၁၈၇-ခုနှစ်၊တပိုးတွဲလဆန်း ၅-ရက်နေ့ နေထွက်အချိန်တွင် မြို့ကိုစတင်တည်သည်။ မြို့ဝန်နှင့် ဒေးသျှိတ်တို့က မြို့တည်ရန်နေရာကို စတင်ရွေးချယ်စဉ်က အင်္ဂလိပ်တို့ “စစ်တဲ”များချထားသည်ကို အကြောင်းပြုပြီး “စစ်တဲ”မြို့ဟုခေါ်ခဲ့သည် ဆို၏။ထိုတည်ထောင်ခဲ့ရာမှာ နောင်ကာလရွေ့လျှောလာခဲ့ပြီး စစ်တဲ မှ> စစ်တေး > စစ်တေးမှ> စစ်တွေ ဖြစ်လာခဲ့သည်ဆို၏။ ရွှေစေတီဆရာတော်၏ မဟာမုနိလင်္ကာတွင်-
         “ ဂုဏ်အင်မချို့၊ မြောက်ဦးမြို့ကို၊ သူတို့စွန့်ပယ်၊ မြစ်ပင်လယ်၏၊ ကမ်းခြေသာစွ၊ ကစ္ဆပဟု၊ တွင်ထနဒီ၊အ၀မှီလျှက်၊တဲမှီစခန်း၊ စစ်တဲကျွန်း၌၊ခန်းခန်းကြီးကျယ်၊မြို့ကြီးတည်၍၊ စစ်တွေခေါ်တွင်”
ဟုပါရှိသည်။
                                   xxxxxxxxxxxxxxxxxxxxxxxxxx
             စစ်တွေပွိင့် သူတို့ပြန်လာပြီး ပစ္စည်းများထည့်ကြသည်။ မနက်ပိုင်းက  သူတို့ရေချမ်းပြင်က ပြန်ရောက်ရောက်ခြင်းဈေးသို့သွားကြသည်။ 
            သူတို့သုံးပါးကို ဦးပုည ကလိုက်ပို့ပေးသည်။ ဆိုက္ကားနှစ်စီးငှားသည်။တစ်စီးကို နှစ်ရာကျပ်ပေးရသည်။သူနှင့်ဦပုညကတစ်စီး ဦးမဏ္ဍလ နှင့်ဦပညာဓဇ ကတစ်စီးဖြစ်သည်။ ဆိုက္ကားသမားကဆိုက္ကားနင်းနေသော်လည်း ဦးပုည နှင့် စကားပြောမပျက်၊ သူတို့ဖြတ်သန်းလာသော ရပ်ကွက်များထဲမှ ရပါကွက်တစ်ခု၏ အမည်ကို ဆိုင်းဘုတ်တစ်ခုပေါ်မှာအမှတ်ထင်ထင်မြင်လိုက်ရသည်။
 “ရူပမြောက်ရပ်ကွက်” ဖြစ်သည်။
           ရှေးယခင်က ခမီးမျိုးနွယ်စု များထဲတွင် “မတ်အေနွယ်စု”  မှ “ရူပ”ဆိုသူက အိမ်ခြေ ၆၀-ဖြင့် “ရူပရွာ”ကို တည်ထောင်ခဲ့သော “ရူပရွာ”သည်စစ်တွေမြို့ ဖြစ်လာတော့“ရူပမြောက်ရပ်ကွက်”ဟုဖြစ်လာလေ
သလား ဟုတွေးမိ၏။ရူပမြောက်ရပ်ကွက်ကိုမြင်ခဲ့ရသောကြောင့် ရူပတောင်ရပ်ကွက်များရှနေလေမလား။ ဆိုက္ကားသမားကိုမေးကြည့်တော့ ရူပတောင်ရပ်ကွက် ရှိသည်ဟုဆို၏။ 
           ဈေးသို့လာသောလမ်းတွင်  တွေ့မြင်ရသော နာရီစင်တစ်ခုမှာ ထူးခြားနေသည်။အခုခေတ် နာရီစင်မျိုးမဟုတ် ၊သံထည်များနှင့်တည်ဆောက်ထားသည်။ လျှပ်စစ်တာဝါတိုင် တစ်ခုနှင့်ပင်တူနေသေးတော့၏။
တိုင်၏အထိပ်ကို အချွန်အတက်ပြုလုပ်ထာပြီး နာရီဂဏန်းများမှာ ရောမဂဏန်များကိုအသုံးပြုထားသည်။ ဦးပုည ကိုမေးကြည့်တော့ အင်္ဂလိပ်လက်ထက်ကနာရီစင်ဟုဆိုသည်။ စစ်တွေမြို့ထဲက အင်္ဂလိပ်တို့၏ အငွေ့အသက်တစ်ခုပင်။ 
         စစ်တွေဈေးတွင်ဓာတ်ဘူးတစ်လုံးနှင့်မတ်ခွက်တစ်လုံးဝယ်သည်။မနက်ဖြန်ဘူးသီးတောင်သို့ယူသွားရန်
ဖြစ်သည်။ ဈေးကအပြန် စာအုပ်ဆိုင်တစ်ဆိုင်တွေ့သောကြောင့် ၀င်လိုက်မိသည်။“ဂန္ထ၀င်စာအုပ်ဆိုင်” ဟု
ဆိုင်းဘုတ်တွင်တွေ့ရသည်။ စာအုပ်များက ဘာသာရပ်အလိုက်စီစဉ်ပေးထားသည်။ စာအုပ်ဆိုင်ထဲက စာအုပ်များက သူ့အတွက်နှစ်သက်စရာတွေချည်းပင်။
        “ ဦးဓမ္မိက ဆွမ်းစားဖို့ရှိသေးတယ်နော်” 
        ဦးမဏ္ဍလ ကသူ့ကိုသတိပေးသည်။ စာအုပ်ဆိုင်ထဲတွင် အချိန်တော်တော်ကြာ ကြည့်နေမိသော်လည်း တက္ကသိုလ်ဘုန်းနိုင်၏ ဘုန်းနိုင်အတွေး ဘုန်းနိုင်အမြင် စာအုပ်တစ်အုပ်သာဝယ်ယူဖြစ်သည်။ ဦးမဏ္ဍလ ကတော့ပုံပြင်စာအုပ်လေးတွေဝယ်လာသည်။ သာသနာပြုဌာနရောက်ပါက ကလေးတွေအတွက်ဟုဆိုသည်။
                                              xxxxxxxxxxxxxxxxxxxxxxxxxxxx
       အခုတော့  ပစ္စည်းများထုပ်ပိုးနေရပြီ။ မနက်ဖြန်သည် သူနှင့်ဦးပညာဓဇတို့ ဘူးသီးတောင်သို့ခရီးဆက်ရတော့မည်။
                                               xxxxxxxxxxxxxxxxxxxxxxxxxx
                                                  ဘူးသီးတောင်သို့ ခရီး
        စစ်တွေဆောင်းသည် ဆောင်းပီသနေ၏။သင်္ဘောဆိပ်ကိုရောက်တော့ နံနက် ၆-နာရီရှိပြီ။ ဦးပုည နှင့် ကျောင်းသားသန်းထွန်းလိုက်ပို့သည်။ စစ်တွေသင်္ဘောဆိပ်ကလည်းစည်ကားနေသည်။ သင်္ဘော ဆိပ်အတွင်း
သွားလာလှုပ်ရှားနေကြသည်မှာပုရွက်ဆိတ်အုံပမာ။ဆူညံနေကြသည်မှာကလည်းလကပံပင်ဇရက်ကျသည်ဟု
ဆိုသလိုမျိုးပင်။ သူတို့လိုက်ပါမည့်သင်္ဘောအခန်းအတွက် မနေ့ညနေကတည်းက သင်္ဘောမန်နေဂျာဆီစာ
ရင်းသွားပေးထားသည်။ သင်္ဘောအခန်းရလျှင်သင်္ဘောလက်မှတ်သီးသန့်ဝယ်စရာမလို၊သင်္ဘောလက်မှတ်က တစ်ဦးကျပ်ငါးရာပေးရမည်။ သင်္ဘောအခန်းအတွက်က ခုဋင်တစ်လုံးကို တစ်ထောင့်ခြောက်ရာပေးရမည်။
အခန်းတွင်ခုဋင်နှစ်လုံးပါသည်ဟုဆိုသည်။
       ကုလားနှစ်ယောက်ရောက်လာသည်။ ပစ္စည်းများသယ်ပေးမည် နှစ်ထောင်ပေးပါဟုလာပြောသည်။
       “ မလိုဘူးကွ ဒီမှာပါတယ်”
       ဦးပုညက သန်းထွန်းကိုညွှန်ပြကာပြောလိုက်သည်။
       နောက်ကုလားနှစ်ယောက်ရောက်လာပြန်သည်။
       “ ဆရာတို့ပေး မဲ့ဈေးပြောပါ ”
       ရှေ့ကထွက်သွားသော ကုလာနှစ်ယောက်ဈေးမတည့်သောကြောင့် ထွက်သွားသည်ဟုထင်၍လားမသိ။
       သူတို့ကို ကုလားတွေက “ဆရာ”ဟုခေါ်သည်။ 
       “ မလိုဘူး ”
       ဦးပုည ကခတ်ဆတ်ဆတ်ပြောလိုက်သည်။ကုလားနှစ်ယောက်ထွက်သွားပြန်သည်။သင်္ဘောဆိပ်အတွင်း
ပစ္စည်းသယ်ကူလီထမ်းနေကြသူမျာမှာ ကုလားများသာဖြစ်နေသည်။ သင်္ဘောပေါ်သို့ကုန်တင်နေကြသူများ
မှာလည်းကုလားချည်းပင်။ တစ်နေ့တစ်နေ့ ကုလားတွေရသောဝင်ငွေသည်နည်းမည်မဟုတ်။ ထိုဝင်ငွေကို
တိုင်းရင်းသားတို့လက်ထဲက ပေးနေရသည်။ “အလုပ်ဟူသမျှဂုဏ်ရှိစွ ”ဟုဆိုသောကြောင့်နောင်ဆိုပါကထိုသူ
တို့ ငွေကြေးတို့ဖြင့်ဂုဏ်ရှိလာနိုင်သည်။
       သင်္ဘောဆိပ်သို့ဆင်းရာလမ်းတွင်စင်္ကြန်ငယ်တစ်ခုရှသည်။စင်္ကြန်ထိပ်တွင်တခါးရှိသည်။တံခါးဝတွင်
အစောင့်တစ်ယောက်ရပ်နေသည်။ စင်္ကြန်အလည်လောက်တွင် ဘေးကပ်လျှက်စားပွဲခုံတစ်လုံးနှင့်အတူ ၀န်
ထမ်းသုံးဦးထိုင်နေသည်။
       “ တကာကြီးဟိုးကပစ္စည်းတွေကိုအထဲထည့်ထားလို့ရ မလားဦးဇင်းတို့သင်္ဘောပေါ်တင်ရင်လွယ်အောင်
လို့ပါ ” 
        တခါးဝတွင်ရပ်နေသော အစောင့်ကိုသူသွားပြောသည်။အစောင်ကထားခွင့်ပြုသည်။ပစ္စည်းများကို သန်းထွန်းကစင်္ကြန်အတွင်းသို့သယ်သည်။
       “ ဦးဇင်းတို့ ဟိုဘက်ခန်းမှာ သွားထိုင်နေလို့ရတယ်။ပစ္စည်းတွေတပည့်တော်ကြည့်ထားပေးမယ် ”
       တခါးစောင့်ကသူတို့ကိုပြောသည်။
       စင်္ကြန်၏ အနောက်ဘက်တွင် အခန်းတစ်ခန်းရှိသည်။ ၁၅ -ပေခန့်ရှိမည်ဟုထင်သည်။ အန်း၏အလည်ပေါက်တွင်လက်မှတ်ရောင်းနေသည်။အခန်း၏အနောက်ဘက်တွင်လည်းလဖက်ရည်တစ်ဆိုင်
ရှိသည်။လဘက်ရည်ဆိုင်အနီးတွင်ထမင်းကြော်ဆိုင်းလေးတစ်ဆိုင်၊စားပွဲခုံလေးပေါ်တင်ကာရောင်းချနေ
သည်။သူတို့အခန်းထဲဝင်ခဲ့ကြသည်။ သ့ဆန်ကာ ကာထားသောပြုတင်းပေါ်က်အနီးတွင် စားပွဲခုံတစ်လုံးနှင့် ကုလားထိုင်နှစ်လုံးရှိနေသည်။ သူနှင့် ဦးပညာဓဇ ကုလားထိုင်ပေါ်တွင်ထိုင်လိုက်ကြသည်။
       လက်မှတ်ရောင်းသူ၏ ကျောကုန်းကိုတစောင်းအနေထားဖြင့်တွေ့မြင်နေရသည်။ ခြောက်လက်မ ပတ်လည်လောက်ရှိမည့် အပေါက်ကလေးက လက်ကလေးတွေလျှိုကာ လျှိုကာ လက်မှတ်ဝယ်နေကြသည်။
သူတို့ကို အခန်းရောင်းမည့် သူက ၇-နာရီထိုးမှရောက်မည်ဟုဆိုသည်။ 
       သူကိုခေမာမဏ္ဍိုင်ဆရာတော်ကသာသနာရေးမှူးထံစာပေးလိုက်သည်။ထိုစာကိုလွယ်အိတ်ထဲကနေ
လက်ဆွဲအိတ်ထဲထည့်လိုက်သည်။သူနှင့်ပတ်သက်သောစာဟုထင်သည်။ညက“မနက်ဖြန်ဘူးသီးတောင်သို့
သွားတော့မယ်ဘုရား”ဟုခေမာမဏ္ဍိုင်ဆရာတော်ကိုသူလျှောက်တော့ဆရာတော်က“သာသနာရေးမှူးထံစာ
ရေးပေးလိုက်မယ် ”ဟုပြောသည်။ မနက်စောစော သွားခါနီး သူတို့ဆရာတော်ကိုသွားကန်တော့သည်။စာကို
ပေးလိုက်သည်။ဘူးသီးတောင်တွင်အဆင်မပြေပါကလည်းဗဟိုသာသနာပြုဌာနတွင်လာရောက်တာဝန်
ထမ်းဆောင်ရန်မှာလိုက်သေးသည်။ 
        သံဆန်ကာကနေလေပွေတချက်တိုးဝှေ့လာသည်။ရွံ့နံ့ကဲ့သို့ညှီစို့စို့အနံ့ပါပါလာသည်။သူတို့စီးမည့်
သင်္ဘောက“ ဓည၀တီ(၂)ဖြစ်သည်။ဓည၀တီနှင့်အတူသင်္ဘောတစ်စီးယှဉ်လျှက်ကပ်ရပ်ထားသည်။ဆတ်ရိုးကျ
ချောင်းအတွင်း စက်လှေသံမော်တော်သံတို့ကလည်းဆူညံနေသည်။ 
       သူတို့လက်မှတ်ယူပြီးသင်္ဘောပေါ်တက်သည်။ သူတို့လိုက်ပါမည် ဓည၀တီသည် ကုန်တွေရော လူတွေ
ပါပြည့်ကျပ်သိပ်နေသည်။ငါးပါကင်ဗူးကြီးတွေကလည်းအပြည့်သိပ်၊လူသွားလမ်းကြောင်းလေးတစ်ခုသာရှိ
သည်။ ထိုလမ်းလေးထဲတိုးဝှေ့၍သွားရသည်။ 
       သူနှင့်ဦးပညာဓဇကို ဦးပုည နှင့်သန်းထွန်းက သင်္ဘောပေါ်ရောက်သည်အထိလိုက်ပို့ပေးသည်။သူတို့
အခန်း၂-တွင်နေရာရသည်။သင်္ဘောန်းကသပ်သပ်ရပ်ရပ်တော့ရှိသည်။အပြာနုရောင်အခင်းနှင့်အပြာနုရောင်
ခေါင်းအုံးတို့ကိုသပ်ရပ်စွာခင်းထားပေးသည်။ခေါင်းရင်တွင်အရေးပေးအသုံးပြုရန်လိမ္မော်ရောင်ပြန်အ၀တ်စုံ
နှစ်ခု၊ခြေရင်းတွင်ရှိသောဆိုပါထိုင်ခုံကပေါက်ပြဲနေသည်။တဖက်ကုဋင်ခြေရင်းတွင်တော့လက်ဆေးကြွေခွက်
တစ်ခု၊ကြွေခွက်အောက်တွင်တော့ရေပိုက်ကပြုတ်ထွက်နေသည်။လက်ဆေးကြွေခွက်အထက်နားတွင်မှန်
တစ်ချပ်ကတော့ပြောင်လက်နေသည်။ကုဋင်နှစ်လုံးအကြားတွင်စားပွဲခုံတစ်ခုပါသည်။စားပွဲခုံအောက်တွင်
တံခါးနှစ်ရွက်ပါဗီဒိုသေးလေးတစ်ခုကလည်းပါသေးသည်။သူတွင်ပါလာသောရေသန့်ဗူးနှင့်မုန့်ထုပ်ကိုဗီဒိုလေး
ထဲထည့်လိုက်သည်။
               သင်္ဘောဥသြသံကြားရပြီ။ဝစီမှုတ်သံကိုလည်းထပ်ကြားရသည်။ နာရီကြည့်တော့ နံနက်၈-နာရီရှိပြီ။
ဓည၀တီ ၂ ၊ သဘောင်္ စစ်တွေဆိပ်ကပ်းကစတင်ထွက်ခွါပြီ။ ဆတ်ရိုးကျချောင်းတစ်ဖက်တွင်ဆန်စက်နှင့်အ
အေးခန်းစက်ရုံများကိုလှမ်းမြင်ရသည်။ သင်္ဘောသည်ဆတ်ရိုးကျချောင်းအရှေ့ဘက်သို့ဦးတည်ကာခုတ်
မောင်းလာသည်။ငှက်သမ္ပန်များကသင်္ဘောနံဘေးတွင်ရှိသောကားတာယာခွင်းများကို ခိုစီးလိုက်လာကြ
သည်၊၊စစ်တွေမြို့ဆိပ်ကမ်းသည် တရွေ့ရွေ့ကျန်ရစ်ခဲ့သည်၊၊ချောင်းရိုးလျောက် တုန်းတင်ထားသောလှေများ ကိုလည်းတွေ့ရသည်၊၊ စက်လှေလေးများကလည်း ဥဒဟိုမောင်းနှင်သွားလာနေကြသည်၊၊ 
           စစ်တွေဆိပ်ကမ်းမှထွက်ခွာလာခဲ့သည်မှာဆယ်မီနှစ်ခန့်ကြာမည်ဟုထင်သည်၊၊စစ်တွေမြစ်ဝသို့
ရောက်လာသည်၊၊ မြစ်ဝသည်ကုလားတန်ခေါ်ကစ္ဆပနဒီမြစ်၊ မေယုခေါ်မယူမြစ် ၊အဉ္ဇနနဒီခေါ်လေးမြို့မြစ် ၊မြစ်ကြီး၃ခုပေါင်းဆုံရာနေရာဖြစ်သည်၊၊မြစ်ပြင်သည်လှိုင်းလေငြိမ်သက်နေသည်။စင်ယော်ငှက်ကလေးများ
က“ဂစ်ဂစ်”အော်ကာသင်္ဘောနောက်သို့လိုက်လာကြသည်။ မြစ်ပြင်ကျယ်ရောက်လာလေလေ စင်ယော်
ငှက်လေးတွေက တအုပ်တမကြီးဖြစ်လာလေလေ ။ သူသင်္ဘောအပေါ်ဆုံးထပ်သို့ တက်လိုက်သည်။ လွတ်လွတ်လပ်လပ်ပျံသန်းလိုက်ပါလာနေကြသောစင်ယော်ငှက်လေးများကို မြင်ရသည်မှာကြည်နူးစရာ။ စင်ယောက်ငှက်လေးများသည် အစာကြွေးနေသော လူတချို့၏နောက်သို့လိုက်ပါရင်းသင်္ဘော၏နောက်ဘက်
တွင် တ၀ဲလည်လည်ရှိနေကြသည်။ လေထဲတွင်ဝဲပျံနေသော  အစာများကို စင်ယော်ငှက်လေးများသည် အမိအရဖမ်းယူသည်။ တစ်ကောင်ကလွတ်သွားသောအစာကို တစ်ကောင်ကရအောင်ဖမ်းယူသည်။ ရေပြင်ပေါ်သို့ရောက်သွားသောအစာဆိုသည်မှာမရှိသလောက်ပင် ။
           ပင်လယ်ပျော် စင်ယော်ဝတ္ထုကို သူသတိရမိသည်။ ရင့်ချက်ဘာဒ်(Richerd Bach) ရေးသော Jannatha Living Ston Seagull ကို ဆရာထင်လင်းက ပင်လယ်ပျော်စင်ယော်ဟုဘာသာပြန်သည်။ ဆရာကြီး ဓမ္မိက
ဦးဘသန်းကလဲ ယောနသံစင်ယော်ဟူသော အမည်ဖြင့် ဘာသာပြန်ဆိုသည်။ ဆရာမကြီးဒေါ်ခင်မျိုးချစ်
ကလည်း အမေရိကန်ပြန်ကြားရေထုတ် လင်ရောင်ခြည်စာစောင်တွင် ဘာသာပြန်ဖူးသည်ဟု ဆိုသည်။ လူကြိုက်များသော စာအုပ်တစ်အုပ်။ 
          အချိန်ကားနံနက်ခင်း -
         ထွက်သစ်စနေ၀န်းသည် ငြိမ်သက်သောပင်လယ်ပြင်က လှိုင်အိလေးများစီသို့ ရွှေရောင်တလျပ်လျပ် ပက်ဖြန်ပေးလိုက်၏       ကမ်းခြေမှတမိုင်ကွာတွင်တံငါသင်္ဘောတစ်စင်းသည်ရေထဲတွင်ငါးစာများချနေ
သည်။
          နံနက်စာရှာရန်ထွက်မည့် ငှက်အုပ်ကြီးထံသို့ လေထဲမှဖြတ်၍ အချက်ပေးသည်အလားထောင်ချီသော ပင်လယ်စင်ယော်ငှက်အုပ်ကြီးသည်တစ်ကောင်တစ်ကောင်တိမ်းကာရှောင်ကာထိုးဆိတ်ကာဖြင့် စားစရာ
အပဲ့အစများကိုလုယက်လျက်ရှိလေသည်။ဤသို့အသက်ရှင်မှုအတွက်ကိစ္စများရသည့်နေ့တစ်နေ့ရောက်
လာပြန်ပြီတည်း။ 
         ခုအချိန်ကားနံနက် ၈နာရီ၁၅ မီနှစ်ရောက်နေပြီ။ နေ၀န်းကမြူမှုန်တွေအကြား ရွှေရောင်တော့မဟုက် ငွေရောင်အသွင်ပြောင်နေပြီ မြစ်ပြင်တွင်တော့ ငါးဖမ်လှေများ ပိုက်တန်းများကိုအစီအရီတွေမြင်နေရသည်။ ပြီးတော့ အစာလိုက်လုနေသောစင်ယော်တစ်အုပ်၊ဤနေ့သည် သူတို့အတွက် သာသနာပြုခရီးအတွက် ဘူးသီးတောင်သို့သွားနေသော နေ့တစ်နေဖြစ်နေသည်တကား။    
       သင်္ဘောသည် ကုလားတန်မြစ်ဝမှ ဘယ်ဘက်သို့ဦးတည်ခုတ်မောင်သည်။ မင်းကန်ချောင်းအတွင်း
သို့ဝင်နေသည်။ ချောင်း၏၀ဲယာတစ်ခွင် ရေ၀ပ်နေသော လယ်ကွင်းများ တဲကလေးများကိုတွေ့သည်။ နာရီ
ဝက်သာသာမင်ကန်ချောင်းမှစပါးထားချောင်သို့ဝင်သည်။စပါးထားချောင်သည်သင်္ဘောတစ်စီသွားနိုင်ရုံသာ
သာရှိသည်။ 
        ဒီရေကျနေချိန်မို့လားမသိ ၊မိုးတွင်းဆိုပါက ချောင်းရိုးပျောက်နေကာ ရေမှတ်တိုင်ကလေးများကိုကြည့်၍ သွားရသည်ဟုဆို၏။ 
         ဒီရေတောများက ချောင်းတလျောက်တွေ့မြင်နေရသည်။အပင်ကြီးကြီးမားမားမတွေ့ရ။အပင်ကြီးတွေကို
ထင်းအဖြစ်အသုံးပြုကြသောကြောင့် မတွေ့ရခြင်းဖြစ်မည်။ 
        ချောင်းသည် အကွေ့အကောက်များပါ ဘိ။ နဒီဝင်္ကံ ဟူသောစကားနှင့်ညီပါပေသည်။ 
        ရှေ့တွင်တံတားတစ်စင်း ၊ မင်းချောင်းတံတားဟုဆိုသည် ။ တံတားကိုမြင်နေရသော်လည်း တံတားဆီသို့ တော်တော်နှင့်မရောက် မြစ်ကကောက်ကွေ့နေသောကြောင့် တံတားသည် သင်္ဘော၏ရှေ့သို့ရောက်လိုက်
နောက်သို့ရောက်လိုက်ဖြစ်နေသည်။ ၉ နာရီကျော်လောက်မှ ဓည၀တီ၂ သဘေင်္ဘာသည် တံတားအောက်
မှဖြတ်သည်။ ဤတံတားမှ ပုဏ္ဏားကျွန်း ကျောက်တော်ဘက်သို့သွားသည်ဟုဆိုသည်။ တံတားအလွန်မြစ်ပြင်
ကျယ်ကိုရောက်ပြန်သည်။ 
                                                                             အရှင်ဓမ္မိက(လောင်းလုံ)
          ဆက်လက်ဖေါ်ပြပါမည်။
                   တရွေ့ရွေ့ဝေးကျန်ခဲ့သော ဆတ်ရိုးကျချောင်းထဲကစစ်တွေဆိပ်ကမ်း
                                            ဆတ်ရိုးကျချောင်းထဲက သမ္ပန်လှေလေးတွေ
                                  သင်္ဘောကိုချိတ်တွယ်လိုက်နေသော သမ္ပန်လှေငယ်လေးများ
                                       သင်္ဘောနောက်လိုက်နေသောစင်ယော်ငှက်ကလေးများ
                                                                လယ်စောင့်တဲကလေး
                                                              မင်းချောင်းတံတား
Friday, May 13, 2011
သြရမတောင်တန်းပေါ်က စီးဆင်းခဲ့သောနေ့ရက်များ (၄)
                                                                 စစ်တွေ ပွိုင့်
      ပင်လယ်ပြင်မြင်ကွင်းကို သူနှစ်သက်သည်။တောင်တန်းတွေကိုလည်း သူနှစ်သက်သည်။ ပင်လယ်ပြင်နှင့်
တောင်တန်းတွေရှိရာ တနင်္သာရီ ကမ်းရိုးတန်းဒေသ၌ မွေးဖွားခြင်းကိုက သူ့ကို ထိုသို့ နှစ်သက်တတ်အောင်
သင်ပေးလိုက်ခြင်း ဖြစ်နေသလား ဟုလည်းတွေးမိ၏။ 
      စစ်တွေရောက်ပြီးနောက်တစ်နေ့ ရေချမ်းပြင်ရွာသို့ သွားသည်။ပဲခူးက သူ့ရဲ့တကာတစ်ယောက်က မိတ်ဆက်ပေးလိုက်သောကြောင့် သွာရခြင်းဖြစ်သည်။ ရေချမ်းပြင်ရွာကို စစ်တွေကနေ၇-မိုင်ခန့်သွားရသည်။
နည်းပညာတက္ကသိုလ်(စစ်တွေ)နှင့် ကပ်လျှက်။ဦးစောလှအောင်+ဒေါ်လှကျော့သိန်း အိမ်သွားခြင်းဖြစ်၏။ ရွာရောက်တော့ သူတို့သုံးပါးကို ဘုန်းကြီးကျောင်းတွင် တည်းခိုစေသည်။ရေချမ်းပြင်ရွာတွင် တစ်ရက်နှင့်တစ်မနက် ကြာခဲ့သည်။
       ရေချမ်းပြင်က ပြန်ရောက်သည့်   ညနေ ဦးပုညကသူတို့ကို စစ်တွေပွိုင့်သို့လိုက်ပို့သည်။
      ပင်လယ်ကမ်းခြေ၏အလှသည် သူ့အားညှို ယူနေရော့သလား။ 
      လှိုင်းကလေးတို့သည် ခုန်ဆွခုန်ဆွပြုကာ ကမ်းခြေသို့ပြေးဝင်လာသည်။ကမ်းခြေ၏ကျောက်ဆောင်တို့ကို
ဝင်တိုက်မိသောအခါ “ဖြန်း”ဟုမည်ကာကျောက်ဆောင်အထက်သို့ရေများ ဖြာတက်သွားသည်။ ပြီးတော့“ ရှဲ” ဟုမည်ကာ ပြန်ဆုတ်သွားပြန်သည်။ရေအမြုတ်ပလုံစီလေးတွေကကျောက်တုံးကျောက်ဆောင်တွင်ရေအချို့ 
နှင့်အတူကျန်ရစ်ခဲ့ကြသည်။ ကျောက်တုံးတွေအကြား ဂဏန်းကောင်သေးသေးလေးတွေက ကုန်းကွ ကုန်းကွ၊
ကျောက်လွှာများမှာ နှစ်ရှည်လများ ရေတိုက်စားခြင်းကိုခံထားရသောကြောင့် အမြောင်းလိုက်အမြောင်းလိုက်
ဖြစ်နေသည်။ ရေတိုက်စားရာမှဖြစ်ပေါ်လာခဲ့သော ကျောက်လွာများသည် လှပသောပန်းချီကားတစ်ချပ်နှယ်။
      နူးညံ့ ပျော့ပြောင်းသည်ဆိုသောရေသည် မာကျောသောကျောက်တုံးကျောက်ဆောင်များကိုအထပ်ထပ် 
အလွှာအလွှာဖြစ်အောင်တိုက်စားထားသောမြင်ကွင်းက သူကိုအတွေးပွားစေသည်။တက်လာလိုက်ဆင်းသွား
လိုက်လုပ်နေသောလှိုင်းကလေးတွေကို တွေ့မြင်ရပြန်တော့စာဆိုဆရာကြီးဇော်ဂျီ၏“လှိုင်းကလေးသင်”က
ဗျာကိုသတိရမိသည်။
              ပင်လယ်ပြင်ထဲဆီတရွေ့ရွေ့ဆင်းသက်နေသောနေလုံးနီနီ။ငွေရောင်အသွင်မှရုတ်တရက်ရွှေရောင်
အသွင်ပြောင်းလာသော ပင်လယ်ရေပြင်၊ဘ၀၀မ်းစာရေးအတွက် ပင်လယ်ကိုအားထားနေရသော ငါးဖမ်း
လှေကလေးများ၊လှိုင်းကလေးတွေအကြား ရိုင်ထိုး ရိုင်ထိုးသွားနေသော ရွက်လှေလေးများသည် စစ်တွေ ပွိုင့်၏ ၀ိဉာဉ်များသဖွယ်။
            မောင်းမကန်ကမ်းခြေကိုသူရောက်ဖူးသည်။ထိုင်းနိုင်ငံ၊ဖန်ငါးခရိုင်၊ဘန်စပ်ကမ်းခြေကိုလည်းရောက်
ဖူးသည်။ထိုကမ်းခြေတို့သည်လည်းသူ့အလှနှင့်သူရှိနေကြသည်။ အခုစစ်တွေပွိုင့်ကလည်းသူ့အလှနှင့်သူပင်။
သဘ၀တရားတို့သည် အလှကိုယ်စီပိုင်ဆိုင်ထားကြ၏။လေယာဉ်ပေါ်ကမြင်ခဲ့ရသော “ပွိုင့်” ဟူသောအငူအ
စွန်းသည်အခုတော့သူတို့ရောက်ရှိနေရပြီ။
          ရေပြင်ကျယ်၏တောင်ဘက်ယွန်းယွန်း ကျွန်းတစ်ခုပေါ်တွင် မီးပြတိုက်ကိုလည်းမြင်ရသည်။
မီးပြတိုက်သည်မြူတွေအကြားမှုန်ပျပျ။ ပွိုင့် တွင်ရှိသည်မျှော်စင်တစ်ခုပေါ်သို့လည်း သူတို့တက်ကြသည်။ မျှော်စင်၏လှေခါးသည်ခရုပတ်သဖွယ်ပြုလုပ်ထားသည်။မျှော်စင်ပေါ်ကမြင်ရသောမြင်ကွင်းကလည်းတမျိုး
လှနေ၏။ စားသောက်ဆိုင်ဘေးနားကထီးကလေးများမှာ မှိုပွင့်လေးများသဖွယ်၊အရှေ့ဘက်ကမ်းခြေတွင်
လူငယ်တစ်စုက ဘောလုံးကန်နေကြသည်။ပွိုင့် အထိပ်တွင်၏အမြှောက်လက်နက်ဟောင်းတစ်ခုကလည်း 
ပင်လည်ပြင်ကိုချိန်ရွယ်ထားသည်။စစ်တွေပွိုင့်ကိုမြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်သောရုပ်ရှင်ဇာတ်ကား
တစ်ကားတွင်မြင်ဖူးသည်။ ရုပ်ရှင်မင်းသားဝင်းဦး ရေတပ်ဝတ်စုံဖြင့် သည်ပွိုင့်နေရာတွင်သီချင်းဆိုသော ဇာတ်ဝင်ခန်းတစ်ခုကို မှတိမိနေသည်။
         “ ဒီ ပွိုင့်နဲ့ မီးပြတိုက် အကြားကို အင်းပေါက်ဝခေါ်ပါတယ် ”
         သူတို့အားဦးပုည ကရှင်းပြသည်။
         နတ်မြစ်၊မေယုမြစ်၊ကုလားတန်မြစ်ခေါ် ကစ္ဆပနဒီမြစ်၊လေးမြို့မြစ် မြစ်ကြီးလေးသွယ်၏ မြစ်ဝများသည် စစ်တွေ၌ပေါင်းဆုံကြပြီးကစ္ဆပနဒီမြစ်ဝသည်ရေအိုင်ကြီးသဖွယ်ဖြစ်လာသည်။စစ်တွေပွိုင့်နှင့်မီးပြတိုက်အကြား 
ကစ္ဆပနဒီ အင်းမှာ ဘင်္ဂလားပင်လယ်သို့ ထွက်ပေါက်ဖြစ်နေသောကြောင့် “အင်းပေါက်ဝ” ဟုခေါ်ကြောင်း ဦးပုညရှင်းပြသောကြောင့်သိရသည်။
        မျှော်စင်ပေါ်ကဆင်းပြီး အနောက်ဘက်သို့လှည့်ထားသော ထိုင်ခုံလေးပေါ်တွင်ထိုင်လိုက်မိကြသည်။ပင်လယ်ပြင်ကိုဖြတ်သန်းလာသော လေကိုတ၀ရှူလိုက်မိသည်။ပင်လယ်ပြင်ထဲသို့တရွ့ရွေ့ဆင်းနေသော နေလုံးကိုကြည့်နေမိ၏။နေလုံးကြီးက ပင်လယ်ထဲသို့တရွ့ရွေ့၊ပင်လယ်ပြင်သည် တခဏအတွင်းနီရဲသွား၏။ပင်လယ်နှင့်ထိစပ်နေသော ကောင်းကင်ပြင်သည်လည်း ပုဇွန်ဆီရောင်သန်းလျှက်..။
                     ရှုလေတိုင်းသာပ
                     မှိုင်းမိသလိုလိုနဲ့
                     နေညိုရင် ဘယ်ဆီကိုလွမ်းတယ်လို့ 
                     မှန်းဆ၍  မသိပါပြီ။
                                                ဇော်ဂျီ 
                                                                                       အရှင်ဓမ္မိက(လောင်းလုံ)
                                              ဟိုး.အဝေးက မှုန်ပျပျမြင်နေရသောမီးပြတိုက်
                                                    စစ်တွေပွိုင့်၏ နေ၀င်ချိနှ်ရှုမျှော်ခင်း
                                    ပင်လယ်ပြင်သို့ချိန်ရွယ်ထားသောအမြှောက်လက်နက်ဟောင်း
                     ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်ခဲ့သောမာကျောသောကျောက်အလွှာတို့သည်
                                                           မျှော်စင်ကိုနောက်ခံထား၍
                                              နည်ပညာတက္ကသိုလ်(စစ်တွေ) နောက်ခံထား၍
                                                              ရေချမ်းပြင်ရွာအ၀င်                              
ဘဝအလင်းရောင် Copyright © 2011 -- Template created by O Pregador -- Powered by Blogger